စစ်ကောင်စီ ဆိုက်ဝါးလား၊ ငွေလိမ်ဖို့အတွက်ပဲလား

ပြီးခဲ့တဲ့ တစ်ပတ်က ‘ဆားတောင်’ မှာ ပီဒီအက်ဖ် ရဲမေတစ်ဦး ကျဆုံးသွားတယ်ဆိုတဲ့ သတင်းကို မီဒီယာကြီးတွေ ‘ကူးယူဖော်ပြ’ ခဲ့ကြတယ်။ နောက်ကျတော့မှ သတင်းတုမှန်း သိကြရတယ်။ တနေ့က ‘ကနီ ပီဒီအက်ဖ်’ ဆိုပြီး အတုတစ်ခု ထပ်ပေါ်တယ်၊ ဒါကိုတော့ မဇ္စျိမနဲ့ CJ Platform ဆိုတဲ့ စာမျက်နှာတစ်ခုက ကူးယူဖော်ပြခဲ့ကြတာတွေ့တယ်။ ကျန် မီဒီယာတွေမှာတော့ မတွေ့မိပါ။ 
◼︎

တွေ့ရှိချက်အရ ဆားတောင် သတင်းတုရော၊ ကနီ ကွမ်းယာဆိုင် သတင်းတုရော လုပ်တဲ့လူတွေဟာ တစ်ဖွဲ့တည်းလို့ ယူဆပါတယ်။ ဘာလို့ဆို သူတို့ သုံးတဲ့ဓာတ်ပုံတွေထဲ တူနေတဲ့ပုံတွေ တွေ့ရတယ်။ အဲ့ဒါက ကုရ်အာန် (Quran) ကျမ်းစာအုပ်ပါတဲ့ ပုံ။ တချို့ သတင်းဌာနအယောင်ဆောင်ထားတဲ့ စာမျက်နှာတွေမှာဆိုရင် အဲ့ဒီ ကုရ်အန်ကျမ်းစာအုပ်နဲ့ပုံက ခုထိ ရှိတုန်းပဲ။

နောက်တစ်ခုကတော့ M16 ရိုင်ဖယ်တွေ။ ဒီပုံကို ဆားတောင် သတင်းတု ဖြန့်တုန်းကလည်း သုံးခဲ့တယ်။ နှစ်ပုံစလုံးက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒနောင်းက မွတ်ဆလင်သူပုန်တွေရဲ့ ဓာတ်ပုံတွေ။ ဒီပုံတွေကို မင်ဒနောင်း အဖွဲ့တွေက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီက တင်ခဲ့ကြတာ။ 

M16 ကိုသုံးပြီး စစ်တပ်က လို့ လိမ်တာကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီဘက်က လုပ်တာ မဟုတ်တန်ဘူးလို့ မှတ်ယူရတယ်။ သတင်းမှားနဲ့ တန်ပြန်ဆိုက်ဝါးထည့်ချင်တာမျိုး အရိပ်အယောင် မတွေ့ရပါ။ သူတို့လုပ်ချင်တာ တစ်ခုတည်းပဲ၊ အလှူခံပြီး ငွေလိမ်ချင်တာ။ Page ထောင်တာ ၂ ရက်ပဲရှိသေးတယ်၊ အလှူခံနေပြီ။ ဆားတောင်ကိစ္စတုန်းကလည်း မြေအောက်လျှပ်စီးဆိုတဲ့အဖွဲ့က အလှူခံတာ ကြမ်းတယ်။ 

‘စစ်သားနှင့်ပျူစောထီး ၁၃၀ ကျော်ရှင်းလင်းထားနိုင်သည့် မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့တွင် တူမီးသေနတ် ၃၀ ကျော်သာရှိ၍ အော်တိုမောင်းပြန်သေနတ်များ ဝယ်ယူနိုင်ရန် လိုအပ်နေ’ ဆိုပြီး သိသာတဲ့ မီဒီယာ ၄ ခုမှာ ဖော်ပြခဲ့ကြတယ်။ ဒီထက်လည်း ပိုများနိုင်တယ်။ 

ဆားတောင်က ဆေးတပ်ရဲမေသတင်းကို အတုဖြစ်ကြောင်း သိခဲ့ပြီး ပြန်ဖြုတ်ခဲ့ကြပေမယ့် အဲ့ဒီ ‘၁၃၀ ကျော်ရှင်းခဲ့လို့ မောင်းပြန်တွေ လိုနေတယ်’ ဆိုတဲ့ သတင်းကတော့ မီဒီယာတွေမှာ ခုချိန်ထိ ရှိတုန်းပဲ။ RFA ကတော့ ဆားတောင်သတင်းတုကို ခုထိ မဖြုတ်သေးတာ စိတ်ဝင်စားစရာကောင်းတယ်။

(ခုနောက်ပိုင်းမှာ မီဒီယာအများစု လိမ်ခံထိပြီး သတင်းမှားတွေ တောက်လျှောက် တင်မိကြပေမယ့် စာဖတ်သူကို ပြန်တောင်းပန်တာ တော်တော်ရှားတာ တွေ့ရတယ်။ 'သတင်းမှားသာဖြစ်' ဆိုပြီး ပြန်တင်ကြတာများတယ်။ ဒါက စာဖတ်သူကို တောင်းပန်တာတော့ မဟုတ်။ စကားချပ်) 

မောင်းပြန်တွေ လိုနေလို့ လှူကြပါဆိုတဲ့ သတင်းက အင်တာနက်ပေါ်လည်း အတော်ပျံ့ခဲ့တယ်။ ဒါကို သတင်းမှားဖြန့်တဲ့ စာမျက်နှာကပဲ ပြန်ရှဲပြီး အလှူခံတာ တွေ့ရတယ်။ အဲ့ဒီပို့စ်လည်း Like, Share အတော်များခဲ့တယ်။ ဘယ်လောက် ရသွားမလဲဆိုတာတော့ မသိနိုင်။ နောက်တစ်ခုကတော့ Page အဟောင်းက စစ်ကောင်စီလက်ထဲ ရောက်သွားပြီမို့ Report ထုပေးကြပါဆိုတဲ့နည်း။ အတုက ချက်ချင်း အစစ်ဖြစ်အောင် လုပ်တာ။ အတော်ကြမ်းတယ်။ 

ဒီလူလိမ်တွေက အတန်းပညာတော့ သိပ်သင်ဖူးပုံမရဘူး။ (မစ်ရှင်) Mission ကို Mession လို့ပေါင်းတာ၊ (ကီးဘုတ်ပေါ်မှာ i နဲ့ e က အဝေးကြီးပါ)၊ (ကျည်ကပ်) Magazine ကို Meazin လို့ပေါင်းတာ စသည်ဖြင့်။ ဒါပေမယ့် သူတို့ လည်တော့လည်တယ်။ 

သူတို့ Chat Box ထဲသွားမေးတော့ ‘ဘယ်သတင်းဌာနကလဲ’ လို့မေးပြီး ‘ကျနော်တို့ကို လာမေးနေတာ သတင်းဌာနတစ်ခုတည်းက ၂ ယောက် ၃ ယောက် ထပ်နေလို့’ တဲ့။ ‘ခုတောင် မြေလတ် သတင်းဌာနက ၂ ယောက်တောင် လာမေးနေတယ်’ လို့ဆိုတယ်။ တနည်းအားဖြင့် သူတို့ စစ်မှန်ကြောင်း ပိရိအောင်လုပ်တာ။ ဖုန်းခေါ်မယ်ဆိုတော့မှ ပြန်မပြောတော့တာ။ 

နောက်တစ်ခုကတော့ ဓာတ်ပုံတွေကို ကြိုပြီး တင်မထားဘူး။ ပုံရနိုင်မလား မေးတော့မှ မျက်နှာဝါးထားတဲ့ လံကြုတ် ဓာတ်ပုံတွေ ပေးတာ။ ကြိုတင် ကြံစည်ပြီး ပြင်ဆင်ထားတယ်ဆိုတဲ့ သဘောပါ။

စစ်ကောင်စီဘက်က ဒီလိုအဖွဲ့တွေထောင်ပြီး သတင်းမှားနဲ့ ပုံမှားရိုက်ချင်လို့ဆိုတဲ့ ယူဆချက်မျိုးလည်း တွေ့ရပါတယ်။ ကျနော်ကတော့ ဒီအုပ်စုတွေဟာ အင်တာနက် ကောင်းကောင်းသုံးတတ်တဲ့ ငွေလိမ်စားတဲ့ တောကြောင်တွေလို့ပဲ ယူဆပါတယ်။ 

သတင်းမှားနဲ့ ဆိုက်ဝါးထည့်မယ့်အဖွဲ့တွေက Page ကို လူအများကြီးဆီ ပျံ့နှံ့အောင်လုပ်၊ Engagement များလာတော့မှ သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိ ဖြန့်တာမျိုး လုပ်မှာပါ။ အဲ့ဒီလိုလုပ်နေတဲ့ စာမျက်နှာတွေ ရှိပါတယ်။ ဒါပေမယ့် ခုအုပ်စုတွေကတော့ ငွေလိမ်စားတဲ့ လူတွေလို့ပဲ ကောက်ချက်ချပါတယ်။ 

You can treat me a cup of coffee.

wave

Press ESC to close