မောင်မောင်အုန်းနဲ့ အဆင်ပြေရင် အကောင်ပဲ

မေသန်းနုတို့ သားအမိရဲ့ squid game parody လည်း ပေါကားဆိုပြီး လိုက် Troll ရင်းနဲ့ပဲ နာမည်ကြီးလာဦးမယ်ထင်တယ်။ မင်းသန့်မောင်မောင်လည်း ဒီလိုအကွက်နဲ့ မြန်မာပရိသတ်ကို ဖောက်နိုင်တာ သိထားပုံရတယ်။ (ဦး) အရိုင်းတို့ဘာတို့လည်း ကူပေးနေတာ တွေ့တယ်။ ဈေးကွက်ဖောက်ဖို့ နည်းလမ်းကို မြင်တယ်လို့ ပြောရမယ်။
 
မြန်မာပရိသတ်အများစုကလည်း ဖြူဖြူထွေးကိုတောင် အနုပညာရှင်လို့ ပြောရင် လက်ခံတာကိုး။ ကျော်ကျော်နန္ဒတောင် တလောက သူ့တူမလေးကို “အနုပညာလောကနဲ့ မိတ်ဆက်တယ်” ဆိုပြီး ပြောထားသေးတယ်။ မမဆောင်းတောင် မီလျံချီ View ရနေတော့လည်း ဒီနေ့လိုအချိန်မှာ တချို့ဟာတွေ အံ့ဩစရာတော့ မရှိ။
 
ပြဿနာက ဥပမာ ခု မေသန်းနုတို့ကို ကူညီပေးနေတဲ့ (ဦး) အရိုင်း တို့နေရာ။ ဖြူဖြူထွေးတုန်းကလည်း သာမန် (ရုပ်ရှင်အခေါ် အောက်ကား) တွေမှာ တစ်ဆင်း (One Scene) ငါးထောင်၊ တစ်သောင်းလောက်ရကြတဲ့လူတွေကို သူက ခေါ်သုံးတော့ အများစုက ကျေးဇူးတင်ကြတယ်။ Script လည်း သိပ်ကြည့်စရာမလို၊ အချိန်ကလည်း ၅ မိနစ်စာလောက် ဆိုတော့ သိပ်မပင်ပန်းဘဲ ငွေရကြတယ်။
 
ရုပ်ရှင် (ကားကြီး) ထဲလည်း ပါဖို့မလွယ်၊ ဗီဒီယို (အပေါ်ကား၊ အောက်ကား) ထဲလည်း တော်ရုံ ခေါ်သုံးမခံကြရတဲ့ လူကြမ်းတို့၊ ဟာသ သရုပ်ဆောင်တို့အတွက် ခုချိန်မှာ ရပ်တည်ရေးကလည်း အင်မတန် ခက်ခဲကြတော့ ဒီလို အွန်လိုင်းပေါ်က “ဟာသတိုလို့ပဲ ခေါ်မလား” ဒါတွေက သူတို့အတွက် လွယ်ကူတဲ့ ရပေါက်ရလမ်းတွေ ဖြစ်လာတယ်။
 
(လက်ရှိ) လှုပ်ရှားနေဆဲ မြန်မာ့ရုပ်ရှင်လောကသားတွေဆီက အရည်အသွေးရှိတဲ့ Content တွေ ထွက်လာဖို့တော့ မမြင်ပါ။ ဒါပေမယ့်လည်း ခုနက ပြောတဲ့ ဒီလောကထဲက အောက်ခြေ သရုပ်ဆောင်တွေ ရပ်တည်ရေးကျတော့လည်း ဒုက္ခရောက်ကြရပြန်ရော။ လက်ရှိမှာ အိန္ဒြေမပျက်နေနိုင်ကြတာက တချိန်က ရုပ်ရှင်ကားကြီးတွေနဲ့ (ချောင်းသာနဲ့ ငွေဆောင်မှာ ၃ ရက်တစ်ကားရိုက်ခဲ့ကြတဲ့) ပေါ ဗီဒီယိုတွေနဲ့ သိန်းထောင်သောင်းချီ ရခဲ့ကြတဲ့ မင်းသား၊ မင်းသမီးကြီးတွေပဲ။
 
အဲ…. အဲ့ဒီ မင်းသားမင်းသမီးကြီးတွေက အစိုးရအဆက်ဆက် အခွန်ရှောင်တဲ့အထဲမှာတော့ ထိပ်ဆုံးကပဲ။ ဟိုတုန်းကတော့ ကျော်ဆန်းနဲ့ အဆင်ပြေတဲ့သူဆိုရင် အကောင်ပေါ့။ ခုခေတ်ကျ မောင်မောင်အုန်းနဲ့ အဆင်ပြေရင် အကောင်ပေါ့ လို့ ပြောရမယ့် ခေတ် ဖြစ်လာတော့မယ်။

You can treat me a cup of coffee.

wave

Press ESC to close