ရှမ်းနဲ့ ပလောင်ကြား စစ်တပ်သွေးထိုးမှု သတိထား

ကိုးကန့်မြို့သိမ်းတိုက်ပွဲတွေအပြီးမှာ ဇော်မင်းထွန်းပြောတာကသူတို့လူမျိုးအချင်းချင်းပြဿနာဖြစ်ကြတာ လို့ ဆိုတယ်။ သဘောက ကိုးကန့်နှစ်ဖွဲ့ ပြဿနာဖြစ်တာလို့ ဇာတ်လမ်းသွားကို ပြောင်းချင်ပုံရပါတယ်။ ဒီမှာ နောက်ထပ်တစ်ခု စစ်တပ် မီးစိမ်းပြလိုက်ပုံရတာက လူမျိုးရေးကိစ္စလို့ ယူဆတယ်။

 

မနေ့က (နိုဝင်ဘာ ၇) မှာ တအာင်း TNLA နဲ့ SSPP/SSA တို့ မူဆယ်က ရွာတစ်ရွာမှာ တိုက်ပွဲဖြစ်ပါတယ်။ ဒီတိုက်ပွဲ မဖြစ်ခင်က ဖမ်းဆီးမှုအရှုပ်အထွေးတွေ နှစ်ဖွဲ့ကြားမှာရှိခဲ့ပြီး ဒေသခံတွေကြားမှာ သတင်းမှားတွေ ပျံ့နေခဲ့သလို အွန်လိုင်းပေါ်မှာလည်း သွေးထိုးလှုံ့ဆော်မှုတွေနဲ့အတူ သတင်းမှားတွေ အများကြီး ပျံ့လာခဲ့ပါတယ်။ 

 

ဒီနေရာမှာ တအာင်း အားပေးထောက်ခံတွေတချို့ကနမ့်ခမ်းကို သိမ်းလိုက်နိုင်ပြီဆိုပြီး သတင်းမှားတွေ စလွှင့်တာ သတိထားမိပါတယ်။ တချိန်တည်းမှာပဲ စယ်လန့်ကျေးရွာအုပ်စုက ရှမ်းလူငယ်ကွန်ရက် ခေါင်းဆောင်အဖွဲ့ဝင်တစ်ဦးကို တအာင်းအဖွဲ့က ဖမ်းသွားလို့ ပြန်လွှတ်ပေးဖို့အတွက် သျှမ်းလူငယ်ကွန်ရက်ရဲ့ တောင်းဆိုစာ ထွက်လာပြန်ပါတယ်။

 

ဒီထက်ပိုပြီး ဇာတ်ရှိန်တက်သွားတာက ဒီလူငယ် စိုင်းမောဝ်အွန် ဟာ SNLD ကျေးရွာအုပ်စု ပါတီကော်မတီ အတွင်းရေးမှူးဖြစ်ကြောင်း ပါတီက ထုတ်ပြန်ပါတယ်။ အဲ့ဒီနောက် ဒီဖြစ်ပေါ်မှုတွေနဲ့ ပတ်သက်ပြီး SSPP/SSA တပ်သားတွေက ဆန္ဒထုတ်ဖော်မှု လုပ်ခဲ့ပါသေးတယ်။

 

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ TNLA က ဒီညနေက ကြေညာချက်ထုတ်ထားရမှာတော့ စိုင်းမောဝ်အွန် ကို “SSPP တိုက်နယ်မှူးဖြစ်သူ စိုင်းမောင်အောင်လို့ ဖော်ပြပြီးမိမိတို့စစ်ဆင်ရေးကို အကြိမ်ကြိမ်အခါခါလာရောက်နှောင့်ယှက်နေမှု အကြောင်းရင်းအား သိရှိနိုင်ပါရန်အတွက် TNLA က စိုင်းမောင်အောင် အား ခဏတာခေါ်ယူမေးမြန်းစုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။

 

တအာင်းပလောင် အဖွဲ့ရဲ့ ထုတ်ပြန်ချက်

 

ဒီကိစ္စတွေနဲ့ပတ်သက်လို့ သတင်းမှားတွေကို ရှမ်းလူမျိုးအများစုနဲ့ တအာင်းအများစုရှိတဲ့ ဂရုတွေ၊ စာမျက်နှာတွေမှာ Blue Mark နဲ့ အကောင့်တွေက အများဆုံး ရှဲတာကိုတွေ့ရတယ်။ ဒီ (ငွေပေးဝယ်ယူထားတဲ့) Blue Mark အကောင့်တွေက ထိုင်းအခြေစိုက် ဖြစ်ပုံရပြီး SSPP/SSA အတွက် အဓိက သတင်းဖြန့်ပေးသူတွေလို့ တွေ့ရပါတယ်။

 

ဒါ့အပြင် ရှမ်းဘာသားစကားနဲ့ အများဆုံးရေးထားကြတဲ့ သတင်းမှားတွေ၊ ရုပ်သံတွေ၊ အသံဖိုင်တွေက ဒီရက်ပိုင်းမှာ ကြောက်ခမန်းလိလိပျံ့နေတာ တွေ့ရပါတယ်။ Facebook မြန်မာပိုင်းကိုင်သူတွေကလည်း ဘာသာစကားကြောင့် ဒီဘက်က သတင်းမှားတွေကို ကိုင်တွယ်ရခက်နေကြသလား မပြောတတ်ပါ။ Facebook Myanmar Team အနေနဲ့ ဒီဘက်ကို အာရုံစိုက်သင့်ပါတယ်။

 

ရှမ်း၊ တအာင်းတွေကြား အပြန်အလှန် မီးထိုးပြီး သတင်းမှားဖြန့်နေတဲ့ တချို့ အကောင့်တု အများစုကတော့ ဒေသခံဘာသာစကားကို တတ်ကျွမ်းတဲ့ စစ်ကောင်စီဘက်တော်သားတွေလို့ ယူဆပါတယ်။ ပရိုဖိုင်တွေမှာ မြန်မာအလံပုံ၊ ချိုးငှက်ပုံသုံးတယ်။ ပရီးမီးယားလိဂ် ကစားသမားပုံတွေလည်း သုံးကြပါတယ်။

 

ပြီးခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ Burma Affairs & Conflict Study အဖွဲ့ရဲ့ စစ်ကောင်စီဝါဒဖြန့်မှုကို စောင့်ကြည့်ထားတဲ့ စစ်တမ်းအရ ကချင်လူမျိုးအချင်းချင်းကြား သွေးခွဲတဲ့ ဝါဒဖြန့်မှုကို ပိုပြီး တွေ့ရပါတယ်။ ဒီကာလ တလျှောက်မှာ ကချင်ကို ဝါဒမှိုင်းနဲ့ရော၊ လေကြောင်းနဲ့ရော တိုက်လျှောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

ခုချိန်မှာတော့ စစ်ကောင်စီ ဝါဒဖြန့်သူတွေဟာ တအာင်းနဲ့ ရှမ်း၊ ရှမ်းနီဘက်ကို လှည့်သွားတာ တွေ့ရပါတယ်။ 1027 ရဲ့ လက်ရှိတိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ နေရာတွေဟာ ကချင်၊ ရှမ်း၊ ရှမ်းနီ၊ တအာင်း လူမျိုးစုတွေ စုပေါင်းနေထိုင်ရာဒေသတွေဖြစ်ပါတယ်။ ဒါကို ကောင်းကောင်းကြီး သိထားတဲ့ စစ်တပ်ဟာ လူမျိုးရေးပြဿနာတွေ ဖန်တီးပြီး လက်ရှိတိုက်ပွဲအရှိန်ကို တနည်းနည်းနဲ့ လျော့ကျသွားအောင် ကြံစည်နေတယ်လို့ ယူဆမိပါတယ်။

 

You can treat me a cup of coffee.

wave

Press ESC to close