ဘာသာရေး အရှုပ်တော်ပုံနဲ့ ရှင်ဇိုအာဘေး လုပ်ကြံခံရမှု

ရှင်ဇိုအာဘေး သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းကြားအပြီးမှာ မြန်မာနိုင်ငံသားတွေ ဟင်ကနဲ ဟာကနဲ ဖြစ်သွားကြတယ်။ မြန်မာနိုင်ငံက လူတွေတင်ပဲလားဆို မဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံးလို့တောင် ပြောရမှာပါ။ ဘာကြောင့်လဲဆိုရင် ဂျပန်ဟာ လက်နက်ကိုင်ဆောင်ခွင့် တားမြစ်ထားမှုမှာ အင်မတန် တင်းကြပ်ပြီးတော့ ဒီလို သေနတ်နဲ့ ပစ်သတ်လုပ်ကြံတယ်ဆိုတာလည်း ဂျပန် ခေတ်သစ်ယဉ်ကျေးမှုမှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တာကြောင့်ပါ။

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ မြန်မာလူထုနဲ့ မစိမ်းပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ဦးသိန်းစိန်နဲ့ပါ အကြိမ်များစွာ တွေ့ခဲ့ဖူးသူတစ်ယောက်။ သူ ဆုံးတယ်ဆိုတော့ မြန်မာပြည်ကိုရောက်တုန်းက အဖြစ်အပျက်တွေ တင်ကြ၊ သူ့အကြောင်းတွေပြောကြနဲ့ မြန်မာလူထုကလည်း ဝမ်းနည်းကြောင်း ပြသကြတယ်။

အာဘေး သတ်ဖြတ်ခံရမှုဟာ ရှုပ်ထွေးနက်နဲတဲ့ ဂျပန်ရဲ့ ဘာသာရေး၊ နိုင်ငံရေး အရှုပ်အထွေးကြီးကို အစဆွဲထုတ်လိုက်သလို ကမ္ဘာ့မီဒီယာမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားပြီး သာမန် လူတစ်ဦးက ဘာကြောင့် အထင်ကရ နိုင်ငံရေးခေါင်းဆောင်ကို သတ်ပစ်ရတာလဲဆိုတဲ့ မေးခွန်းတွေ ဆက်တိုက်ပေါ်လာစေခဲ့ပါတယ်။

သေနတ်နဲ့ ပစ်သတ်ခဲ့သူ တက်ဆုယ ယာမဂါ့မိဟာ အာဘေးရဲ့ နိုင်ငံရေးရပ်တည်ချက်ကို မကြိုက်လို့ မဟုတ်သလို ငွေပေးစေခိုင်းလို့ လုပ်ကြံခဲ့တာလည်း မဟုတ်ပါ။ ဆိုရရင် ကိုးကွယ်ရာ ခရစ်ယာန် အသင်းတော်ရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲမွဲတေမှု ဖိအားကနေ ကမ္ဘာသိ အထင်ကရ နိုင်ငံရေးသမား၊ ဝန်ကြီးချုပ်ဟောင်းကို သတ်ပစ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။

အာဘေးကို ပစ်ခတ်ခဲ့သူ ယာမဂါ့မိ။ (ဓာတ်ပုံ - Kyodo/Via Reuters)

သတ်ဖြတ်ခဲ့သူ ယာမဂါ့မိနဲ့ အသင်းတော် ဘယ်လိုပတ်သက်သလဲ၊ အသင်းတော်ရဲ့ တိုက်တွန်းမှုက ဘာကြောင့် ယာမဂါ့မိ မိသားစုကို ဆင်းရဲမွဲတေ ချွတ်ခြုံကျသွားစေသလဲ၊ ဝန်ကြီးချုပ် အာဘေးနဲ့ ဒီအသင်းတော် ဘယ်လိုပတ်သက်နေသလဲ၊ ဂျပန်နိုင်ငံရေးမှာ ဒီအသင်းတော်က ဘယ်လောက်ထိ အရေးပါသလဲ။

မရှိလို့ လှူ၊ လှူလို့ မရှိ

ယာမဂါ့မိတို့ မိသားစုဟာ ဂျပန်နဲ့ ကိုရီးယားမှာ နာမည်ကြီးတဲ့ ပေါင်းစည်းခြင်း အသင်းတော်*[1] ကို အကြီးအကျယ် ခြေစုံပစ်လှူဒါန်းလေ့ရှိတဲ့ မိသားစုတွေထဲက တစ်စုပါ။ အာဘေး သတ်ဖြတ်ခံရပြီးမှ ထုတ်ပြန်တဲ့ ဒီအသင်းတော်ရဲ့ ကြေညာချက်ထဲမှာ ယာမဂါ့မိရဲ့ အမေ (မိသားစု) အနေနဲ့ အသင်းတော်ကို အမေရိကန် ဒေါ်လာ သုံးသိန်းခြောက်သောင်းနီးပါး (ဂျပန်ယန်း သန်း ၅၀) ပေးဖို့ သဘောတူထားခဲ့ပါသတဲ့။ ယာမဂါ့မိရဲ့ ဦးလေးဖြစ်သူ ပြောတာကတော့ သူ့ညီမဟာ အနည်းဆုံး ယန်း ၁၀ သန်း (အမေရိကန်ဒေါ်လာ ခုနစ်သောင်းခွဲကျော်) အသင်းတော်ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဘာကြောင့် အသင်းတော်ကို ပေးတာလဲဆိုရင် ဝင်ငွေတိုးအောင်၊ ကံကောင်းအောင် အဆောင်လက်ဖွဲ့ဖိုးတွေ၊ ယတြာတွေ၊ အစီအရင်တွေ အတွက် ပေးလှူကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် လစဉ်ကြေး၊ နှစ်စဉ်ကြေးလိုမျိုး ပုံမှန်သွင်းပြီး လှူဒါန်းကြသူ မိသားစုတွေလည်း အများကြီးပါပဲ။

ဒါ့အပြင် ဒီအသင်းတော်က ဝန်ထမ်းတွေဟာ အိမ်တွေကို လှည့်လည်ပြီး "မိတ်ဆွေတို့ရဲ့ သေဆုံးသွားတဲ့ မိသားစုဝင်တွေက ကျနော်တို့ကို ဆက်သွယ်လာပါတယ်။ သူတို့က ကျနော်တို့ အသင်းတော်ကို မိသားစုတွေအနေနဲ့ ငွေလှူဒါန်းစေချင်တဲ့အကြောင်း ပြောလာပါတယ်၊ ဒါဆိုရင် သူတို့အနေနဲ့ သေဆုံးပြီးဘဝမှာ မြင့်မြတ်တဲ့ဘုံကို ရောက်နိုင်မှာပါ" ဆိုပြီး ပြောဆိုလေ့ရှိပါတယ်။

ယုံကြည်သူတွေဟာ ကျမ်းစာတွေအပြင် အသင်းတော် တည်ထောင်သူ သိက္ခာတော်ရ ဆရာတော် ဟောကြားတဲ့ တရားတော်တွေကို သားရေနဲ့ထပ်ချုပ်ထားတဲ့ စာအုပ်တွေကိုလည်း အမြဲ ဈေးကြီးပေးပြီး ဝယ်ယူခဲ့ရတယ်လို့ ဂျပန်တရားရုံး မှတ်တမ်းတွေက ဆိုပါတယ်။ ဒါ့အပြင် အသင်းတော်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေကနေ ရောင်းချတဲ့ ကိုရီးယားနိုင်ငံထုတ် အိမ်တွင်းအလှဆင် ကြွေအိုး ပန်းအိုးတွေကိုလည်း ဈေးကြီးပေးဝယ်ကြရတယ်လို့ ဆိုပါတယ်။ ရည်ရွယ်ချက်ကတော့ ဘိုးဘေးတွေ တမလွန်မှာ ဒဏ်ခတ်ခံရမှုကနေ လွတ်အောင် ဖြစ်ပါတယ်။

ဒီလို လှူဒါန်းတာဟာ ဂျပန်နဲ့ ကိုရီးယားမှာဆိုရင် ပုံမှန် အလေ့အထ တစ်ခုပါပဲ။ ၂၀၁၆ ခုနှစ်တုန်းက အသင်းတော်နဲ့ ဖြစ်ခဲ့ဖူးတဲ့ အမှုတစ်ခုမှာဆိုရင် ဘုရားရဲ့ ရှုံ့ချမှုက လွတ်အောင်၊ သေသွားပြီဖြစ်တဲ့ ဘိုးဘေးတွေ ဒဏ်ခတ်ခံရခြင်းက ကင်းဝေးအောင်၊ ရောဂါဖြစ်နေတဲ့ ယောက်ျား နေကောင်းလာအောင်ဆိုပြီး အမျိုးသမီးတစ်ဦးက လစာနဲ့ ဘဏ်စုငွေ ရှိသမျှ အကုန် လှူဒါန်းဖူးပြီး နောက်ဆုံးမွဲပြာကျလို့ တရားရုံးရောက်၊ အသင်းတော်အနေနဲ့ အမေရိကန်ဒေါ်လာ နှစ်သိန်း ခုနစ်သောင်းကျော် မိသားစုကို ပြန်ပေးဖို့ တရားရုံးက ဆုံးဖြတ်ချက်ချဖူးပါတယ်။

၂၀၂၀ ခုနှစ်ကဆိုရင်လည်း ကင်ဆာဖြစ်နေတဲ့ကလေးဟာ မိသားစုရဲ့ အကုသိုလ်ဝဋ်ကြွေးကြောင့်လို့ဆိုပြီး ဒါတွေပျောက်သွားအောင် အသင်းတော်ကို ဒေါ်လာ ထောင်သောင်းချီလှူဒါန်းဖို့ ကလေးမိခင်ကို စည်းရုံးသိမ်းသွင်းခဲ့ဖူးပါတယ်။ နောက်ပိုင်း တရားရုံးကနေ ဒီအမျိုးသမီးကို လျော်ကြေးပြန်ပေးဖို့ အသင်းတော်ကို အမိန့်ချဖူးပါတယ်။

ဒီအသင်းတော်ရဲ့ အဓမ္မ တိုက်တွန်းခြောက်လှန့်မှုကြောင့် မိသားစုပေါင်း များစွာ ရှိသမျှ အကုန် လှူဒါန်းခဲ့ကြပြီး ဘဝပျက်ခဲ့ကြဖူးပါတယ်။ ရှင်ဇိုအာဘေးကို သတ်ဖြတ်ခဲ့တဲ့ ယာမဂါ့မိတို့ မိသားစုလည်း ဒီအထဲ ပါပါတယ်။

ရှင်ဇိုအာဘေးကို မသတ်ခင်တစ်ရက်မှာ ယာမဂါ့မိက အွန်လိုင်း ဘလော်ဂါတစ်ယောက်ဆီ စာရေးသားခဲ့ပါတယ်။ ဒါက အသင်းတော်ရဲ့ အလွန်အကျွန်လှူဒါန်းခိုင်းမှုဟာ ငါတို့မိသားစုကို ဖျက်ဆီးနေတာ။ ပြီးတော့ မွဲပြာကျအောင် တွန်းပို့နေသလိုပါပဲလို့ ရေးထားပါတယ်။ ပြီးတော့ ငါ့အတွေ့အကြုံအရ ပြောရရင် အဲ့ဒီ (အသင်းတော်ကို ငွေပေးလှူနေရတာက) ငါတို့ဘဝကြီးတစ်ခုလုံးကို ယိုယွင်းသွားအောင် လုပ်နေတယ်လို့ ယာမဂါ့မိက ဆိုပါတယ်။

ဘုရားက စေလွှတ်သူ ကယ်တင်ရှင်မွန်း

လူတွေကို စည်းရုံးသိမ်းသွင်းပြီး လူမွဲစာရင်းဝင်သွားလောက်တဲ့အထိ လှူခိုင်းတဲ့ ပေါင်းစည်းခြင်း အသင်းတော်ကို ၁၉၅၄ ခုနှစ်မှာ သိက္ခာတော်ရ ဆရာတော် ဆွန်မြောင်မွန်းဆိုသူက ကိုရီးယားနိုင်ငံမှာ တည်ထောင်ခဲ့တာပါ။ ဆွန်မြောင်မွန်းဟာ ကမ္ဘာကြီးငြိမ်းချမ်းဖို့နဲ့ လူတွေကို ကယ်တင်ဖို့အတွက် ဘုရားက စေလွှတ်လိုက်သူကယ်တင်ရှင်*[2] လို့ သူ့ကိုယ်သူ သုံးနှုန်းပြောဆိုပါတယ်။ တရားဟောရင် ဘုရားက ကျုပ်ကို ပြောတယ်”*[3] လို့ အစချီ သုံးနှုန်းတတ်ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဆွန်မြောင်မွန်းနဲ့ လက်ရှိ အသင်းတော်ရဲ့ ခေါင်းဆောင် သူ့ဇနီး ဟာ့ဂျာဟန်

ဒါ့အပြင် ဆွန်မြောင်းမွန်းကို ယုံကြည်ကိုးကွယ်ကြသူ နောက်လိုက်တွေကတော့ ဘုရားက ဆရာတော် မွန်း ကိုပြောဖူးတယ်လို့ အစချီပြီး သူတို့ရဲ့ ကြော်ငြာစာတွေ လက်ကမ်းစာစောင်တွေ အပြင်မှာရော အွန်လိုင်းပေါ်မှာပါ ဖြန့်ဝေလေ့ရှိပါတယ်။ ဆွန်မြောင်မွန်းကို ကိုးကွယ်သူ နောက်လိုက် တွေကိုတော့ မွန်နီး*[4] လို့ ခေါ်ကြပါတယ်။

ဒီအသင်းတော်ကို ကိုးကွယ်ယုံကြည်သူတွေဟာ ခရစ်ယာန်တွေရဲ့ ထုံးစံ သမ္မာကျမ်းစာ*[5] ကို လိုက်နာတယ်ဆိုပေမယ့် ဆွန်မြောင်မွန်းရဲ့ ဟောပြောချက်တွေ စုစည်းထားတဲ့ 'ကောင်းကင် ဥပဒေသ'*[6] ဆိုတဲ့စာအုပ်ကို အဓိက လိုက်နာကျင့်သုံးကြတာ ဖြစ်ပါတယ်။

ဆွန်မြောင်မွန်းရဲ့ ဟောပြောချက်တွေ*[7] ဟာ ခရစ်ယာန်တွေရဲ့ မူလဒိဋ္ဌ - နိစိန် ယုံကြည်ချက်*[8] နဲ့ကွဲပြားတဲ့အကြောင်း အမေရိကန် ဒဿနိကဗေဒ ပါမောက္ခ ဖရက်ဒရက် ဆွန်တဂ္ဂ က သူ့ရဲ့ ၁၉၇၇ ခုနှစ်ထုတ် ဆွန်မြောင်မွန်းနှင့် ပေါင်းစည်းခြင်း အသင်းတော်*[9] ဆိုတဲ့ စာအုပ်ထဲ ရေးဖူးပါတယ်။

ကောင်းကင် ဥပဒေသရဲ့ အဓိက ဟောပြောချက်ကတော့ 'ကင်းလွတ်ချမ်းသာခွင့်'*[10] ဖြစ်ပြီး ဒီအသင်းတော်ဟာ ခရစ်ယာန် 'ဘာသာရေးလှုပ်ရှားမှု အသစ်' ဖြစ်တယ်လို့လည်း ပေါင်းစည်းခြင်း အသင်းတော်က ကြေညာခဲ့ပါတယ်။

၁၉၅၄ ခုနှစ်မှာ ကိုရီးယားမှာ စ တည်ထောင်ခဲ့ပေမယ့် ငါးနှစ်အကြာ ဂျပန်နိုင်ငံမှာ အသင်းတော်ရုံးခွဲ ငါးခုတိတိ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိုရီးယားနိုင်ငံထက် ဂျပန်နိုင်ငံက ရတဲ့ လှူဒါန်းငွေဟာ ပိုများခဲ့ပြီး အသင်းတော်အတွက် အဓိက ငွေဝင်ပေါက်နိုင်ငံကြီး ဖြစ်လာခဲ့ပါတယ်။

ဆွန်မြောင်မွန်း ဟောလေ့ရှိတဲ့ တရားတွေထဲက ၁၉၇၃ ခုနှစ်မှာ ဟောခဲ့ဖူတဲ့အထဲ သင်တို့ တစ်ဦးချင်းစီဟာ ပြစ်ဒဏ်ခံနေကြရသူတွေဖြစ်တယ်၊ ပြန်လည်ထိန်းကျောင်းပေးဖို့ လိုအပ်နေတယ်၊ ဒီအတွက် ကင်းလွတ်ချမ်းသာခွင့်အနေနဲ့ သင်တို့ရဲ့ ဘိုးဘေးတွေ ဟိုးအတိတ်မှာ ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေအတွက် ပြန်လည်ပေးဆပ်ကြရမယ်လို့ ပါဝင်ပါတယ်။

လှူဒါန်းငွေတွေကို ဆွန်မြောင်မွန်း ဘာလုပ်သလဲ

၁၉၈၀ ဝန်းကျင်လောက်မှာ ဂျပန်မှာရှိတဲ့အသင်းတော်တွေကနေ ဒေါ်လာဘီလျံချီရခဲ့ပါတယ်။ ဆွန်မြောင်မွန်းဟာ ဒီကနေ စီးပွားရေးလုပ်ငန်း အင်ပါယာကြီး ထူထောင်နိုင်ခဲ့ပြီး လူထုအကျိုးပြုအဖွဲ့အစည်းပေါင်းစုံ ထောင်ခဲ့သလို ၂၀၀၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဖက်ဒရေးရှင်း*[11] ဟာ နိုင်ငံပေါင်းစုံမှာရှိတဲ့ အထင်ကရ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ရုံးချုပ်က နယူးယောက်မြို့မှာ ရှိပါတယ်။ ဒါ့အပြင် ၁၉၈၂ ခုနှစ်မှာ အမေရိကန် ဝါရှင်တန်မှာ မီဒီယာကြီးတစ်ခုကိုလည်း တည်ထောင်ခဲ့ဖူးပြီး သတင်းစာနာမည်က The Washington Times ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက တိုကျိုရဲတပ်ဖွဲ့ဟာ ပေါင်းစည်းခြင်း အသင်းတော်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုကို စီးနင်းရှာဖွေခဲ့ဖူးပြီး အဲ့ဒီမှာ မတန်တဆ ဈေးတင်ထားတဲ့ အရောင်း စာရင်းတွေနဲ့ စာရွက်စာတမ်းတွေ အများအပြား တွေ့ခဲ့ဖူးပါတယ်။ အဲ့ဒီနောက် အမှုဆောင်အဆင့် ၂ ဦးအပါအဝင် ဝန်ထမ်း ၅ ဦးကို ထောင်ဒဏ်ချခဲ့ဖူးပါတယ်။

၁၉၈၂ တုန်းကလည်း ဆွန်မြောင်မွန်းကို အမေရိကန်မှာ အခွန်ရှောင်မှုနဲ့ ထောင်ချခဲ့ဖူးပါသေးတယ်။ ဆွန်မြောင်မွန်း ၂၀၁၂ မှာ ဆုံးသွားခဲ့ကတည်းက ဒီနေ့ချိန်ထိ ဒီအသင်းတော်ကို သူ့ အမျိုးသမီး ဟော့ဂျာဟန် က ဆက်အုပ်ချုပ်ပြီး သူတို့မိသားစုဝင်တွေကပဲ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

အသင်းတော်နဲ့ အာဘေး ဆက်နွယ်မှု

ပေါင်းစည်းခြင်း အသင်းတော်ဟာ နယ်နယ်ရရ မဟုတ်ပါဘူး။ အာဘေးကို ပစ်သတ်ခဲ့ပြီးတဲ့နောက် ယာမဂါ့မိ က ဒီအသင်းတော်နာမည်ကို ထုတ်ဖော်ပြောခဲ့ပေမယ့် ဂျပန်ရဲတပ်ဖွဲ့ဟာ အစောပိုင်းမှာ အဖွဲ့အစည်းတစ်ခုကို မကျေနပ်လို့ဆိုပြီး နာမည်မဖော်ဘဲ ထုတ်ပြန်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာမှ နာမည်နဲ့တကွ ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီ အသင်းတော်နဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဖက်ဒရေးရှင်းက လုပ်တဲ့ ပွဲတွေမှာ အမေရိကန် သမ္မတတွေဖြစ်တဲ့ ရော်နယ်ရေဂင်၊ နစ်ဆင်၊ ဂျော့ အိတ် ဒဗလျူ ဘုရှ်၊ ဒေါ်နယ်ထရမ့်၊ လူရွှင်တော် ဘေ ကော့စ်ဘီ*[12] တို့အပါအဝင် ၁၉၉၀ ခုနှစ်တွေတုန်းကဆိုရင် ဆိုဗီယက်က မီခေး ဂေါ်ဘာချော့တို့လို ပုဂ္ဂိုလ်မျိုးထိ စကားပြောပေးခဲ့ဖူးပါတယ်။ အသင်းတော်ကနေ ငွေပေးခေါ်ယူတဲ့အတွက် စကားပြောပေးခဲ့ကြတာ ဖြစ်ပေမယ့် (၄၁ ယောက်မြောက်) သမ္မတ ဘုရှ် ဆိုရင် သူရတဲ့ငွေ ဒေါ်လာ ရှစ်သောင်းကို အသင်းတော်ကို ပြန်လှူခဲ့ဖူးပါတယ်။

ဆွန်မြောင်မွန်း ကို မိန့်ခွန်းထဲ ချီးကျူးနေတဲ့ ဒေါ်နယ်ထရမ့်

ပေါင်းစည်းခြင်း အသင်းတော်ဟာ ဂျပန်မှာရှိတဲ့ ဝန်ကြီးပေါင်း ဒါဇင်နဲ့ချီပြီး ထိန်းချုပ်ထားနိုင်ပြီး အာဘေးသတ်ဖြတ်ခံရတဲ့ နာရာ စီရင်စု*[13] မှာရှိတဲ့ ဝန်ကြီးတစ်ဦးဟာလည်း ဒီ အသင်းတော်ရဲ့ အရိပ်အာဝါသအောက်က မလွတ်ပါဘူး။

ရှင်ဇိုးအာဘေးကတော့ အထင်ကရ ဂျပန်နိုင်ငံရေးသမားတွေထဲ ဒီအသင်းတော်နဲ့ မျိုးနဲ့ရိုးနဲ့ရင်းနှီးခဲ့သူလို့ ဆိုရပါမယ်။ အာဘေးရဲ့ အဘိုး၊ အရင် ဂျပန်ဝန်ကြီးချုပ်ဟောင်း 'နိုဘုဆုကဲ ကိရှိ' ဟာ ဆွန်မြောင်မွန်း စီစဉ်တဲ့ ပွဲကြီးတစ်ခုမှာ စကားပြောခဲ့ဖူးပါတယ်။

ဒါ့အပြင် ရှင်ဇိုးအာဘေးဟာလည်း လောလောလတ်လတ် ၂၀၂၁ ခုနှစ်က ပေါင်းစည်းခြင်း အသင်းတော်ရဲ့ ကမကထပြုမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဖက်ဒရေးရှင်း က လုပ်တဲ့ပွဲမှာ စကားပြောခဲ့ဖူးပါတယ်။ ဒီအတွက်လည်း ဂျပန်ကွန်မြူနစ်ပါတီက ဝေဖန်ခဲ့ဖူးသလို ဘာသာရေးဆိုင်ရာ စောင့်ကြည့်သူတွေက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

အာဘေးကို သေနတ်နဲ့ ပစ်သတ်ခဲ့သူ ယာမဂါ့မိ ကတော့ ဘာကြောင့် အာဘေးကို ပစ်သတ်ရတယ်ဆိုတာ အတိအလင်းပြောတာ မတွေ့ရပါ။ ဒါပေမယ့် သူ့မိခင်နဲ့ သူတို့ တစ်မိသားစုလုံးကို မွဲပြာကျသွားစေအောင် လုပ်တာက ပေါင်းစည်းခြင်း အသင်းတော် ဖြစ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ယာမဂါ့မိ က “(အာဘေးဟာ) ကျနော့် ရန်သူ မဟုတ်ပါဘူးလို့ ပြောသွားပြီး သူက ပေါင်းစည်းခြင်း အသင်းတော်ရဲ့ သြဇာအာဏာကြီးတဲ့ ထောက်ခံသူတစ်ယောက်အပြင် ဒီထက်မပိုပါဘူးလို့ ရေးသားခဲ့ပါတယ်။

အာဘေးသတ်ဖြတ်ခံရပြီး အသင်းတော်ရဲ့ အရှုပ်တော်ပုံတွေ၊ စည်းရုံးသိမ်းသွင်း လှူဒါန်းခိုင်းမှုတွေအများကြီး ထွက်ပေါ်လာအပြီးမှာတော့ အသင်းတော်က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ အသင်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ 'ဆူဆုမု ဆာတို' ပြောသွားတာက ဒီလို မတန်တဆ လှူဒါန်းဖို့ စေ့ဆော်တိုက်တွန်းတာက ယုံကြည်မှုပါပဲတဲ့။

(ဒီလို အဆမတန်လှူဒါန်းမှုတွေဟာ) ဒီနေ့လိုအချိန်မျိုးမှာ စဉ်းစားကြည့်လို့တောင် ရကြမယ် မထင်ပါဘူး၊ ဒါပေမယ့် ဒီလူတွေဟာ ဘုရား ကို ယုံကြည်ကြသူတွေပဲလေလို့ မစ္စတာ ဆာတိုက ဆိုပါတယ်။



ဆောင်းပါးတစ်ပုဒ်လုံးတွင် အသုံးပြုထားသည့် 'ဘုရား' ဆိုသည်မှာ God ကိုဆိုလိုသည်။

*[1] – Unification Church
*[2] – Messiah
*[3] – “God told me”
*[4] – Moonies
*[5] – Holy Bible
*[6] – Divine Principle
*[7] – Divine Principle
*[8] – Nicene Creed
*[9] – Sun Myung Moon and the Unification Church
*[10] – Indemnity
*[11] – Universal Peace Federation
*[12] – Bill Cosby
*[13] – Nara Prefecture



စာကြွင်း - ရှင်ဇိုအာဘေးအကြောင်း ဖတ်ရင်းနဲ့ လုပ်ကြံခံရမှု နောက်ကွယ်က အကြောင်းအရာတွေကိုပါ လိုက်ရှာဖတ်မိရင်း စိတ်ဝင်စားစရာ အတော်များများ တွေ့ရတာမို့ စိတ်ဝင်စားသူ မိတ်ဆွေတွေအတွက် စုစည်းဘာသာပြန်ထားတာ ဖြစ်ပါတယ်။ မူရင်းတွေဖတ်ချင်ရင်တော့ အောက်မှာ စာစုစာရင်း ရှိပါတယ်။ Unification အသင်းတော်တည်ထောင်သူရဲ့ အကျိုးမဖက်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ UPF အကြောင်းနဲ့ ဒီအဖွဲ့ဟာ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံခဲ့မှုတွေ ရှိတဲ့အကြောင်းကို သပ်သပ်ရေးပါဦးမယ်။



စာကိုးစာရင်း -
၁။ Sun Myung Moon and the Unification Church - Sontag, Frederick - 1977 - Nashville, Tenn.: Abingdon Press
၂။ How Abe and Japan became vital to Moon’s Unification Church – Washington Post
၃။ In Japan, Abe Suspect’s Grudge Against Unification Church Is a Familiar One – New York Times
၄။ EXPLAINER: The Unification Church’s ties to Japan’s politics – AP
၅။။ Who are the ‘Moonies’ and why are they in the spotlight? – The Guardian
၆။ Scrutiny falls on Unification Church after Shinzo Abe's assassination – NBC News
၇။ Japan's defence minister had help from Unification Church in elections – The Japan Times
၈။ Shinto religion has long been entangled with Japan’s politics – The Conversation
၉။ People born into Unification Church speak out about hardships – The Asahi Shimbun
၁၀။ Abe’s death exposes long-neglected collusion between politicians and Unification Church in Japan, South Korea – Global Times

You can treat me a cup of coffee.

wave

Press ESC to close