"နအဖ စစ်တပ် အမြစ်ဖြတ်ရမယ်"

KNU/KNLA တပ်မဟာ ၅ ထဲ ရောက်တော့... 

ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင် အမျိုးသမီးငယ်တွေနဲ့ ဆုံရတယ်။ အရွယ်စုံပဲ၊ ယောက်ျားကိုထားခဲ့ပြီး ထွက်လာကြသူ အိမ်ထောင်သည်တွေ၊ နောက် လူလွတ်တွေရောပေါ့။ ထူးဆန်းတာက ၉ တန်း ကျောင်းသူလေး တစ်ယောက်ကိုပါ တွေ့ရတယ်။ 

ထုံးစံအတိုင်း သတင်းထောက်ဆိုတော့ ဟိုမေးဒီမေးပေါ့။ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထုံးစံအတိုင်း အတိအကျတော့ မဖြေဘူး။ သိရသလောက်က ရခိုင်မှာ ကျောင်းက အပြန် သူငယ်ချင်းတွေက ‘တပ်တော်ထဲ ဝင်မလို့၊ လိုက်မလား’ လို့ မေးတာနဲ့ အိမ်ကို မပြန်၊ လွယ်အိတ်တောင် မချွတ်ဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လိုက်လာတာလို့ ဆိုတယ်။ 

အရွယ်ကလည်း ငယ်သေးတော့ သူ့ကို စစ်မှု မထမ်းစေဘဲ ဆေးဝါးနဲ့ ကူညီကယ်ဆယ်ရေးအတွက် သင်တန်းတက်ဖို့ တာဝန်ပေးထားတာလို့ သိရတယ်။ သွက်သွက်လက်လက် ဖြတ်ဖြတ်လတ်လတ်ပဲ။ အမြဲတမ်း ပြောတတ်တာက ‘ဗမာစစ်တပ်ကို တိုက်ရမယ်’ ဆိုတာပဲ။ 

တပ်မဟာ ၅ ထဲက အမိုးတို့ရော ဖထီးတို့ရောက မင်းအောင်လှိုင်စစ်တပ်ကို နအဖ လို့ သုံးနှုန်းသလို ဗမာစစ်တပ်လို့လည်း ရံခါ ပြောပေမယ့် အဲ့ဒီတုန်းက သတိထားမိတာ မအလ၊ မအလ ဆိုပြီးလည်း ပြောကြတာပဲ။ Facebook ရေစီးကြောင်းထဲ သံလွင်မြစ်ဘေးက အမိုးနဲ့ ဖထီးလည်း ပါသပေါ့။ ခုနက ပြောတဲ့ ရက္ခိုင့်တပ်တော် ဆေးတပ်ဖွဲ့ဝင် အမျိုးသမီးငယ်လေးလည်း ဒီလိုပဲ၊ တခါတလေ မအလ မအလ ဆိုပြီး ထည့်ထည့်ပြောတတ်သေးတယ်။ 

မေးစရာက ဒီလောက်ငယ်တဲ့ ၉ တန်းကျောင်းသူအရွယ်က လက်နက်ကိုင် တပ်ဖွဲ့ထဲဝင်ဖို့ ချီတုံချတုံ ဖြစ်မနေဘဲ ရုတ်တရက် ကောက်လိုက်ချလာရသလဲဆိုတာပါပဲ။ ဖြစ်ရပ်မှန် တစ်ခု ပြောပြချင်ပါတယ်.... 

ရခိုင်ကို မင်းအောင်လှိုင် စစ်တပ် ဝင်တော့ စစ်ကြောင်းထိုးရင် တစ်ရွာဝင်တစ်ရွာထွက် စစ်လေ့ရှိတယ်။ အဲ့ဒီက ရွာတစ်ရွာကို ဝင်စစ်တော့ အမျိုးသမီးငယ်တစ်ယောက် ဖုန်းထိုင်သုံးနေတာကို စစ်သားတွေလည်း မြင်ရော သူတို့ရောက်လာတာကို အေအေ ဆီ သတင်းပေးနေပါတယ်စွပ်စွဲပြီး ဖမ်းခေါ်သွားကြတယ်။ 

သူ့အဖေအပါအဝင် အနီးဝန်းကျင်က လိုက်ပြီး တောင်းပန်ပေမယ့် မရဘူး။ စစ်ကားပေါ် အတင်းဆွဲတင်သွားတယ်။ ကားပေါ်ရောက်တော့ ရိုက်နှက်တာကို အဖေဖြစ်သူရော ပတ်ဝန်းကျင်က လူတွေရော မြင်ကြရတော့တာပေါ့။ 

အိမ်မှာ ဖုန်းထိုင်သုံးနေတဲ့ မိန်းကလေးကို သေနတ်ကိုင်ထားတဲ့ စစ်သားတွေ ဖမ်းခေါ်သွားပြီး ရိုက်နှက်နေတဲ့ မြင်ကွင်း။ ဒီလို ဖြစ်ရပ်မျိုးတွေဟာ ပြန်ကြားရလို့သာ သိရတာ။ မမြင်ရ၊ မကြားရတဲ့ တိုင်းရင်းသားဒေသက ရွာတွေ၊ နယ်တွေမှာ ဘယ်လောက်ထိ ဆိုးရွားနေမလဲဆိုတာကို ခန့်မှန်း မကြည့်နိုင်လောက်စရာပါပဲ။ 

ဒီလိုအချက်တွေကြောင့်ပဲ အေအေ ဟာ သူ့ရဲ့ တပ်သား စုဆောင်းရေးမှာ မျှော်မှန်းထားတာထက်ပိုပြီး အောင်မြင်ခဲ့တယ်လို့ ယူဆရတယ်။ အရွယ်ကောင်း အမျိုးသား အမျိုးသမီးငယ်တွေ မှန်သမျှ တပ်ထဲဝင်ဖို့ အဆင်သင့်ဖြစ်နေတာ မြင်ရတယ်။ 

တလောက အမျိုးသမီးငယ်တစ်ယောက် အကူအညီ လာတောင်းပါတယ်။ အဖေဖြစ်သူ အဖမ်းခံရလို့ပါတဲ့။ အဖေကို လာဖမ်းချိန် အမေဖြစ်သူကိုလည်း ထုထောင်းရိုက်နှက်ခဲ့တယ်လို့ ဆိုတယ်။ ဘယ်လို လုပ်သင့်သလဲ၊ အသိမိတ်ဆွေလည်း မရှိလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေတယ်လို့ အမျိုးသမီးငယ်က ဆိုတယ်။ 

လုပ်နိုင်တာကတော့ အိုင်စီအာရ်စီကို လှမ်းပြီး ပြောနိုင်ကြောင်းနဲ့ သူတို့ဆီက အကြံဉာဏ်တောင်းနိုင်ကြောင်း ကျနော် ရှင်းပြပါတယ်။ ဖုန်းနံပါတ်ကိုလည်း ပေးလိုက်ပါတယ်။ 

ခဏတော့ သူ့ Facebook အကောင့်ထဲ ဝင်ကြည့်မိလိုက်တယ်။ 

အဖေဖြစ်သူ အဖမ်းမခံရခင်ရက်တွေမှာ ‘ဟာသတွေ’ ‘ဗွီဒီယိုအတိုအစတွေ’ ‘ဖီလင် ဆိုးဆက်တွေ’ တောက်လျှောက်ရှဲထားတာ တွေ့တယ်။ ဖမ်းခံရပြီးချိန်မှာတော့ တော်လှန်ရေးနဲ့ သက်ဆိုင်တာတွေပဲ တောက်လျှောက်တင်ထားတာ တွေ့ရတယ်။ ကလစ်တူ ဒိုနိတ်မှာ ကလစ်ကြဖို့လည်း နေ့တိုင်းနီးပါး တင်ထားတာ တွေ့ရတယ်။ 

မင်းအောင်လှိုင် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ မြင်ရကြုံရမှ စစ်တပ်ဆိုတာ ဒီလိုပါလားဆိုတဲ့ ခံပြင်းစိတ်ကို ဖြစ်ပေါ်စေလာတာပါပဲ။ ၉ တန်းကျောင်းသူ ရခိုင်အမျိုးသမီးငယ် ပြောတဲ့ ‘ဗမာစစ်တပ်ကို တိုက်ရမယ်’ ဆိုတဲ့ ခံပြင်းစိတ်ကလည်း ဒီကနေ လာတယ်လို့ပဲ သဘောပေါက်လိုက်မိပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close