ကမ္ဘာ နှစ်ခြမ်း

စစ်တပ်နဲ့ ပတ်သက်တာ မှန်သမျှ မမြင်နိုင်၊ မကြည့်နိုင်ဘဲ တချိန်လုံး အပူမိနေကြတာ၊ မကြေနိုင် မချမ်းနိုင် ဖြစ်ကြတာ၊ လူအများစု အလွန်အကျွံ ဒေါသတွေထွက် မခံမရပ်နိုင်ဖြစ်တာကို ကြည့်ရင် တခါတလေ ပင်ပန်းလွန်းလှချည့်လို့ ထင်စရာရှိပါတယ်။
 
ဒါပေမယ့် တစ်ဖက်အသိုင်းအဝိုင်းဟာ အံ့သြစရာကောင်းလောက်အောင်ကို အာဏာသိမ်းမှုနဲ့ လားလားမှ မဆိုင်ဘဲ ပျော်ရွှင်နေကြတာကို တွေ့ရပြန်တော့ နေ့စဉ်ထွက်နေတဲ့ ဒေါသတွေ၊ မခံမရပ်နိုင် ဖြစ်မှုတွေဟာ အရင်ထက် ပို ရုန်းကြွလာတာက အဆန်းတော့ မဟုတ်ပါ။ နိုင်ငံထဲမှာ ကမ္ဘာက တကယ်ကို နှစ်ခြမ်းကွဲနေတာပါ။
 
အကြောင်းရင်းက ဒီလိုပါ။
 
စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တိုက်ရိုက် ပတ်သက်သူတွေတောင် မဟုတ်ဘဲ ဆွေမျိုးနီးစပ်တော်သူတွေ၊ စစ်ကောင်စီနဲ့ ဆက်နွယ်နေသူတွေနဲ့ ဆက်စပ်ပြီး ကုမ္ပဏီထောင်ထားကြသူတွေ၊ ဆိုင်ဖွင့်ထားကြသူတွေရဲ့ Facebook အကောင့်တွေကို ရနိုင်သမျှ သတ်သတ်မှတ်မှတ် စာရင်းလုပ်ထားတာ ရှိပါတယ်။
 
ဥပမာ ကုမ္ပဏီတစ်ခုက စစ်ကောင်စီနဲ့ တနည်းတဖုံ နွယ်နေတယ်ဆိုပါစို့။ ဒီကုမ္ပဏီကို ပိုင်ဆိုင်သူ၊ ကုမ္ပဏီမှာ အလုပ်လုပ်သူ၊ အဲ့ဒီအလုပ်လုပ်နေသူတွေရဲ့ ဇနီး၊ ညီ၊ အစ်ကိုတစ်ဝမ်းခွဲ စသည်ဖြင့် ဆက်စပ်ပြီး အများကြီး တွေ့ပါတယ်။ ဒီလိုတွေ့တိုင်းမှာ သူတို့အကောင့်တွေကို ယူပြီး ကျနော်က မှတ်တမ်းယူထားလေ့ရှိပါတယ်။
 
ဒီအကောင့်တွေမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကတည်းက ဘာတွေ တင်ထားသလဲ၊ ဘာတွေလုပ်နေလဲဆိုတာ အချိန်ယူပြီး ကြည့်ဖြစ်တယ်။ အဲ့ဒီလိုလူ၊ အသိုင်းအဝိုင်း အများစုရဲ့ ဆိုရှယ်မီဒီယာတွေဟာ အာဏာသိမ်းခံထားရတဲ့ နိုင်ငံမှာနေနေတယ်လို့ လုံးဝ ထင်စရာ မရှိပါဘူး။
 
ဆန္ဒပြမှုတွေ အုံးအုံးကြွက်ကြွက်ဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ပို့စ်တွေ မတင်သလောက်နည်းခဲ့တယ်။ အဲ့ဒီနောက် ပစ်ခတ်သတ်ဖြတ်မှုတွေ ပြင်းထန်ခဲ့တဲ့ မတ်၊ ဧပြီ၊ မေလောက်မှာ မိသားစုနဲ့ဆိုင်တာတွေ၊ မွေးနေ့ပွဲတွေ၊ မိန်းမကို ဘယ်လောက်ချစ်ကြောင်း၊ ယောက်ျားကို ဘယ်လောက်ချစ်ကြောင်းတွေ၊ သားလေးမွေးနေ့ ပျော်ရွှင်ရကြောင်း စတဲ့အကြောင်းတွေ တင်ခဲ့ကြတယ်။ ဒါတွေက အစွန်းလွတ်တာကိုး။
 
အဲ့ဒီနောက် ပီဒီအက်ဖ်တိုက်ခိုက်မှုတွေ စပြီးပြင်းထန်တဲ့ ဇွန်၊ ဇူလိုင်လောက်မှာတော့ သူတို့အားလုံးတိုင်းလိုလိုရဲ့ အကောင့်တွေမှာ ပျော်ပွဲရွှင်ပွဲတွေ စပါတယ်။ ဘာလို့ဆို ဒီချိန်မှာ ဆိုင်တစ်ချို့ ပြန်ဖွင့်ကြပြီ၊ ကိတ်မုန့်ဆိုင်၊ ဘီယာဆိုင်၊ ဟော့ပေါ့ဆိုင်တွေအပါအဝင် ဘဏ်တွေ အများကြီး အသက်ပြန်ဝင်လာပြီ။
 
အပေါင်းအသင်းတွေနဲ့ ပျော်ပါးတာ၊ ဘီယာဆိုင်ထိုင်တာ၊ တပြုံတခေါင်းကြီး ဟော့ပေါ့စားကြတာ၊ ပဲခူး၊ ပေါင်းလောင်း၊ ကလော အပျော်ခရီးထွက်တာတွေ အများကြီး တင်လာကြတယ်။ ၁၀ မိနစ်လောက် သူတို့ အကောင့်တွေထဲ ဝင်မွှေလိုက်ပြီးရင် မြန်မာနိုင်ငံဟာ ပုံမှန်လည်ပတ်နေတယ်လို့ပဲ စိတ်ထဲ Illusion ဖြစ်သွားနိုင်စရာရှိတယ်။
 
ဒီလူတွေ (အုပ်စုတွေ) နဲ့ ဒီဘက်က စစ်တပ်ရဲ့ ဆိုးရွားတဲ့ ဖိနှိပ်မှုအောက်က သာမန်ပြည်သူလူထုနဲ့ သွားတူတဲ့နေရာတစ်ခုတော့ရှိတယ်။ ဒါက အချစ်အကြောင်းနဲ့ ဟာသတွေကိုတော့ ပွဲတစ်ခုခုဖြစ်ရင် အတူတူ ဝင်ပါစီးမြောကြတာပါပဲ။ မင်းသမီးငယ်တစ်ယောက် ကိစ္စ၊ မမဆောင်းဗွီဒီယို၊ ဒေါသတကြီးဆဲဆိုဈေးရောင်းတဲ့ အမျိုးသား၊ ပြီးခဲ့တဲ့ရက်ကဆို ငါအိပ်ချင်ပြီ၊ နင်မအိိပ်သေးဘူးလား စသဖြင့် ဒီလို အကြောင်းအရာမျိုးတွေမှာတော့ အတူတူပဲ ပါဝင်စီးမြောကြတယ်။
 
ရန်ကုန်မြို့လယ်ခေါင် နေသူတွေတောင်မှ ရေမရတာ၊ မီးမလာတာ၊ ကိုယ့်ပိုက်ဆံကိုယ်ထုတ်ဖို့ အခကြေးငွေပေးနေရတာတွေကို စစ်ကောင်စီနဲ့ နှစ်ဆင့်သုံးဆင့် ပတ်သက်ဆက်နွယ်နေသူတွေဟာ လုံးလုံးဝ မခံစားရသယောင် မျက်နှာလွှဲထားကြတယ်ဆိုတာပါပဲ။ သူတို့အကောင့်တွေထဲ ဝင်ကြည့်ပြီး ဒီလူတွေဟာ ဘယ်လို ခံစားစိတ်နဲ့ အသက်ဆက်ရှင်နေကြသလဲဆိုတာ တွေးတောကြည့်လို့တောင် မရပါဘူး။
 
ဒီရက်ပိုင်းမှာ ကြံ့ခိုင်ရေးပါတီက နာမည်ကြီးအမျိုးသမီးတစ်ယောက်ရဲ့ မိုးလေဝသ သတင်းတစ်ခုကို ဘုမသိ၊ ဘမသိ ရှဲနေကြသူတွေကို တွေ့တော့ စိတ်ထဲ အတော်ကို နေမသိထိုင်မသာ ဖြစ်မိတယ်။ ကြံ့ခိုင်ရေးပါတီမှာဆို လူတိုင်းသိကြတာ နန္ဒာလှမြင့်ပေါ့။ သူက နာမည်ကြီးကိုး။ အများစုဟာ ကြံ့ခိုင်ရေးပါတီက လူတိုင်းကို ဘယ်သိနိုင်မလဲလို့ပဲ ဖြေတွေးရပါတယ်။ ဒါပေမယ့် ဒါဟာ စစ်တပ်နဲ့ပတ်သက်ဆက်နွယ်သူတွေ၊ စစ်တပ်ရဲ့ ဝါဒမှိုင်းတိုက်မယ့် အစပျိုးမှုတွေထဲက တစ်ခုပါပဲ။
 
စစ်ကောင်စီ (သို့မဟုတ်) စစ်ကောင်စီကို ထောက်ခံသူအုပ်စုတွေဟာ အဖော်အချွတ်သတင်းတွေ၊ ဆယ်လီတွေရဲ့ ပေါက်ကရအတွင်းရေးတွေ၊ မချေမငံဖြစ်မှုတွေနဲ့ အတူ ယူကရိန်း စစ်ရေး၊ မိုးလေဝသ စတဲ့ နိုင်ငံရေးနဲ့ တိုက်ရိုက် မသက်ဆိုင်သယောင် သတင်းတွေကို တင်ပြီး လူထုကြားထဲ ပျံ့နှံ့စိမ့်ဝင်အောင် စနစ်တကျ လုပ်ပါလိမ့်မယ်။ ဒါကြောင့် ဟာသ၊ ပေါက်ကရ၊ တစ်ရာဖိုး သုံးပုဒ်နဲ့ နိုင်ငံတကာအရေး၊ မိုးလေဝသ စသဖြင့် ဒီလို သတင်းမျိုးတွေ တင်ကြ၊ ရေးကြပြီဆိုရင် မြင်မြင်ရာ မရှဲကြဘဲ စိစစ်ကြစေလိုပါတယ်။
 
ဘာလို့ဆိုရင် တစ်ဖက်အုပ်စုက ကွယ်ရာမှာ ထိုင် 'ဟား' နေကြမှာမို့လို့ပါပဲ။ သူတို့ ကမ်းခြေသွားနေကြပုံတွေ၊ အုပ်စုလိုက် ဘီယာ ထိုင်သောက်နေကြပုံတွေ၊ မွေးနေ့ပွဲ၊ မင်္ဂလာဆောင်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေကြပုံတွေ။ တချိန်တည်းမှာ သူတို့ထည့်တဲ့ ဆိုက်ဝါးတွေကြား စီးမြောမိသွားကြတဲ့ ကိုယ့်လူတွေ။
 
ဒီဘက်မှာတော့ မိုးဗြဲမှာ ကျသွားတဲ့ ရဲဘော်တွေ၊ လားရှိုးကွတ်ခိုင်ဘက်မှာ ပစ်သတ်ခံလိုက်ရတဲ့ ကလေးလေးတွေ၊ နေရာတင် ပွဲချင်းပြီး သတ်ဖြတ်ခံလိုက်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သောက်ရေမရှိလို့ ရွှံ့ရေကို စစ်သောက်နေကြရသူတွေရဲ့ ပုံရိပ်တွေဟာ မလုံလောက်သေးဘူးလား။ ချောင်းရိုးမှာ ယင်းမာပင်မှာ နှမ်းခါးမှာ ဒီမောဆိုမှာ မီးလောင်လို့ ပြာကျသွားတဲ့ ပြာပုံတွေဟာ မလုံလောက်သေးဘူးလား...?
 
ဒီလူတွေဟာ ဘယ်လိုစိတ်မျိုးနဲ့များ အသက်ဆက်ရှင်နေကြတာပါလိမ့်...

You can treat me a cup of coffee.

wave

Press ESC to close