ကရင်နီပြည်က 'ချပ်ဝတ်နီ' များ

လွိုင်ကော် ရှေ့တန်းတစ်နေရာ...
 
တိုက်ပွဲရင်ဆိုင်နေရင်း စစ်ကောင်စီ တပ်သားတွေ ပြေးကြတာ မြင်ရင် "ဟာ ဟိုမှာ ဟိုကောင် ပြေးနေပြီ၊ ပြေးနေပြီ" ဆိုပြီး ထိုင် ဟား ကြလေ့ရှိတယ်။ ရုပ်ရှင်တွေထဲကလို မဟုတ်၊ ဟိုကောင် ဟိုဘက်ပြေးလိုက်၊ ဒီကောင် ဒီဘက်ပြေးလိုက်နဲ့။ ဒါက စစ်ကောင်စီဘက်ကိုကြည့်ရင်း ပြောတာ။
 
ကိုယ့်ဘက်မှာရော - ဟိုး အစောဆုံးတိုက်ပွဲတွေမှာ လက်လုပ်သေနတ်တွေ၊ ပွိုင့် ၂၂ တွေနဲ့။ စစ်ကောင်စီတပ်ဖွဲ့တွေကို ရင်ဆိုင်ခဲ့ကြတယ်။ တိုက်ပွဲဖြစ်ပြီဆိုရင် အုပ်စုလိုက်ကြီး တက်ကြ၊ ပစ်ကြ။ ပြောရရင် ဘာဗျူဟာမှ မရှိ။ ရှေ့ကိုတက် ပစ်၊ မောသွားရင် နောက်ဘက်ကို ပြန်လာ၊ ဘယ်လိုပစ်ခဲ့ကြောင်း စမြုံ့ပြန်ကြ။

တခါတလေ ဟိုဘက်ကသာ ပစ်နေတာ၊ ဒီဘက်မှာ ဟီးဟီးဟားဟား ထိုင်စကားပြောနေတာ နာရီဝက် တစ်နာရီ။ အဲ... လက်နက်ကြီး ကျလာပြီဆိုရင်တော့ "ပြေးကြဟေ့" ဆို အကုန်ပြေးကြရတာပဲ။
 
"တစ်ခါကဆိုရင် ခွေးတွေနား သွားကပ်ပြီး ပစ်မယ်ဆိုပြီး ခပ်တည်တည်ပဲ အဖွဲ့လိုက် ဝင်သွားကြတာ။ အတွေ့အကြုံက မရှိတော့ ဒီတိုင်းပဲ စကားတွေပြောပြီး ဘော်ဒါအိမ်သွားလည်သလို သွားကြတာ" လို့ သူက ဆိုတယ်။
 
သွားတဲ့ ရဲဘော်တွေက အားလုံး ၁၈ နှစ်ဝန်းကျင်တွေ။ သွားရင်းသွားရင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့နား ကပ်နေပြီ၊ နေရာအတိအကျ မသိဘဲ ရှိလောက်မယ်ဆိုပြီး ခန့်မှန်းတက်ကြတာ။
 
"အနားကပ်တော့ ခွေးက ဦးအောင် ဆော်တာပဲ။ အဲ့တော့မှ ဝရုန်းသုန်းကား ပြန်ပြေးလာရတယ်။ ပြီးတော့ ဘယ်သူက ဘယ်လို ပြေးတဲ့အကြောင်း အပြန်အလှန် စ နောက် လှောင်ပြောင်ကြသေးတယ်ပေါ့" လို့ ရဲဘော်က ဆိုတယ်။
 
တကြိမ်မှာတော့ အနီးကပ်ရင်ဆိုင်တိုက်နေရင်း သူ့ဘေးက သူငယ်ချင်းက ပစ်ရတာကို အင်မတန် အားရလာပုံရတယ်။ ချမယ်ကွာဆိုပြီး ဝပ်ပြီးပစ်နေတာကနေ မတ်တပ်ရပ်ပြီး တက်ချသွားတယ်။ ဟိုဘက် မြောင်းထဲဝပ်နေတဲ့ စစ်ကောင်စီစစ်သားတွေကို ပစ်တာ တဒိုင်းဒိုင်း။
 
"သေချာတာပေါ့၊ သူလည်း ဟိုကောင်တွေ ဝိုင်းပစ်တာခံရပြီး တစ်ခါတည်း ကျသွားတာပဲ" လို့ ရဲဘော်က သူမြင်ခဲ့ရပုံကို အေးအေးဆေးဆေး ပြန်ပြောပြတယ်။
 
တခါတုန်းကကျ စစ်ကောင်စီတပ်သားတွေ ကား အစီး ၃၀ လောက်နဲ့ လက်နက်ခဲယမ်း အပြည့်တင်လာတာကို လမ်းမှာ ကြိုစောင့်ပြီး ဖြတ်တိုက်ကြတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ တဖြေးဖြေးတိုး နီးလာလေလေ၊ သူတို့လည်း ပိုပြီး တိတ်ဆိတ်လေလေ။ နောက်ဆုံးမှာ ခေါင်းဆောင်က 'ပစ်' ဆိုတဲ့ အမိန့်ကြားတော့မှ ဝိုင်းပစ်ကြတယ်။
 
အဲ့ဒီတုန်းက သူတို့ မောင်းပြန် နည်းနည်း ရနေကြပါပြီ။ အများစုကတော့ လက်လုပ်တွေ။ စစ်ကြောင်းကို ပတ်ခြာလည် ချောင်ပိတ်ပြီး ပစ်ကြတယ်။ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သလို ကားတွေလည်း ပျက်စီးခဲ့တယ်။
 
အဲ့ဒီလို သူတို့ အပြန်အလှန် ရင်ဆိုင်တိုက်နေကြတုန်းမှာပဲ လွိုင်ကော်ကနေ တက်လာတဲ့ စစ်ကူစစ်ကြောင်း ရောက်လာတာကို သတိထားမိကြတယ်။ ဖြစ်ချင်တော့ အဲ့ဒီဘက်ကို ကင်းစောင့်ပေးနေတဲ့ အဖွဲ့ရဲ့ ပေါ့ဆမှုကြောင့် စစ်ကူတပ်ဖွဲ့တွေကို မတားနိုင်ခဲ့ကြဘူး။
 
"အဲ့ဒီမှာ ခွေးတွေ အသံနက်ကြီးတွေနဲ့ ကျားထိုးကြတာ။ ဟေး ဟေး ဆိုပြီး အော်ပြီး ကျားထိုး ပြေးဝင်လာ။ နဂို ပိတ်မိနေတဲ့ကောင်တွေလည်း ထ လာပြီး ပြန်ပစ်ကြတာပေါ့"
 
သူတို့ ဘယ်လိုပဲ စိတ်ပြင်းထန်ပါစေ၊ စစ်ကောင်စီက အင်အားသာတာကြောင့် ပြန်ဆုတ်ခဲ့ကြရပါတယ်။ သူ့ဘဝမှာ ဒီလို ကျားထိုးတာမျိုး အရင်က မကြုံဖူးခဲ့။ တနေကုန် ပစ်ခတ်နေကြတော့ ကျည်လည်းကုန် လူတွေလည်း အား မရှိကြတော့။
 
"အဲ့ဒီမှာ နားလည်လိုက်တာတစ်ခုက ကျနော်တို့ စိတ်ပါတိုင်း စိတ်ရှိတိုင်း ပစ်ချင်သလို ပစ်လို့ မရဘူးဆိုတာ သိသွားတယ်"
 
အဲ့ဒီပွဲ နောက်ပိုင်းမှာတော့ ပိုပြီး စနစ်ကျလာခဲ့တယ်လို့ ဆိုနိုင်တယ်။ စခန်းသိမ်းပွဲတွေ လုပ်လာနိုင်သလို အနီးကပ် ဝင်ပစ်နိုင်တာတွေလည်း ရှိလာတယ်။ ဒီမောဆိုတိုက်ပွဲတစ်ခုတုန်းက စစ်ကောင်စီတပ်ဖွဲ့တွေ အများကြီး တိုက်ပြာကြီး တစ်လုံးမှာဆိုရင် ပိတ်မိနေ အရှင်ဖမ်းဖို့ ကြိုးစားခဲ့ကြဖူးပါသေးတယ်။
 
"ဒီဘက်က အင်အားစုတွေက ဝိုင်းထားပြီး ကျားထိုးတက်ဖို့လုပ်ကြတာ၊ တစ်-နှစ်-သုံး ဝမ်နိန်ခေါ်ပြီး ကျားထိုးတက်မယ်ဆိုပြီး။ တကယ်လည်း ထိုးရော ခွေးတွေက အထဲကနေ စက်သေနတ်နဲ့ ဆွဲထည့်တာ တစ်ယောက် ဗိုက်ပေါက်သွားတယ်။ ဒါပေမယ့် ကျားထိုးတာ အောင်မြင်ခဲ့တယ်"
 
အဲ့ဒီတုန်းကတော့ အနီးကပ်ပစ်ကြရင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းဖို့ ကြိုးစားခဲ့ကြတယ်။ ပထမဆုံး အတွေ့အကြုံတစ်ခုရခဲ့တယ်။ အဲ့ဒါက လေကြောင်းပစ်ကူဆိုတာပါပဲ။ အနီးကပ်ပစ်နေတုန်းမှာပဲ လေယာဉ် ဝေါကနဲ ရောက်ချလာတော့ သူတို့တပ်ဖွဲ့တွေ အားလုံး ပြန်ဆုတ်ခဲ့ရတယ်။
 
လေယာဉ်က ပစ်တဲ့ စက်သေနတ်ကျည်ကို တည့်တည့် ခံရတဲ့ရဲဘော်က "ညာဘက်က လာရင် ဘယ်ဘက်က လယ်ကန်သင်းရိုးကို ဝင်ပုန်းရပြီး ဘယ်ဘက်က လာရင် ညာဘက်က လယ်ကန်သင်းရိုးကို ဝင်ပုန်းရတယ်။ အဲ့နေ့က လေယာဉ် စျေးဦးပေါက်တဲ့နေ့ပဲ"
 
ဒါတွေက သူရှေ့တန်းမှာတုန်းက အတွ့အကြုံတွေ။ နောက်တန်းမှာနေတော့လည်း သူ့ဘဝမှာ အရင်က မကြုံဖူးတာတွေ ထူးထူးခြား မြင်ရတယ်။ တပ်ရင်းမှူးကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ ရဲဘော်တွေ ကန်တော့ကြရင် ခရစ်ယာန်ရဲဘော်တွေပါ ဝင်ကန်တော့ကြတာပဲ။
 
"မြို့ကြီးတွေမှာ ပျော်ကြရင် စိတ်ဆိုးကြပေမယ့် ကိုယ်တိုင်ကတော့ ရှယ်ပျော်တာ။ ဂိမ်းဆော့တဲ့ကိစ္စလည်း တူတူပဲ။ တောထဲက ရဲဘော်တွေ ဘယ်တုန်းကမှ PUBG ကို သပိတ်မမှောက်ခဲ့ဘူး။ စခန်းမှာဆို အဲ့ကနေ စစ်တိုက်ပြီး ရှေ့တန်းရောက်ရင် သေနတ်အစစ်နဲ့ စစ်တိုက်ကြတယ်" လို့ သူက ဆိုတယ်။
 
တခါကတော့ ရှေ့တန်းမှာ တစ်ပတ်ကြာတဲ့အထိ တိုက်ပွဲတစ်ပွဲ တိုက်ခဲ့ဖူးတယ်။ ထိုးစစ်ဆင်လိုက် ပြန်နားလိုက် ပြန်ထိုးလိုက်နဲ့ တစ်ပတ်လောက်ကြာသွားခဲ့တာ။ စစ်ကောင်စီ တပ်သားတွေလည်း တရွေ့ရွေ့၊ သူတို့လည်း တရွေ့ရွေ့။ အဲ့ဒီမှာ စစ်ကောင်စီတပ်တွေ အထိုင်ချထားတဲ့နားက ကုန်းကို ဝင်စီးဖို့ လုပ်ကြတယ်။
 
ညကတည်းက သေချာစီစဉ်ကြတယ်။ ကုန်းတွေကို နံပါတ်တပ်ပြီး ကုန်း (၁) မှာ Loikaw PDF၊ ဟိုဘက်ကုန်း (၂) မှာကျ KNDF။ ည ၈ နာရီထိုးရင် တက်မယ်ဆိုပြီး လူစုခွဲကြတယ်။ ဖြစ်ချင်တော့ KNDF တက်ဖို့ လုပ်ထားတဲ့ ကုန်း (၂) ပေါ်ကို သူတို့ မသိလိုက်ခင် စစ်ကောင်စီတပ်ဖွဲ့တွေ တက်သွားကြတယ်။
 
"အဲ့ဒီအချိန်မှာ ကျနော်တို့နဲ့ KNDF အဆက်အသွယ်ပြတ်သွားတယ်။ မိုးရွာနေတော့ လိုင်းပြတ်သွားတာ။ ကျနော်တို့လည်း KNDF ကို ဆက်သွယ်မရ၊ သူတို့ရောက်နေလောက်ပြီပဲ ထင်တာပေါ့။ ပြန်ဆင်းရအောင်လည်း KNDF သာ အပေါ်မှာ ရှိနေရင် တစ်ဖွဲ့တည်းဖြစ်နေမှာဆိုပြီး မဆင်းတော့ဘူး။ အဲ့ဒါ ကုန်း ၁ မှာ တစ်ဖွဲ့တည်း ထီးထီးကြီး။ ပတ်ခြာလည် အကုန် ခွေးတွေချည်းပဲ"
 
ကံကောင်းချင်တော့ သူတို့တက်လာတာကို စစ်ကောင်စီတပ်ဖွဲ့တွေ မသိကြ။ တညလုံး တောင်ကုန်းပေါ်မှာ အားလုံး ငုတ်တုတ်။ မနက်လင်းတော့ ဗိုက်လည်းဆာ ကင်းလည်းထောက်ဖို့ဆိုပြီး တောင်အောက်မှာ ထမင်းထုတ် ဆင်းတောင်းကြတော့ အောက်မှာ စစ်သားတွေ တွေ့ရတယ်။
 
"ကျနော်တို့က ကိုယ့်လူတွေ (KNDF) လို့ ထင်ပြီး ထမင်းထုတ် အော်တောင်း။ ဟိုကလည်း သူတို့လူပဲ ထင်ပြီး ထမင်းထုတ် လာပေးတာပေါ့။ အနီးကပ်တော့မှ ခြင်းကြားတွေတွေ့ပြီး အသကုန် ပစ်ပြီး ပြန်ဆုတ်ကြတာ"
 
ဒါတွေကို သူ ထိုင်ပြောပြနေတာက သူတို့ ခု လက်ရှိလုပ်နေတဲ့ ‘ချပ်ဝတ်နီ’ ရံပုံငွေ ရှာဖွေရေးကြောင့်ပါ။ သူတို့ ဘာတွေလုပ်နေသလဲ၊ လုပ်နေခဲ့ကြသလဲဆိုတာကို ပြည်သူကို ပြောချင်တယ်လို့ သူက ဆိုတယ်။
 
တကယ်တော့ ဒီဖြစ်ရပ်တွေဟာ သူတစ်ယောက်တည်း ကြုံခဲ့ရတာတွေဆိုတာထက် ကရင်နီမှာ လက်ရှိကြုံနေတဲ့ ရဲဘော်တွေရဲ့ အတွေ့အကြုံတွေစုပေါင်းထားတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
 
ဘာပြောချင်သေးလဲလို့ မေးတော့ "ကျသွားတဲ့ကောင်တွေကို သတိရတယ်။ ငယ် သူငယ်ချင်းတွေပါတယ် အဲ့ထဲမှာ" လို့ သူက ဆိုတယ်။ "အရေးတော်ပုံကြီး အောင်ရင်တော့ ဆိုင်ကယ်နဲ့ လျှောက်ပွေးမယ်၊ ပိုက်ဆံရှာမယ် စဉ်းစားထားတယ်။ တချို့ကတော့ ဖက်ဒရယ်အာမီပေါ်လာရင် တာဝန်ဆက်ထမ်းဆောင်ရမယ်တဲ့" လို့ သူက ဆိုပါတယ်။
◼︎

သူတို့ လုပ်နေတဲ့ 'ချပ်ဝတ်နီ' အကြောင်းအပြည့်အစုံကို ဒီ Link မှာ သွားရောက်ဖတ်ရှုနိုင်ပြီး ထောက်ပို့နိုင်ပါတယ်။​

You can treat me a cup of coffee.

wave

Press ESC to close