စုစည်းအားကို ပြဖို့

တိုက်ခိုက် အောင်မြင်မှုတွေ တောက်လျှောက်မြင်ရ၊ ကြားရတာမှာ သတင်းထုတ်ပြန်မှုနဲ့ပတ်သက်လို့ ကျနော် မြင်တာလေး ပြောချင်ပါတယ်။ ခုကိစ္စက မြေပြင်မှာ တိုက်ခိုက်နေသူတွေ ခေါင်းစားစေဖို့ မဟုတ်ဘဲ 'သတင်းထုတ်ပြန်ရေး' နဲ့ပတ်သက်လို့ ဦးစီးနေသူတွေ စဉ်းစားမိစေချင်တာရယ်ပါ။

 

တိုက်ခိုက်မှုတွေကို 'နာမည်ခံဖို့' လိုအပ်လာပြီလို့ ထင်ပါတယ်။ ဘယ်နေရာက တိုက်ခိုက်မှုကတော့ ကျနော်တို့အဖွဲ့ ဖြစ်ပါတယ် ဆိုပြီး အဖွဲ့နာမည်ကို ခေါင်းစဉ်တပ်ပြီး နာမည်ခံဖို့ပါ။ (တချို့လည်း လုပ်ကြတာ တွေ့ရပါတယ်၊ ပြောရရင် မထိရောက်ပါ) နောက်တနည်းစဉ်းစားချက်အရ "နာမည်ခံစရာမလိုဘူး၊ ဒီလို တိုက်နေရုံနဲ့ ရတာပဲ" ဆိုရင်လည်း အငြင်းပွားစရာမရှိပါ။ ဒါပေမယ့် ဟိုဘက်ဒီဘက် မသဲမကွဲဖြစ်လာနိုင်တဲ့အချိန်တွေမှာ ဒါကို အခွင့်ကောင်းယူပြီး နာမည်ဖျက်နိုင်ပါတယ်။

 

နောက်တခုကတော့ ပျံ့ကြဲနေတဲ့ သတင်းထုတ်ပြန်မှုတွေကို တစ်စုတစည်းတည်းဖြစ်သွားအောင် စုစည်းဖို့ လိုတယ်လို့ ထင်ပါတယ်။ ဥပမာ ကယားပြည်နယ်လို တပ်ဖွဲ့တွေများနေတဲ့ နေရာမျိုးမှာ တိုက်ခိုက်အောင်မြင်မှုတွေကို တစုတစည်းတည်း သတင်းထုတ်ပြန်နိုင်ရင် ပိုပြီးထိရောက်မယ်လို့ မြင်ပါတယ်။ ဒီကနေပြီး စုစည်းအားကိုလည်း မြင်သာအောင် ပြနိုင်ပါလိမ့်မယ်။

 

တချို့ ပြည်နယ်တွေမှာတော့ ခေါင်းစဉ်တူပေမယ့် နာမည်ကွဲ အဖွဲ့တွေ အမျိုးမျိုး ကွဲပြားနေတာ တွေ့ရပြီး သတင်းထုတ်ပြန်မှုမှာ စည်းစနစ်ကျတာ မတွေ့ရပါ။ အဖွဲ့ငယ်တွေရဲ့ အောင်ပွဲတွေကို မထင်မရှားထုတ်ပြန်နေတာထက် စုစည်းထားတဲ့အဖွဲ့တစ်ခုရဲ့ ခေါင်းစဉ်အောက်မှာ သတင်းထုတ်ပြန်နိုင်မယ်ဆို သတင်းပျံ့နှံ့မှုအား ပိုကောင်းနိုင်မယ်လို့ ယူဆပါတယ်။ ပြည်တွင်းမှာတင် မဟုတ်ဘဲ နိုင်ငံတကာ သတင်းတွေ ထိုးဖောက်ဖို့ ရည်ရွယ်နိုင်ရင် ပိုကောင်းပါလိမ့်မယ်။

 

နောက်တခုကတော့ သတင်းထုတ်ပြန်ရာမှာ ပြီးစလွယ် မြန်မာစာအသုံးအနှုန်းတွေနဲ့ မရေးကြဘဲ သေသပ်တဲ့အသုံးအနှုန်း၊ အပြင်အဆင်နဲ့ ထုတ်ပြန်စေချင်တာပါ။ ဖုန်းနဲ့စာရိုက်၊ စခရင်ရှော့ယူ၊ ဂျေပက် လုပ်ပြီး တင်နေတာက အဆင်မပြေပါ။ ပို စနစ်ကျတဲ့ပုံစံနဲ့ ပုံရိပ်ကို မြှင့်တင်နိုင်ဖို့ လိုပါမယ်။

 

သတင်းထုတ်ပြန်ရေးကို ဦးစီးနေသူတွေ စဉ်းစားမိကြစေဖို့ပါ။

You can treat me a cup of coffee.

wave

Press ESC to close