ပီဒီအက်ဖ်၊ အန်ယူဂျီကြား အချိတ်အဆက် နဲ့ အရှိတရား  

 

အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ) ရဲ့ စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအပြီးမှာ သတိထားမိလိုက်တာက အန်ယူဂျီဟာ မနိုင်ဝန် ထမ်းနေရတယ်ဆိုတာပါပဲ။ တော်လှန်ရေး အစိုးရ ဆိုပေတဲ့လို့ တော်လှန်ရေး မလုပ်နိုင်ဘဲ အစိုးရအလုပ်တွေကိုသာ လုပ်နေရတယ်လို့ သဘောပေါက်ပါတယ်။

 

နိုင်ငံတကာ အသိအမှတ်ပြုမှုအတွက် ကြိုးပမ်းနေရတဲ့ တစ်ချိန်းတည်းမှာ အနည်းငယ်ဖောင်းပွတဲ့ ဝန်ကြီးဌာနအချို့ရဲ့ အလုပ်တွေနဲ့ အစိုးရပုံစံ သွားနေရသလို တစ်ဖက်မှာ ပြည်သူ့ကာကွယ်ရေး တပ်တွေကို ဆက်သွယ်ဆောင်ရွက်ရတာ၊ ငွေကြေးထောက်ပံ့ရတာ၊ ရံပုံငွေရှာရတာတွေနဲ့ တော်လှန်ရေးအလုပ်ကိုလည်း လုပ်နေရတာပါပဲ။

 

ဒီနေရာမှာ ဘာပဲလုပ်လုပ် ပြည်သူသာ အဓိကလို့ ဆိုပြီး ရောချနေလို့လည်း အဆင်မပြေနိုင်ပါဘူး။ ပြည်သူဟာ ဖီဆန်မှု၊ တော်လှန်မှုကို ရင်ဘတ်ထဲက ခံစားမှု၊ နာကျည်းမှုနဲ့ လုပ်နိုင်ကြပေမယ့် ဦးဆောင်မှုကိုတော့ အစိုးရက ပေးရမှာ ဖြစ်ပါတယ်။ ဦးဆောင်မှု ပျောက်နေရင် အာဏာရှင်ကို ဖီဆန်နေရတဲ့ ပြည်သူလည်း လမ်းပျောက်မှာပါပဲ။

 

အန်ယူဂျီဟာ နိုင်ငံရေးအလုပ်၊ အစိုးရ ပုံစံ ယန္တယားတွေကြား အလုပ်ရှုပ်နေချိန်မှာ အမှန်တကယ် လက်တွေ့ အလုပ်ဖြစ်နေတာက ပြည်သူ့ကာကွယ်ရေးတပ် (ပီဒီအက်ဖ်) တွေဖြစ်ပါတယ်။ ပြည်သူနဲ့ နီးနီးကပ်ကပ်ရှိနေတာလည်း ပီဒီအက်ဖ်တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အနည်းငယ်ရှုပ်သွားမှာ စိုးပါတယ်။ ပီဒီအက်ဖ်တွေဟာ အန်ယူဂျီတွေပဲ မဟုတ်လားဆိုပြီး တချို့က မျက်ခုံးတွန့်နိုင်ပါတယ်။

 

နိုင်ငံတကာ အသိုင်းအဝိုင်းကရော၊ ပြည်တွင်းက (နိုင်ငံရေးနဲ့ အနည်းငယ်အလှမ်းဝေးသူအချို့ရော) အန်ယူဂျီဆိုတာ ပီဒီအက်ဖ်၊ ပီဒီအက်ဖ်ဆိုတာ အန်ယူဂျီလို့ ရောထွေးကြပါတယ်။ တကယ်တော့ ဒီလို အပြည့်အဝ ပြောလို့လည်း မရပြန်ပါဘူး။ နိုင်ငံတကာနဲ့ စကားပြောတဲ့အချိန် ဒီအချက်ကို ရှင်းရှင်းလင်းလင်း ပြောပြထားဖို့လည်း လိုသလို ပြည်သူကိုလည်း ရှင်းပြထားဖို့လည်း လိုပါသေးတယ်။

 

အလွယ်ဆိုရရင် ပီဒီအက်ဖ်တိုင်းသည် အန်ယူဂျီ မဟုတ်သလို၊ အန်ယူဂျီ လက်အောက်မှာလည်း ပီဒီအက်ဖ်အားလုံး ရှိမနေပါ။ ပီဒီအက်ဖ် နာမည် တပ်မထားတဲ့ တခြား အဖွဲ့ပေါင်း များစွာ ရှိပါသေးတယ်။ ဒီအဖွဲ့ထဲမှာ တချို့က အန်ယူဂျီနဲ့ ချိတ်ဆက်ကြသလို တချို့ကလည်း ကိုယ့်လမ်းကိုယ် သွားကြတာပါ။

 

ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ပိုက်ဆံကိုယ်စိုက်၊ ကိုယ့်ဘာသာ အလှူခံပြီး တော်လှန်ရေး လုပ်နေကြတဲ့ ပီဒီအက်ဖ် အဖွဲ့ ပမာဏဟာ အန်ယူဂျီနဲ့ ချိတ်ဆက်ထားပါတယ်ဆိုတဲ့ ပီဒီအက်ဖ် အဖွဲ့ထက် ပိုများပါတယ်။

 

ဇွန်လ အစပိုင်းလောက်ကတည်းက ပီဒီအက်ဖ်တွေ ပြောကြတာက အန်ယူဂျီနဲ့ ချိတ်ဆက်ချင်တယ်ဆိုတာပါပဲ။ ဒါပေမယ့် အများစုဟာ မချိတ်ဆက်နိုင်ကြပါဘူး။ အန်ယူဂျီနဲ့ လုံးဝ မချိတ်ဘူး၊ ကိုယ့်အားကိုယ်ကိုးပြီး တိုက်မယ်ဆိုတဲ့ ပီဒီအက်ဖ်အဖွဲ့တွေ ဒီနေ့ထိ အများကြီး ရှိနေပါတယ်။

 

ပီဒီအက်ဖ်တွေဟာ အန်ယူဂျီနဲ့ ချိတ်ဆက်ဖို့ ကြိုးစားကြပေမယ့် ကြားက ဆက်သွယ်ပြောဆိုသူတွေရဲ့ မပါးနပ်မှုနဲ့ ဗျူရိုကရေစီကလည်း ကြီးလာတော့ လိုရင်းမရောက်ဘဲ လူတွေအဆင့်ဆင့်ဖြတ်၊ အစည်းဝေးတွေ အကြိမ်ကြိမ်လုပ်ပြီး အချိန်တွေ ကြန့်ကြာကုန်ပါတယ်။ တစ်ဖက်မှာ တကယ့် အစိုးရပုံစံနဲ့ သွားနေတဲ့ အန်ယူဂျီရဲ့ မနိုင်ဝန်ထမ်းနေရမှုကလည်း ကြန့်ကြာသွားရတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

 

နောက်တစ်ခုကတော့ ဘဏ္ဍရေးပါ။ ပီဒီအက်ဖ်တွေအနေနဲ့ အဓိက လိုအပ်တာကတော့ ငွေကြေးအထောက်အပံ့ပဲ ဖြစ်ပါတယ်။ ပီဒီအက်ဖ်တွေ အမြဲတမ်းပြောကြတဲ့ စကားက အန်ယူဂျီက ပြန်မကြည့်ဘူးဗျာဆိုတာပါပဲ။ မနိုင်ဝန်ထမ်းနေရတဲ့ အန်ယူဂျီဟာ ထီ၊ ကံစမ်းမဲလက်မှတ်၊ အခွန် စတာတွေနဲ့ ဝင်ငွေရှာနေရသလို တော်လှန်ရေးအစိုးရ ဖြစ်လေတော့ ဘဏ္ဍာရေးမှာ ထင်သလောက် ခရီး မပေါက်ပါဘူး။

 

ပီဒီအက်ဖ်တွေကို အန်ယူဂျီက ထောက်ပံ့သလားဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကေအန်အယ်လေ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း ပြောသွားတာ တစ်ခု ရှိပါတယ်။ (တကယ်တော့ အန်ယူဂျီက ဒုဝန်ကြီး အနေနဲ့ ဒီမေးခွန်းကို ဖြေရာမှာ မီဒီယာ ပါးနပ်မှု အားနည်းတော့ ဝေ့လည်ကြောင်ပတ်တွေ ဖြစ်ခဲ့တာပါ၊ ဒါကြောင့် ပဒိုမန်းမန်းက ဝင်ပြောတာ ဖြစ်ပါတယ်)

 

ပဒိုမန်းမန်းက အန်ယူဂျီအနေနဲ့က ဘယ်လောက်ပဲ ထောက်ပံ့နိုင်သည်ဖြစ်စေ၊ မထောက်ပံ့ နိုင်သည်ဖြစ်စေ၊ ပီဒီအက်ဖ်လည်း ကိုယ့်ဒေသ ကိုယ့်နယ်မြေမှာ သူတတ်နိုင်တဲ့ ဘက်ကတော့ သူကြိုးစားသွားမှာလည်း တစ်ပိုင်းပေါ့။ ဒုတိယအနေနဲ့က အန်ယူဂျီက အတိုင်းအတာတစ်ခုထိ ထောက်ပံ့နေတာတွေ ရှိတယ်လို့ ဖြေသွားပါတယ်။

 

ရရှိထားတဲ့ သတင်းတွေအရ အန်ယူဂျီဟာ တချို့ ပီဒီအက်ဖ်တွေကို အတိုင်းအတာတစ်ခု အထိ ထောက်ပံ့တာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ဆင့်ပါးစပ် နှမ်းပက်ဖြစ်နေတာပါ။ နိုင်ငံအနှံ့ အမှန်တကယ် တော်လှန်ရေးလုပ်နေတဲ့ ပီဒီအက်ဖ်နဲ့ ယူဂျီ စစ်စစ်ထဲက သုံးပုံတစ်ပုံလောက်ကို ထောက်ပံ့မယ်ဆိုရင်တောင် အတော်မလွယ်ပါဘူး။

 

လက်ရှိမှာ အန်ယူဂျီနဲ့ ချိတ်ဆက်ပြီးသား ပီဒီအက်ဖ်အဖွဲ့တွေရော၊ မချိတ်ဆက်ရသေးတဲ့ အဖွဲ့တွေရော တောင်းဆိုနေကြတာက သူတို့ကို လက်နက် တပ်ဆင်ပေးဖို့ပါပဲ။

 

ဒါတွေကြောင့် ပီဒီအက်ဖ်တွေဟာ အမြဲတမ်း ကျနော်တို့ကို ပြန်ကြည့်ပါ’ ‘ကျနော်တို့နဲ့ ချိတ်ဆက်ပါလို့ အော်နေကြတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သတင်းစာရှင်းလင်းပွဲထဲက ပြောကြားချက်တစ်ခုကို ထုတ်နုတ်ချင်ပါသေးတယ်။

 

လက်နက်ကိုင် တော်လှန်ရေးကတော့ အဓိကကတော့ လက်ရှိ Active ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက အခရာကျပါတယ်။ ပီဒီအက်ဖ်တွေကျတော့ စစ်ရေးနဲ့ ပတ်သက်ရင်တော့ သူတို့ ကျွမ်းကျင်မှု (အတွက်) အချိန်တစ်ခုတော့ ယူရမှာ ဖြစ်ပါတယ်လို့ ပဒိုမန်းမန်းက ဆိုပါတယ်။

 

စစ်ပွဲကြီးလို တိုက်ကြရင် အဓိက တိုက်မှာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒီလို တိုက်ပွဲကြီး ဖြစ် မလာခင်မှာ မြို့ပြ ပြောက်ကျား တိုက်ခိုက်မှုနဲ့ စစ်ကောင်စီကို စိတ်ဓာတ်ရေးရာနဲ့ အုပ်ချုပ်မှု ပျက်သွားအောင်၊ အာဏာဖီဆန်မှုကို လက်တွေ့ပြလို့ရအောင် ပီဒီအက်ဖ် တွေက လုပ်နေကြတာပဲ ဖြစ်ပါတယ်။

 

အားလုံးကို ခြုံကြည့်လိုက်ရင် တကယ့်စစ်ပွဲကြီးလို တိုက်ဖို့အတွက် အချိန်ကြာလေလေ ဒီကာလမှာ တောင့်ခံနေရတဲ့ ပီဒီအက်ဖ်တွေအတွက် ပိုပြီး ခက်ခဲလာလေလေပါပဲ။ ပီဒီအက်ဖ်တွေ တော်လှန်ရေး စ လာခဲ့တဲ့ ဧပြီလ ကတည်းက ပြန်ကြည့်ရင် ၅ လရှိသွားပြီ ဖြစ်ပါတယ်။

 

ဒီနေရာမှာ ရှင်းရှင်းလင်းလင်း မြင်ရတာ တစ်ခု ရှိလာပါတယ်။ တကယ့်တိုက်ပွဲကြီးအတွက် အန်ယူဂျီက ပြင်ဆင်နေတာဟာ ‘နေ့တိုင်းဟာ ဒီဒေးပါပဲ’ လို့ပဲ ဆိုဆို အတိုင်းအတာ တစ်ခုထိတော့ အချိန်ယူနိုင်ပါတယ်။ စစ်ကောင်စီကတော့ အချိန်ယူနေမှာလည်း မဟုတ်သလို လက်နက်စု၊ ငွေရှာလည်း လုပ်စရာမလိုပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း စစ်ပွဲ အတွက် ပြင်ဆင်ရတာတွေ ရှိပါမယ်။

 

ဒါကြောင့် ပီဒီအက်ဖ်တွေကို ချိတ်ဆက်နိုင်မှု၊ ဘဏ္ဍာရေးအရ ထောက်ပံ့နိုင်မှုမှာ အားနည်းချက်တွေ၊ လစ်ဟာချက်တွေ အများကြီး ပေါ်လာမှာပါပဲ။

 

တစ်ဖက်မှာတော့ ပီဒီအက်ဖ်တွေဟာ ဒီကာလကြားမှာ တောင့်ခံထားနိုင်ဖို့အတွက် အန်ယူဂျီကို ပုံအပ်လိုက်လို့ မရသလို ပိုပြီး ခက်ခဲလာတော့မှာ ဖြစ်လို့ ပြည်သူတွေရဲ့ ထောက်ပံ့မှုအားကို ပိုပြီး လိုအပ်လာတော့မယ်လို့ သဘောပေါက်ပါတယ်။

 

ဒီ လစ်ဟာချက် ကွက်လပ်ကို ပြည်သူလူထုက မြင်အောင်ကြည့်ပေးကြစေလိုပါတယ်ခင်ဗျား။

 

You can treat me a cup of coffee.

wave

Press ESC to close