ပရဟိတသမား မူးယစ်ကုန်သည်များ

ပရဟိတသမား မူးယစ်ကုန်သည် - ဒီစကားလုံးက နည်းနည်း အန္တရယ်များပါတယ်။ ဗုဒ္ဓဘာသာဝင်အများစု ကြီးစိုးတဲ့ ကျနော်တို့ လူ့အသိုင်းအဝိုင်းမှာ အများကောင်းကျိုးလုပ်တဲ့ ပရဟိတအလုပ်ဆိုတာ အင်မတန် မွန်မြတ်တယ် ခံယူထားကြတာ၊ ဒါကို မူးယစ်နဲ့ တွဲပြီးမြင်ရတော့ အတွဲအစပ် မသင့်လှဘူးပေါ့။
 
ပြီးတော့ ပရဟိတလုပ်တဲ့လူက မူးယစ်ကုန်ကူးကြတယ် ပြောရင် ယုံတမ်းစကားလိုလို၊ မကောင်းသတင်းတွေပဲ လွှင့်နေသလိုလို ထင်တတ်ကြတယ်။ လက်ဆုပ်လက်ကိုင်ပြရတာလည်း ခက်တာကိုး။
◼︎
အာဏာသိမ်းပြီး ၈ လအကြာ ၂၀၂၁ စက်တင်ဘာက မွန်ပြည်နယ် ကျိုက်ထိုက စစ်ဆေးရေးဂိတ်တစ်ခုမှာ ကျပ်ဘီလျံ ၄၀ ကျော်ဖိုး အိုက်စ်နဲ့ ယာဘ ဆေးပြားတွေ ဖမ်းမိခဲ့တယ်။ လက်ဝယ်တွေ့ရှိပြီး ဖမ်းမိခဲ့တဲ့လူတွေထဲ နာမည်ကြီး ပရဟိတသမားတစ်ဦးနဲ့ ဘာသာရေးဗန်းပြ စီးပွားရေးသမားတစ်ဦးပါတယ်။ ဦးမင်းထင်နဲ့ ဦးမြင့်ကိုကို။ နှစ်ဦးလုံး မန္တလေး အခြေစိုက်တွေ။ ဒါပေမယ့် နှစ်ဦးစလုံးဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးနဲ့ လှူမှုကူညီရေးလောကထဲ နာမည်ရှိကြတယ်။ အချင်းချင်းလည်း ပြောမနာဆိုမနာတွေ။
 
ကိုစိုးစိုး လို့ အများက ခေါ်ကြတဲ့ ဦးမင်းထင်က Road to Mandalay Tour (RMT) သင်္ဘောရဲ့ မန်နေဂျာ ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီနောက် မန်း YMCA မှာ ဘုတ်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ (Myanmar Scout Association) မှာ ညှိနှိုင်းရေးတာဝန်ခံ။ အရှေ့တောင်အာရှနိုင်ငံတချို့က ကင်းထောက်အဖွဲ့တွေနဲ့လည်း ကွန်ရက်ချိတ်ဆက် လုပ်ဆောင်ခဲ့သူ။ သူဖမ်းခံရပြီး တစ်ရက်အကြာ စက်တင်ဘာ ၁၆ မှာတော့ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့က 'ဦးမင်းထင်ကို ကင်းထောက်အဖွဲ့ဝင်အဖြစ်ကနေ ရာသက်ပန် ပယ်ဖျက်ကြောင်း' ကြေညာခဲ့ပါတယ်။ 
 
 
မြန်မာနိုင်ငံကင်းထောက်အဖွဲ့ဆိုတာ အဝေးကြီး မဟုတ်ပါဘူး။ ၂၀၁၉ တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူပွဲကိုတောင် ရန်ကုန်တက္ကသိုလ်မှာ ကျင်းပခဲ့ဖူးပါသေးတယ်။ 
 
ဦးမင်းထင်ဟာ ဖမ်းမခံရခင်ကလေးတင် အိန္ဒိယနိုင်ငံ ဥတာ ပရာဒက်ရှ် ပြည်နယ်အခြေစိုက် မာသာ ထရီဇာ အပြည်ပြည်ဆိုင်ရာ ဖောင်ဒေးရှင်း ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဖြစ်ခဲ့ပါသေးတယ်။ အိန္ဒိယ၊ တမီနာဒူး အခြေစိုက် မာသာ ထရီဇာ ဖောင်ဒေးရှင်း နဲ့တော့ မတူပါဘူး။
 
ဦးမင်းထင် တာဝန်ခံတဲ့ ဖောင်ဒေးရှင်းဆိုတာ တည်တည်တံ့တံ့ ဝက်ဘ်ဆိုက်တောင် မည်မည်ရရ မရှိဘဲ ရပ်ကွက်ဆွမ်းလောင်းအသင်း သဘောမျိုးပဲ Facebook ပေါ် တွေ့ရပါတယ်။ သူ မူးယစ်နဲ့ ဖမ်းခံရတယ်ဆိုတာကို ဒီအဖွဲ့က သိ မသိ မသေချာပါဘူး။ ဆိုရရင် ဦးမင်းထင်ကို ပရဟိတ အကျိုးတော်ဆောင်ကြီး တစ်ဦးအဖြစ် အများက သိကြပါတယ်။
 
 
ဦးမြင့်ကိုကိုကတော့ မန်းလေးမှာ 'ကြည်ရွှင် ရေပန့်' ပစ္စည်းတင်သွင်းတဲ့ မိသားစုက ဖြစ်ပြီး မန်းမှာ မသိသူ မရှိတဲ့ အသိုင်းအဝိုင်းက။ ဦးမြင့်ကိုကိုဟာ ဆရာတော် ဦးဆေကိန္ဒရဲ့ တပည့်ရင်းတွေထဲက တစ်ယောက်လို့ ဆိုတယ်။ ခုမှ မဟုတ်၊ ဟိုး ၂၀၁၄-၁၅ ကာလကတည်းက ဦးဆေကိန္ဒဘေး ဝတ်ကြီးဝတ်ငယ် ပြုစုခဲ့သူဖြစ်တယ်လို့ နှစ်ဦးလုံးကို ပူးတွဲမြင်ဖူးသူတွေက ဆိုကြတယ်။ မူးယစ်ဆေးတွေနဲ့အတူ ဖမ်း မခံရခင် အချိန်အထိ အလှူဒါနပြုမှုတွေကို သူ့ Facebook ပေါ်မှာ နေ့စဉ်တင်လေ့ရှိပြီး အများစုက သာဓုခေါ်ကြလေ့ရှိတယ်။
 
လက်ရှိ စစ်ကောင်စီ ကိုးကွယ်တော်ခံ ဦးဆေကိန္ဒနဲ့ ပတ်သက်လို့ ပြောကြရင် ‘ဆရာတော့်ကို ဆွဲမထည့်ပါနဲ့၊ ဆရာတော်က အယုတ်အလတ်အမြတ်မရွေး ကိုးကွယ်ခံတာပါ’ ဆိုတာမျိုး ပြန်ကြားရလေ့ရှိတယ်။ ဒါပေမယ့် ဒီလိုဘုန်းကြီးတွေဟာ သိသိကြီးနဲ့ အသုံးချခံကြတယ်ဆိုတာ သာဓက တချို့ ရှိပါတယ်။
 
မူးယစ်ကုန်သည်အများစုဟာ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ဘုန်းတော်ကြီးတွေကို အသေရရ အရှင်ရရ ကိုးကွယ်ဆည်းကပ်ကြသူတွေချည်းပါပဲ။ ရခိုင်ပြည်မှာပဲ ကြည့်ကြည့်၊ ရှမ်းပြည်နယ်မှာ ကြည့်ကြည့် တွေ့နိုင်တယ်။ ဒီဘုန်းကြီးတွေကို ဘယ်နေရာမှာ ပြန်အသုံးချသလဲဆိုရင် အနည်းဆုံးတော့ ‘ဂိတ်ဖြတ်တဲ့နေရာ’ မှာ သုံးပါတယ်။ ဒါက သိထားတဲ့ အချက်တစ်ချက်ပဲ ရှိပါတယ်။ ကျန် ဘယ်နေရာတွေမှာ အသုံးပြုသေးသလဲတော့ မသိပါ။
 
၁၂ ဘီးကားက စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်ပြီ ဆိုကြပါစို့၊ ကားထဲမှာ ယာဘနဲ့ အိုက်စ်က ပီနံအိတ်တွေနဲ့ အပြည့်၊ ဂိတ်ကလည်း မသင်္ကာလို့ ပေးမဖြတ်ဘူး။ ဒီချိန်မှာ ကုန်သည်က စစ်ဆေးရေးဂိတ်ရှိတဲ့ မြို့နယ်အဆင့် သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်နဲ့ နီးစပ်တဲ့ ဘုန်းကြီးကို ဖုန်းဆက်ပြီး “ဘုန်းဘုန်းဘုရား၊ တပည့်တော်ကားကလေး ဟိုဂိတ်မှာ အခက်တွေ့နေလို့ ကူပါဦးဘုရား” ဆိုရင် ဝန်ကြီးအဆင့်လောက်ကို ည သန်းခေါင်ကျော်မှာ ဖုန်းခေါ်ပြီး “ဒကာရေ၊ တို့ သားတပည့်တစ်ယောက်ဟေ့၊ သူ့ကားတစ်စီး ပိတ်ခံနေရလို့ လုပ်ပါဦးတဲ့ကွယ်” ဆိုရင် ဇာတ်လမ်းက ပြီးပြီ။
 
ညသန်းခေါင်ကျော်မှာ ဘာတွေ တင်လာလို့ ၁၂ ဘီးကားက ဖြတ်မရတာလဲဆိုတာ ဖုန်းဆက်ပေးတဲ့ ဘုန်းကြီးက မစဉ်းစားမိဘဲ နေမှာ မဟုတ်ပါ။ ဒါတွေက စာနဲ့ရေးပြရတာသာ ခက်တာပါ။ လက်တွေ့မှာ ဒီထက်ဆိုးနေတာတွေ တစ်ပုံကြီး။ ဒီလို ဘုန်းကြီးပေါင်းလည်း ဘယ်နှစ်ပါးလောက်ရှိနေမလဲ စဉ်းစားကြည့်လို့တောင် မရပါ။ ‘ဆရာတော့်ကို ဆွဲမထည့်ပါနဲ့’ ဆိုသူတွေအတွက် ဒီစာပိုဒ်ကို ထည့်ရေးတာပါ။
◼︎
ဆက်ရရင် ဦးမင်းထင်နဲ့ ဦးမြင့်ကိုကိုတို့ နှစ်ဦး ဖမ်းခံခဲ့ရတာ ၂၀၂၁ စက်တင်ဘာ။ တစ်နှစ်အကြာ မနှစ်က ဒီဇင်ဘာမှာ နှစ်ဦးလုံး ပြန်လွတ်လာခဲ့တယ်လို့ သိရတယ်။ ဦးမြင့်ကိုကိုက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပြန်ပေါ် မလာတော့ပေမယ့် ဦးမင်းထင်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ မှာ ပြန်ပြီး ဓာတ်ပုံတင်လာတာ တွေ့ရတယ်။
 
ကျပ်ဘီလျံ ၄၀ ကျော်ဖိုး မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးမိလို့ ထောင်ကျခဲ့ပေမယ့် အများစုကတော့ ခုချိန်ထိ အကျိုးတော်ဆောင်ကြီးအဖြစ် မြင်ကြတုန်းပါပဲ။ တချို့ နီးစပ်သူတွေဆိုရင် တစ်နှစ်လောက်ထိ ဦးမင်းထင် ဘယ်ပျောက်သွားသလဲဆိုပြီး မသိကြတာတောင် ရှိပါတယ်။ ပြန်ပေါ်လာတော့မှ ဝမ်းသာအရ ဖြစ်ကြတာ တွေ့ရတယ်။
 
နောက်တစ်ခုကတော့ ဦးမင်းထင် ဖမ်းဆီးမခံရခင် ၂၀၂၁ ဇူလိုင်ပထမပတ်က ပြည်နယ်နှင့် တိုင်းကိုယ်စားပြုအဖြစ် စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင်ရဲ့ အွန်လိုင်းအစည်းအဝေး တက်ခဲ့တယ်ဆိုတာ တွေ့ရတယ်။ သဘောကတော့ ပရဟိတ အကျိုးတော်ဆောင်ကြီးဟာ စစ်ကောင်စီနဲ့ အတူတူ အလုပ်တွဲလုပ်နေခဲ့သူဆိုတာပါပဲ။ ဒေါ်သက်သက်ခိုင်နဲ့ အစည်းဝေးတက်ပြီး နှစ်လအကြာ ကျိုက်ထိုမှာ မူးယစ်ဆေးတွေနဲ့ ဖမ်းခံထိခဲ့တာပါ။  
 
 
ဒါတွေ ဘာကြောင့် ရေးနေရသလဲဆိုပြီး မေးနိုင်ပါတယ်။ အဆိုတော် ယုန်လေးဟာ ဆဲဆိုခံရပြီးနောက်ပိုင်း လှူဒါန်းမှုတွေ တောက်လျှောက်လုပ်ပြီး လူကြားထဲ ပြန်ဝင်လာတာ တွေ့ရမှာပါ။ မြန်မာလူထုဟာ ပရဟိတနဲ့တွေ့ရင် အရည် 'ပျော်ကျ' ပါတယ်။ လူပေါင်းများစွာ သတ်ဖြတ်နေတဲ့ စစ်တပ်နဲ့ သို့မဟုတ် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူတွေက သိန်း ၁၀၀ ဖိုးလောက် လှူပြလိုက်ရင် မေတ္တာရှင်ကြီး၊ ဂရုဏာရှင်ကြီးအဖြစ် မြင်တတ်ကြပါတယ်။
 
အထက်က ဥပမာကိုကြည့်ပါ။ ကျပ်ဘီလျံ ၄၀ ကျော်ဖိုးကုန်ကူးတဲ့ မူးယစ်ကုန်သည်ကြီးကို ပရဟိတ အကျိုးတော်ဆောင်ကြီးအဖြစ် လူအများက သိရှိလက်ခံထားကြတယ်။ ‘တို့ကတော့ သူ့ဘာသာ မူးယစ်ကုန်သည်ကြီးဖြစ်ဖြစ်၊ စစ်တပ်နဲ့တွဲတွဲ အများကောင်းကျိုးလုပ်ပေးနေရင် ကျေနပ်တယ်ဟေ့’ ဆိုသူတွေအတွက် ပြဿနာ မရှိပါ။ ကိုယ် ကိုးကွယ်ဆည်းကပ်သူဟာ ပရဟိတသမား အမည်ခံ မူးယစ်ကုန်သည်တွေ ဖြစ်နေမှာကို မသိလိုက်မှာစိုးတဲ့အတွက် ဒီစာကို ရေးပါတယ်။
 

You can treat me a cup of coffee.

wave

Press ESC to close