PDF တွေကို စစ်ပညာ မဟာသိပ္ပံဘွဲ့ပေးတယ်ဆိုတဲ့ IPEM နဲ့ St Clements University

ပြီးခဲ့တဲ့ (ဒီဇင်ဘာ ၂၇) က MPDF ကိုယ်စားပြု မုံရွာသံမဏိအဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိနှင့် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးတို့ နှစ်ဦးကို စစ်ပညာမဟာသိပ္ပံဘွဲ့ ချီးမြှင့်ခံရတယ်ဆိုပြီး RNA သတင်းဌာနနဲ့ D-Day Channel တို့က တင်ခဲ့ပါတယ်။

PDF ခေါင်းဆောင်တွေကို ချီးမြှင့်တဲ့ ဘွဲ့နာမည်က စစ်ပညာ မဟာသိပ္ပံဘွဲ့ပါ။ ချီးမြှင့်တဲ့ အဖွဲ့က “IPEM နည်းပညာ တက္ကသိုလ်၏ ဌာနခွဲဖြစ်သော ပြည်သူ့ကာကွယ်ရေး အကယ်ဒမီလို့ တွေ့ရပါတယ်။

ပထမဆုံးအနေနဲ့ IPEM နည်းပညာတက္ကသိုလ်ဆိုတာ ဘာလဲ...? တက္ကသိုလ်လို့ နာမည်တပ်ထားပေမယ့် တကယ့်တက္ကသိုလ်ကြီးလို အပြင်မှာရှိနေတဲ့ တက္ကသိုလ် မဟုတ်ပါ။ ပြီးတော့ ဒီအဖွဲ့က The Institution of Professional Engineers-Myanmar (IPEM) ကနေ ပေးထားတဲ့ နာမည်ဖြစ်ပြီး သူတို့ကိုယ်ပိုင် ဝက်ဘ်ဆိုက်ကိုတောင် သေသေချာချာ ရေးမထားနိုင်တာ တွေ့ရပါတယ်။

ဒီ IPEM နည်းပညာတက္ကသိုလ်နဲ့အတူ IQY Technical College ဆိုတာလည်း ရှိပါတယ်CRPH, NUG တို့ရဲ့ Logo တွေနဲ့ သူတို့ Logo တွေကိုပူးတွဲရေးသားလေ့ရှိပါတယ်။ သြဂုတ် ၆ ရက်က သူတို့ရဲ့ Twitter စာမျက်နှာမှာ တင်ထားချက်အရ “IPEM IPEMTU Degree College သည် NUG ကို ထောက်ကူပြု အဖွဲ့အစည်းဖြစ်တယ်လို့ တွေ့ရပါတယ်။

ဒါ့အပြင် “မြန်မာပြည်သူ သားသမီးများကိုလည်း KG မှ Degree အထိ နွေဦးတော်လှန်ရေး ထောက်ကူပြု အရေးပေါ် ပညာရေးအစီအစဉ်တွင် အခမဲ့ အွန်လိုင်း ပညာဒါနပေးနေသလို Ministry of Education (ပညာရေးဝန်ကြီးဌာန) NUG ၏ ရည်မှန်းချက် ပြည့်ဝရန်အတွက် တစ်ဖက်တစ်လမ်းက ထောက်ကူပေးနေသည်လို့ ဆိုပါတယ်။

NUG ပညာရေးဝန်ကြီးဌာနက IPEM ကို တရားဝင် အသိအမှတ်ပြု မပြု မရေးထားပါ။ 

ဒါ့အပြင် IPEM တက္ကသိုလ်လို့ ခေါင်းစဉ်တပ်လေ့ရှိပေမယ့် အတွင်းစာသားတွေမှာတော့ ဒီဂရီကောလိပ် လို့ပဲ ရေးပါတယ်။ နည်းပညာတက္ကသိုလ်က ဘွဲ့ပေးတယ်လို့ ဆိုပေမယ့် တက္ကသိုလ်အရိပ်အယောင် တောင် မတွေ့ရဘဲ သင်တန်းတွေ ပေးနေတဲ့ အဖွဲ့အစည်းငယ်တစ်ခုဖြစ်တာပဲ တွေ့ရပါတယ်။ 

နိုင်ငံတကာတွေနဲ့ ချိတ်ဆက်ထားပြီး မဟာသိပ္ပံဘွဲ့ပေးအပ်နိုင်တယ်ဆိုတဲ့ IPEM နည်းပညာတက္ကသိုလ်ရဲ့ Facebook စာမျက်နှာဟာ Like 79, Follow 80 ပဲရှိပြီး twitter မှာတော့ Follower ၁၈ ဦးပဲ ရှိပါတယ်။ 

ဒါ့အပြင် အွန်လိုင်းပညာရေးလို့ ဆိုပေမယ့် YouTube ပေါ်မှာ U Kyaw Naing အမည်တစ်ခုနဲ့ပဲ စာသင်နေတဲ့ Video တွေ တင်ထားတာ တွေ့ရပြီး သူတို့ Twitter နဲ့ Facebook ပေါ်တွေမှာ U Kyaw Naing ရဲ့ YouTube Link တွေကိုပဲ ပြန်လည်မျှဝေလေ့ရှိပါတယ်။ IPEM ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မန္တလေး နည်းပညာတက္ကသိုလ် ကြားကာလ ယာယီတက္ကသိုလ်ကောင်စီနဲ့ နည်းပညာတက္ကသိုလ် သန်လျင်တို့ကလည်း ဒီဇင်ဘာ (၂) ရက်နေ့က ကြေညာချက်တွေ ထုတ်ပြန်ဖူးပါတယ်။ 

"IPEM IQY Education Group ၏ Facebook စာမျက်နှာတွင် နိုဝင်ဘာ ၂၉ ရက်က မန္တလေး နည်းပညာတက္ကသိုလ် ကြားကာလ ယာယီတက္ကသိုလ်ကောင်စီနှင့် ပူးပေါင်း၍ Joint Award Degress များပေးမည်ဖြစ်ကြောင်း၊ ထိုနေ့တွင် ပြညရေးဝန်ကြီးဌာနက စီစဉ်သော IPEM Technological University/ The Institution of Professional Engineers Myanmar နှင့် Technological University Interim Administrative Committees များ၊ Zoom Meeting ပြုလုပ်ထားကြောင်း ဖော်ပြခဲ့သည်" လို့ မန္တလေး နည်းပညာတက္ကသိုလ် ကြားကာလ ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါ့အပြင် အဲ့ဒီ ZOOM Meeting ကို ဖိတ်ကြားတာ၊ တက်ရောက်ခဲ့တာလည်း မရှိသလို IPEM နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းလည်း မရှိဘဲ ကောင်စီအမည်ကို အသုံးပြုခြင်းကို ကန့်ကွက်ပါတယ်လို့  ဒီဇင်ဘာ ၂ က ကြေညာခဲ့ပါတယ်။ ပြီးတော့ နည်းပညာ တက္ကသိုလ် သန်လျင်ကလည်း IPEM ရဲ့ Facebook ပေါ် ရေးသားချက်တွေကို ကြားကာလ ယာယီတက္ကသိုလ်ကောင်စီလိုပဲ သူတို့လည်း မသိပါ ဆိုပြီး ရေးထားပါသေးတယ်။

St Clements University နဲ့ People Defence Force Academy 

D-Day Channel သတင်းထဲမှာ St Clements University နဲ့ People Defence Force Academy ကနေ KIA က ဗိုလ်ချုပ်ဂွမ်မော်တို့ KNLA က ဒု စစ်ဦးစီးချုပ် ဘောကျော်ဟဲ တို့ကို စစ်ဘက်ဆိုင်ရာ တက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တွေ ပေးတယ်လို့လည်း ရေးထားပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် St Clements University ဆိုတာ အရှိန်အဝါကြီးတဲ့ နိုင်ငံခြားတက္ကသိုလ်တစ်ခုလို့ ထင်စရာရှိပါတယ်။

တကယ်တော့ ဒီ St Clements University ဆိုတာ ဗြိတိသျှက ပိုင် Turks နဲ့ Caicos လို့ခေါ်တဲ့ လူဦးရေ သုံးသောင်းကျော်ပဲနေထိုင်တဲ့ ကျွန်းစုလေးမှာ တက္ကသိုလ်နာမည်နဲ့ မှတ်ပုံတင်ထားတဲ့နိုင်ငံစုံလှည့်ပြီး သင်တန်းပေးနေတဲ့ အဖွဲ့လေးပဲ ဖြစ်ပါတယ်။ Turks နဲ့ Caicos ဆိုတာ နိုင်ငံ မဟုတ်ပါဘူး။ ကျွန်းစုလေးပဲ ဖြစ်ပါတယ်။

St Clements ဆိုတဲ့ နာမည်က မြန်မာကိုရောက်ရင် St Clements Myanmar ဖြစ်သွားပြီး လိုက်ဘေးရီးယားကို ရောက်တော့ St Clements University College ဖြစ်သွားပါတယ်။ ကမ္ဘောဒီယားမှာတော့ St Clements Institute ဖြစ်သွားပါတယ်။ သူတို့ သင်တန်း အဆောက်အအုံတွေဟာ လှည်းတန်းက အင်္ဂလိပ်စကားပြောသင်တဲ့ အခန်းတွေလောက်ပဲ ရှိပါတယ်။ 

St Clements နာမည်နဲ့ အာဖရိကနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ သင်တန်းတွေ လိုက်ပေးနေတဲ့ အဖွဲ့ဟာ အမေရိကမှာတော့ St Clements ဆိုတဲ့နာမည်ကို မသုံးဘဲ The Wilberforce Law Center ဆိုတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအဖွဲ့တစ်ခုနဲ့ ပါတနာလုပ်ထားတယ်လို့ပဲ တွေ့ရပါတယ်။ 

ဒါပေမယ့် St Clements တက္ကသိုလ်ဆိုတဲ့ နာမည်ကို အမေရိကန်အစိုးရက တရားဝင် အသိအမှတ်ပြုထားခြင်း မရှိပါဘူး။ St Clements တက္ကသိုလ်က ပေးတဲ့ဆိုတဲ့ ဘွဲ့တွေဟာ တက္ကဆတ်ပြည်နယ်မှာ တရားမဝင်ဘဲ အော်ရီဂွန်ပြည်နယ်မှာလည်း တားမြစ်ထားတာတွေ ရှိပါတယ်။ St Clements တက္ကသိုလ်ကို အမေရိကန်နိုင်ငံ အော်ရီဂွန်၊ တက္ကဆတ်၊ မီချီဂန်နဲ့ မိန်း ပြည်နယ်အစိုးရတွေကလည်း တရားဝင်အသိအမှတ် မပြုထားပါ။

People Defence Force Academy ဆိုတာကတော့ နာမည်ပဲ ရှိပြီး အချက်အလက်၊ နေရာ၊ လိပ်စာ ဘာမှကို ရှာမရတဲ့ အကယ်ဒမီ တစ်ခုပဲ ဖြစ်ပါတယ်။ IPEM နည်းပညာ တက္ကသိုလ် ဌာနခွဲဖြစ်တယ်လို့ ဆိုပြီး တပြိုင်တည်းမှာပဲ ပါရဂူဘွဲ့ပေးရာမှာတော့ St Clements နဲ့ တွဲထားပြန်ပါတယ်။

နိဂုံးဆိုရရင် PDF ခေါင်းဆောင်တွေကို စစ်ပညာ မဟာသိပ္ပံဘွဲ့ပေးအပ်တယ်ဆိုတဲ့ IPEM တက္ကသိုလ်ဆိုတာ အွန်လိုင်းပေါ်မှာပဲရှိနေတဲ့ အဖွဲ့အစည်းငယ်တစ်ခုသာ ဖြစ်ပြီး ဗိုလ်ချုပ်ဂွမ်မော်၊ ဒု စစ်ဦးစီးချုပ် ဘော်ကျော်ဟဲတို့ကို ဂုဏ်ထူးဆောင်ပါရဂူ ပေးတယ်ဆိုတဲ့ St Clements တက္ကသိုလ်ဆိုတာကလည်း လှည်းတန်းမှာ အင်္ဂလိပ်စကားပြောသင်တန်းပေးတဲ့ အဆင့်လောက်ပဲရှိတဲ့ တက္ကသိုလ်နာမည်ပေးထားတဲ့ နာမည်တစ်ခုသာဖြစ်ပါတယ်။

 

You can treat me a cup of coffee.

wave

Press ESC to close