ပင်လောင်း အစုအပြုံလိုက် သတ်ဖြတ်မှု အချက်အလက်စစ်ဆေးခြင်း

ဒီဖြစ်စဉ်ဟာ ၁၁ ရက်နေ့က ဖြစ်ခဲ့တာ ဖြစ်ပေမဲ့ ဓာတ်ပုံတွေကတော့ ၁၂ ရက်နေ့မှ အွန်လိုင်းပေါ် တက်လာတာဖြစ်ပါတယ်။ စစ်ကောင်စီ လော်ဘီ Ko Thet ဆိုတဲ့ တယ်လီဂရမ် ချန်နယ်ကနေ အစောဆုံး တင်ပါတယ်။ မတင်ခင် အမြည်းသဘောမျိုး တင်ခဲ့တာလည်း တွေ့ရပါတယ်။ 

တစ်ရက်တည်းမှာပဲ KNDF ဌာနချုပ်ရဲ့ Facebook စာမျက်နှာကနေ ဓာတ်ပုံတွေနဲ့အတူ ကြေညာချက် ထုတ်ခဲ့ပါတယ်။ KNDF ထုတ်ပြန်ချက်က စစ်ကောင်စီလော်ဘီချန်နယ်တွေထက် တစ်နာရီ နောက်ကျပါတယ်။ သတင်းဌာနအများစုကတော့ KNDF ထုတ်ပြန်ချက်ကို အဓိက ကိုးကားကြပါတယ်။ 

နေပြည်တော်နဲ့ နီးနီးလေး

ဒီဖြစ်စဉ်ဟာ ရှမ်းပြည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်၊ ပင်လောင်းမြို့နယ်မှာ ဖြစ်ခဲ့တာပါ။ ရှမ်းပြည်နယ်ထဲလို့ ဆိုပေမဲ့ နေပြည်တော်၊ ပျဉ်းမနားနဲ့ သိပ်မဝေးပါဘူး။ ပင်လောင်းမြို့နယ်ထဲက နမ်းနိန်း ကျေးရွာမှာ ဖြစ်ခဲ့တာပါ။

ကျေးရွာနာမည်ကို အများစုက သတ်ပုံအမျိုးမျိုးရေးပေမယ့် ဘုန်းကြီးကျောင်းရဲ့ အဝင်မှာတော့ ‘နမ်းနိန်း’ လို့ ရေးထားတာ တွေ့ပါတယ်။ ဒါ့အပြင် ပအိုဝ်းဒေသ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာလည်း နမ်းနိန်းလို့ပဲ ဖော်ပြပါတယ်။ 

အချိန် ကွာဟချက်တချို့

စစ်ကောင်စီ လော်ဘီချန်နယ်တွေက တင်တဲ့ပုံတွေမှာ ဓာတ်ပုံရိုက်တဲ့ ရက်စွဲနဲ့ အချိန်ပါဝင်ပါတယ်။ ဓာတ်ပုံတွေဟာ မတ် ၁၁၊ မနက် ၈ နာရီ နဲ့ ၉ နာရီကြားမှာ ရိုက်ထားတာပါ။ ဒီအချိန်ကို KNDF ထုတ်ပြန်ချက်နဲ့ တိုက်ဆိုင်ကြည့်ရင်တော့ အနည်းငယ် ကွဲလွဲမှုရှိတာ တွေ့ရမှာပါ။​

KNDF ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ (မူရင်းသတ်ပုံအတိုင်း) “မတ်လ ၁၁ ရက်နေ့၊ ညနေခင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ပင်လောင်မြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ အနီးပတ်ဝန်းကျင်သို့ တိုက်လေယာဉ်နှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းသို့ ဝင်ရောက်” ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လော်ဘီတွေ တင်တဲ့ ဓာတ်ပုံတွေအရဆိုရင်တော့ ၁၁ ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင် သို့မဟုတ် ၈ နာရီမတိုင်ခင်မှာ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ၈ နာရီဟာ မနက်မဟုတ်ဘဲ ညလို့ ယူဆရင်တောင် ပင်လောင်းလိုဒေသမျိုးမှာ အဲ့ဒီအချိန်မှာ နေ့အလင်းရောင် မရှိတော့ပါဘူး။ 

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF-KK ရဲ့ ထုတ်ပြန်ချက်အရ ဆိုရင်လည်း စစ်ကောင်စီလော်ဘီတွေ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲက အချိန်ဟာ ယုတ္တိကျတာ တွေ့ရပါတယ်။ 

PNDF-KK ရဲ့ ထုတ်ပြန်ချက်ထဲမှာ “၁၁ ရက်နေ့၊ နံနက် ၅ နာရီအချိန်ခန့်တွင် နမ်းနိန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများ၊ မီးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး၊ လက်နက်ကြီးပစ်ခတ်မှုကို အကာအကွယ်ယူ၍ အခြားသော စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် နမ်းနိန်းကျေးရွာအတွင်းသို့ ဝင်ရောက်” ခဲ့တယ်လို့ ရေးသားထားပါတယ်။ 

ဒါကြောင့် ဒေသခံရွာသားတွေဟာ ၁၁ ရက်နေ့ နံနက် ၅ နာရီနဲ့ ၉ နာရီကြားမှာ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ 

ယင်ကောင်တွေနဲ့ လက်လုပ်သေနတ်တွေ

အဖွဲ့အသီးသီးက တင်ကြတဲ့ ဓာတ်ပုံတွေနဲ့ ရုပ်သံတွေအရ ဒေသခံတော်လှန်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီ စစ်ကြောင်း ထွက်သွားပြီး မနေ့က မတ် ၁၂ နေ့လယ်မှာမှ နမ်းနိန်းကျေးရွာကို ဝင်ရောက်ခဲ့တယ်လို့ ဆိုကြပါတယ်။ 

စစ်ကောင်စီက တင်တဲ့ ဓာတ်ပုံတွေထဲ အလောင်းတွေမှာ သွေးတွေ မခြောက်သေးပေမယ့် ဒေသခံ တော်လှန်ရေးအဖွဲ့တွေ တင်ကြတဲ့ ရုပ်သံတွေနဲ့ ဓာတ်ပုံတွေမှာတော့ အလောင်းတွေမှာ သွေးတွေခြောက်နေပြီဖြစ်ပြီး ယင် တလောင်းလောင်းနဲ့ပါ။

စစ်ကောင်စီက တင်တဲ့ ဓာတ်ပုံတွေမှာ ဘုန်းကြီးအလောင်းတွေကလွဲပြီး အရပ်သား အလောင်းတိုင်း အပေါ် လက်လုပ်သေနတ် တစ်လက်စီ ‘တင်ပေးထားတာ’ တွေ့ရပါတယ်။ အဲ့ဒီ သေနတ်တွေမှာ သွေးပေစွန်းနေခြင်း မရှိပါဘူး။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တင်ကြတဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေမှာတော့ လက်လုပ်သေနတ်တွေ မတွေ့ရပါ။

၂၈ လောင်းလား၊ ၂၁ လောင်းလား

KDF ရဲဘော် ‘မူးပွား’ တင်ထားတဲ့ ရုပ်သံအရ အလောင်းတွေကို ရေတွက်ကြည့်ရာမှာ လူပုဂ္ဂိုလ် ၁၈ လောင်းနဲ့ ဘုန်းကြီး ၃ လောင်း၊ စုစုပေါင်း ၂၁ လောင်းကို တွေ့ရှိရပါတယ်။ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF-KK က တင်ထားတဲ့ ရုပ်သံထဲက အလောင်းတွေကို ရေတွက်ကြည့်ရာမှာလည်း ၂၁ လောင်းရှိပါတယ်။ 

ဒါပေမယ့် KNDF ထုတ်ပြန်ချက်အရတော့ “ပျောက်ဆုံးသူ ၃၀ ဦးအနက် သေဆုံးသူများ၏ အလောင်း ၂၈ လောင်းကို တွေ့ရှိခဲ့” တယ်လို့ဆိုပါတယ်။ သတင်းဌာနအများစုကလည်း ဒီကိန်းဂဏန်းကို ကိုးကားရေးကြတာ တွေ့ရပါတယ်။

PNDF-KK နဲ့ KDF ရဲဘော်ရဲ့ ရုပ်သံအရ အလောင်း ၂၁ လောင်း အပြင် KNDF က ထပ်မံတွေ့ရှိပြီး စာရင်းပေါင်းထည့်ထားတာလား ဆိုတာတော့ အတိအကျ မသိရပါ။ (KDF ရဲဘော်ရဲ့ မူရင်း ရုပ်သံဖိုင်ကို ဒီ Link ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်)

ဖြည့်စွက်ချက် - မြေပြင်ရောက်နေတဲ့ ကူညီကယ်ဆယ်ရေးရဲဘော်တစ်ဦးရဲ့ မနေ့ည (မတ် - ၁၃) က ပြောပြချက်အရ ကျား - ၁၈၊ မ ၁၊ ဘုန်းကြီး ၃ စုစုပေါင်း ၂၂ ဦးလို့ ထပ်မံ သိရပါတယ်။

ဘယ်သူသတ်တာလဲ အငြင်းပွားစရာမလို

အင်တာနက်အသုံးပြုသူ တချို့ကြားမှာ နမ်းနိန်းဒေသခံတွေကို ဘယ်သူ သတ်သွားတာလဲဆိုပြီး ဝေဝါးကြတာလည်း တွေ့ရပါတယ်။ ဒါကတော့ အငြင်းပွားစရာမရှိပါ။ ဘာကြောင့်လဲဆိုရင် စစ်ကောင်စီဝါဒဖြန့်သူတွေ ကိုယ်တိုင် ဝန်ခံထားပြီးသားဖြစ်ပါတယ်။ 

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေက ထုတ်ပြန်တဲ့ ပုံတွေမှာ “ကယားပဒက်များကို ဆုံးမခြင်း” “ကယားပဒက်များကို နှိမ်နင်းခြင်း” စတဲ့ စာတန်းတွေ ရေးသားပြီး ဒီ ဘုန်းကြီးကျောင်းထဲက ဒေသခံတွေကို သူတို့ပစ်သတ်တာဖြစ်ကြောင်း ဝန်ခံရေးသားထားတာ တွေ့ရပါတယ်။  

ဒါ့အပြင် ထပ်ပြီး သေချာသွားတာကတော့ စစ်ကောင်စီလော်ဘီတွေ တင်ထားတဲ့ ဓာတ်ပုံတွေမှာ မီး စတင်လောင်ကျွမ်းနေတာကို မြင်ရတာပါပဲ။ နမ့်နိန်း ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ခဲ့တယ်ဆိုတာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အသီးသီးထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ 

အချိန်ကိုက် ဝါဒဖြန့်မှု 

ပအိုဝ်းဒေသနဲ့ ပတ်သက်ပြီး သတင်းမှားတွေ အလွန်ပျံ့နေတာကို သတိထားဖို့ သက်ဆိုင်ရာ ပအိုဝ်းအဖွဲ့တွေက မတ် ၁၀ ရက်နေ့ကတည်းက ဆိုရှယ် မီဒီယာမှာ သတိပေးခဲ့တာ ရှိပါတယ်။

မတ် ၁၁ ရက် နမ်းနိန်ရွာကို စစ်ကောင်စီ ဝင်နေတဲ့အချိန် တပြိုင်နက်တည်းမှာ KNDF အကြောင်း လုပ်ကြံထားတဲ့ သတင်းတွေကို ဓာတ်ပုံအစစ်တွေနဲ့ ပုံမှားရိုက်ပြီး ပအိုဝ်းတိုင်းရင်းသားစာနဲ့ ရေးသားဖြန့်ဝေနေတဲ့ အကောင့်တုတွေ အများကြီး တွေ့ရပါတယ်။ 

ဒီလို အချိန်ကိုက် သတင်းမှားဖြန့်တဲ့ Facebook တွေထဲမှာ San Aung ဆိုတဲ့ ပအိုဝ်းဘာသာစကားနဲ့ အများဆုံး တင်တဲ့ စာမျက်နှာက ပအိုဝ်းတွေကြားထဲ အတော်ပေါက်တာ တွေ့ရပါတယ်။ 

၁၁ ရက်နေ့က နမ်းနိန်းရွာ ဒေသခံတွေနဲ့ ဘုန်းကြီးတွေဟာ “KNDF ကယန်း (ပဒေါင်) တွေရဲ့  သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်” လို့ ဒီ San Aung အကောင့်ကနေ စဉ်ဆက်မပြတ် ရေးနေတာ တွေ့ရပြီး ဖတ်ရှုသူ၊ မျှဝေသူလည်း များတာ တွေ့ရပါတယ်။ ဒါ့အပြင် San Aung ဆိုသူက PA-O Pay နဲ့ NIYO - Media - နီယို ဆိုတဲ့ စာမျက်နှာတွေကနေလည်း ပုံမှားရိုက်တွေ သတင်းတွေ တောက်လျှောက် တင်နေပါသေးတယ်။ 

San Aung ဟာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဥက္ကဋ္ဌ ဦးအောင်ခမ်းထီရဲ့ လှုပ်ရှားမှုတွေကိုလည်း တောက်လျှောက် တင်ခဲ့တဲ့ စာမျက်နှာပါ။ လူကြည့်လည်း များပါတယ်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဥက္ကဋ္ဌ ဦးအောင်ခမ်းထီ ဆိုတာကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ပအိုဝ်းပြည်သူ့စစ် ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။ 

You can treat me a cup of coffee.

wave

Press ESC to close