အတွေးအခေါ်တော်လှန်ရေး ယထာဘူတ ကျသလား

'စစ်အာဏာရှင် တော်လှန်ရေး' နဲ့အတူ 'အတွေးအခေါ် တော်လှန်ရေး' ပါ တစ်ပါတည်းလုပ်ရမယ်လို့ အချို့က ဆိုပါတယ်။ ဒီအဆိုကို တော်တော်များများလည်း ကူးယူရေးသားကြ၊ ကျယ်ကျယ်ပြန့်ပြန့် ပြောကြဆိုကြတာ တွေ့ရတယ်။
 
ဆိုရရင် စစ်အာဏာရှင် ပြုတ်ကျသွားရင်တောင်မှ 'အတွေးအခေါ်တော်လှန်ရေး' အတွက် အချိန်ယူရဦးမယ် ထင်ပါတယ်။ နောက်ထပ် ပုံစံတစ်မျိုး ရေးကြည့်ပါမယ်။ စစ်အာဏာရှင် ပြုတ်ကျသွားပြီးမှသာလျှင် အတွေးအခေါ်တော်လှန်ရေး လမ်းကြောင်း စ လို့ရမယ်လို့ မြင်ပါတယ်။
 
အတွေးအခေါ် တော်လှန်ရေးလို့ ပြောရင် ယုံကြည်ကိုးကွယ်မှုအပါအဝင် နဂိုက သိလာ၊ သိထားတဲ့ ခံယူချက်နဲ့ ရပ်တည်ချက်တွေကို တွန်းလှန်ပြောင်းလဲပစ်ဖို့လို့ အနုသဘော ဆိုလိုတာလို့ သဘောပေါက်ပါတယ်။ နောက်တစ်ခုကတော့ စစ်အာဏာရှင် တော်လှန်ရေးနဲ့အတူ ပါလာတဲ့ အတွေးအခေါ်တော်လှန်ရေးဆိုတာ အလယ်အလတ် လူတန်းစားတွေ ပါးစပ်ထဲ ပြောလို့ကောင်းတဲ့ စကားတစ်ခုအနေနဲ့ပဲ ရှိနေသေးတာ တွေ့ရတယ်။
 
ထူးထူးခြားခြား ထောက်ပြကြတဲ့ အချက်တစ်ချက်က ဗုဒ္ဓဘာသာ ဘုန်းကြီးတွေနဲ့ ပတ်သက်လို့ လူတွေ ပြောင်းလဲလာတဲ့ အမြင်။ အရင်ကလို ဘုန်းကြီးမြင်တိုင်း ဖင်ဘူးတောင်းထောင် ဦးမချချင်ကြတော့ဘူး၊ ဘာသာရေးနဲ့ နိုင်ငံရေး တွဲစပ်နေတဲ့ ဆက်ထုံးတွေကို ထင်ထင်ရှားရှား မြင်လာရတာနဲ့ အုပ်စိုးသူ မင်း အကြိုက်လိုက်ကြတဲ့ သင်္ကန်းဝတ်တွေ ထွက်ပေါ်လာတဲ့ အကြောင်း ဒီတော်လှန်ရေးကနေ အမြတ်အနေနဲ့ ရတယ်လို့ ဆိုကြပါတယ်။
 
အာဏာသိမ်းခြင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ အထူးသဖြင့် မိရိုးဖလာ ဗုဒ္ဓဘာသာအပေါ် လူတွေမြင်လာတဲ့အမြင်ပေါ့။ အများစုဟာ သီတဂူဂိုဏ်းအပါအဝင် စစ်တပ်ကို မတွန်းလှန်သလို ဓမ္မဆိုတာကို လိုသလို အဓိပ္ပါယ်ဖွင့်တဲ့ သင်္ကန်းဝတ်တွေရဲ့ အပြောအဆိုနဲ့ ‘အထိုင်’ အပေါ် အမြင်ပြောင်းလာတာကနေ ဒီသဘောတရားကို ကောက်ယူကြတယ်လို့ မှတ်ယူပါတယ်။
 
ဒီနေရာမှာ ဂရုပြုသင့်တဲ့အကြောင်းအရာက အာဏာမသိမ်းခင်ကရော အဲ့ဒီ ဘုရား (Buddha, Jesus, Prophet Muhammad အပါအဝင် Creator - God(s)) နဲ့ နောက်လိုက် (Devottes, Followers) တွေ ကြားက ဘုန်းကြီးတွေ (Medium) တွေအပေါ် လူတွေ အမြင် ‘ပြောင်းလာနေခဲ့သလား’ ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
 
ဘာသာတရားနဲ့ ဘုရားသားတော် သို့မဟုတ် ဗုဒ္ဓဘာသာ ဘုန်းကြီး၊ ခရစ်ယာန် ဘုန်းကြီး၊ မော်လဝီ စတဲ့ ကြားခံ (medium) တွေအပေါ် လူတွေရဲ့ အမြင်တွေ ပြောင်းနေခဲ့သလား...? အာဏာသိမ်းခြင်း မသိမ်းခြင်းဟာ ဒီလိုအမြင်တွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိသလား...?

❍ 

ဦးဝီရသူ တန်ခိုးထွားတဲ့ ၂၀၁၃-၁၅ ဝန်းကျင်မှာ ဘာသာရေးနဲ့ဆိုင်တဲ့ ပွဲတွေ၊ သတင်းတွေ တောက်လျှောက်လိုက်ရတော့ အတွေးတစ်ခု ရဖူးပါတယ်။ အဲ့ဒါက ၁၉၈၈ နောက်ပိုင်း ဗုဒ္ဓဘာသာရဲ့ ‘အတက်အကျ’ ကို သုတေသန ပြုချင်တာပါ။ ကျွဲကူးရေပါအနေနဲ့ ကျန် ဘာသာရေးအသိုင်းအဝိုင်းတွေရဲ့ အတက်အကျကိုပါ သုတေသနပြုဖို့ပါ။ 

၁၉၈၈ လို့ မျက်မှောက် နိုင်ငံရေးနဲ့ဆက်နွယ်ပြီး မြင်သာအောင် ဆိုရပေမယ့် တကယ်တော့ ၁၉၅၀ ကာလ ဆရာတော် ရှင်ဥက္ကဋ္ဌတို့ခေတ်ကနေ စပြီး သုတေသန ပြုချင်တာပါ။ ဒါဆိုရင် ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးအပေါ် လူတွေမြင်ကြတဲ့ အမြင်ကိုပါ ပိုပြီးကြည့်နိုင်မယ်။
 
ရှင်ဥက္ကဋ္ဌ မတိုင်မီက ဗုဒ္ဓဘာသာဝင်တွေရဲ့ လောက သို့မဟုတ် သာသနာ ဟာ လှေကြီးထိုးရိုးရိုး ရှိနေခဲ့တယ်လို့ ဖတ်မှတ်ရပါတယ်။ ဒါပေမယ့် ရှင်ဥက္ကဋ္ဌနောက်မှာမှ ဘာသာရေးဆိုင်ရာ ဦးနှောက်မုန်တိုင်းဆင်တာတွေ ပေါ်လာတာကြောင့် ဒီကနေပြီး သုတေသနကို စချင်တာပါ။ ဒါ့အပြင် ၁၉၇၀ ဝန်းကျင် ကြာနီကန် ဆရာတော် (ဦးဇဋိလ) တို့ရဲ့ လူထုအပေါ် လွှမ်းမိုနိုင်မှုတွေကိုပါ ထည့်ပြီး သုတေသန လုပ်ချင်ခဲ့ပါတယ်။
 
အရင်က အဟောအပြောကောင်းတဲ့ ဘုန်းကြီးတစ်ပါးရဲ့ တရားကို လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့နေရာတွေကလွဲပြီး တောနေခြုံကြားမှာ နာရဖို့ အင်မတန် ရှားပါးခက်ခဲပါတယ်။
 
နောက်ပိုင်းခေတ်စားလာတဲ့ မိုးကုတ်လိုင်း (အဝိဇ္ဇာ-တဏှာ စက်ဝိုင်း)၊ ဓမ္မဒူတ၊ ဖားအောက်လိုင်း၊ သဲအင်းဂူ၊ ဖောင်း-ပိန် စသဖြင့် ဂိုဏ်းတွေ၊ လိုင်းတွေအပြင် တရားဟောကောင်းတဲ့ ဓမ္မာစရိယတွေ အများကြီး ပေါ်ထွက်လာတယ်။ အရင်ကလို ဓမ္မာစရိယ ရှားပါး မနေတော့ဘဲ လွယ်လွယ်ကူကူပဲ တရားပွဲတွေ ကျင်းပလာနိုင်ခဲ့ကြတယ်။
 
ဒီနေရာမှာလည်း ဗုဒ္ဓဘာသာ လွတ်လပ်ခွင့်ရှိလာတာမြင်ရတာ ဖြစ်သလို ယူဆနိုင်ပေမယ့် ခရစ်ယာန်၊ အစ္စလာမ် စတဲ့ ဘာသာကြီးတွေမှာရော လွတ်လပ်ခွင့်တွေ တန်းတူရခဲ့၊ ရှိခဲ့သလားဆိုတာ ဆန်းစစ်ကြည့်နိုင်မှာ ဖြစ်တယ်။ ၂၀၀၅-၂၀၁၀ ကာလ ရန်ကုန်က လမ်းကြားတိုင်း တရားပွဲရှိခဲ့တာ မြင်ယောင်ကြည့်စေချင်တယ်။
 
သုတေသနစာတမ်းကို ဒီဘက်ခေတ် မိုးပြာ (ဦးဉာဏ) ထိ တောက်လျှောက် ယူလာပြီး နောက်ဆုံး ဦးကောသလ္လတို့ ဦးကောဝိဒတို့ခေတ် တရားခွေကို လမ်းဘေးမှာ လိုက်ထရပ်ကားနဲ့ ရောင်းတဲ့အချိန်ထိ ဆွဲဆန့်မယ် စိတ်ကူးခဲ့ပါတယ်။
 
(ဒီလို သုတေသနစာတမ်းမျိုး၊ ပြုစုချက်မျိုးတွေ ကျနော်တို့ လူ့အသိုင်းအဝိုင်းကြားထဲ အင်မတန် ရှားပါးလွန်းပါတယ်။ သတင်းစာဆရာ၊ သုတေသမားတစ်ဦးဖြစ်တဲ့ စာရေးဆရာ မောင်မဲ ရေးခဲ့ဖူးတဲ့ ‘ဗုဒ္ဓ မြန်မာနိုင်ငံ ရောက်ခဲ့သလား’ ဆိုတဲ့စာပေမျိုးကို အတော်ကို အရသာရှိရှိ ဖတ်ခဲ့ရဖူးပါတယ်။ ဒါပေမယ့်လည်း ဦးအေးမောင် မရေးဖြစ်ခဲ့တဲ့ ‘ထေရဝါဒနဲ့ မဟာယာနခြားနားချက်’ လိုမျိုးစာပေတွေ ဖတ်ခွင့်မရှိတော့တာက အင်မတန် ဝမ်းနည်းစရာကောင်းလှပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဒီလိုစာပေမျိုးတွေ မျှော်လင့်လို့ မရတော့ဘူးလားလို့တောင် ဝမ်းနည်းမိပါတယ်။ - စကားချပ်)

❍ 

ကံမကောင်းစွာနဲ့ပဲ ပြင်ဆင်ရမယ့်ကာလနဲ့ ကုန်ကျမယ့် ငွေကြေးကြောင့် ဒီသုတေသန စိတ်ကူးကို စွန့်လွှတ်ခဲ့ရပါတယ်။ ဒါ့အပြင် ကိုယ်တိုင် သမိုင်းဆိုင်ရာနဲ့ ဘာသာရေးဆိုင်ရာတွေကို ပညာရပ်တစ်ခုလို ထဲထဲဝင်ဝင် မကျွမ်းကျင်တာကြောင့် စာအုပ်တွေစုစည်းပြီး ဖတ်မှတ်တာပဲ လုပ်နိုင်ခဲ့ပါတယ်။ သုတေသနအဆင့်ထိ မရောက်ခဲ့ပါဘူး။
 
ဒါ့ပေမယ့် ဒီအကြောင်း သုတေသနလုပ်မယ်ဆိုပြီး စီစဉ်တော့ ဘာသာရေးနဲ့ဆိုင်တဲ့ စာရေးဆရာတွေ၊ သိက္ခာရှိတဲ့ ဆရာတော်တွေအပြင် တောကျောင်းက ဘုန်းကြီး၊ မြို့ကျောင်းက ဘုန်းကြီးတွေနဲ့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါတယ်။ စာတတ်ကျမ်းတတ်သူတွေနဲ့လည်း လမ်းကြုံတိုင်း အတွေ့အကြုံ၊ အတွေးအမြင်တွေ မေးကြည့်ဖြစ်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းမှာလည်း ဘာသာရေးအပေါ် လူတွေရဲ့ ရှုမြင်ပုံကို စေ့ငုကြည့်ဖြစ်ပါတယ်။
 
ဒီမှာ ဘာတွေ့ရသလဲဆိုတော့ ဘာသာရေးဟာ ဟိုးအရင်က သတ်မှတ်ထားတဲ့ပုံစံမဟုတ်တော့ပါဘူး။ အတိအကျစကားလုံး သုံးရရင် ဘာသာရေးကို လူတွေ စာသုံးတဲ့ပုံစံ၊ ရယူတဲ့ပုံစံဟာ အရင်လို မဟုတ်တော့ဘဲ အပြောင်းလဲကြီး ပြောင်းလဲနေခဲ့တာပါ။
 
နိုင်ငံအရင်ကထက် လွတ်လပ်လာတာ၊ ပညာရေးလမ်းကြောင်းတွေ ပိုပြီး ပွင့်လင်းလာတာနဲ့အတူ နောက်ပိုင်း လူငယ်တွေရဲ့ တွေးခေါ်ပုံလည်း အသစ်တွေ ဖြစ်လာပါတယ်။ မြင်သာတာမျိုးဆိုရရင် အရင်က တရားခွေဆိုတာ ဘုရားခန်း၊ ဘုရားစင်မှာပဲ ထားရမယ်ဆိုတဲ့ အမြင်ကနေ လမ်းဘေးပလက်ဖောင်းမှာလည်း တရားခွေတွေ ထားနေတာ တွေ့လာရတယ်။
 
ဒါ့အပြင် အရင်က ဘယ်နေရာမှာ ရှာရမယ် မသိနိုင်တဲ့ သမ္မာကျမ်းစာလိုမျိုး ကိုရမ်လိုမျိုး ကျမ်းစာအုပ်တွေကို အလွယ်တကူ လက်လှမ်းမီလာကြပါတယ်။ အင်တာနက်ပေါ်မှာ ပါမောက္ခချုပ်ဆရာတော်ရဲ့ တရားနဲ့ Nicki Minaj ရဲ့ MTV အသစ်ဟာ အပေါ်အောက် ကြည့်လို့ရတာမျိုး ဖြစ်လာပါတယ်။
 
တစ်ဖက်မှာလည်း ခရစ်ယာန်မဟုတ်သူတွေအဖို့ အရင်က အနည်းငယ်အလှမ်းဝေးတဲ့ ‘သင်ကိုယ်တိုင် နိုးထဖို့ အချိန်ကျရောက်လာပြီ ဖြစ်ပါတယ်’ ဆိုတဲ့ အကြောင်းအရာတွေကို မြင်လာရ သိလာရတယ်။ ဟိုး နှစ် ၂၀ လောက်က ဆင်တူအကြောင်းအရာတွေကို ပြောရင် လူမှုအသိုင်းအဝိုင်းကြား ဒုက္ခတွေ့နိုင်တာမျိုးကို ဒီဘက်ခေတ်မှာ လူတွေဟာ အေးအေးဆေးဆေး အပြန်အလှန် ပြောဆိုလာနိုင်ခဲ့ကြတယ်။
 
ခြုံပြောရရင် မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်အချိန်အပိုင်းအခြားဟာ ကျန်တဲ့ အနုယူဆချက်တွေထက် လူတွေ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်မှုမှာ အမြင့်ဆုံးအချိန်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အာဏာသိမ်းလိုက်ပြီးချိန်မှာ ဒါတွေအားလုံးဟာ ရပ်တန့်သွားခဲ့ပါတယ်။ ပိုဆိုးတာက အတွေးအခေါ် မလွတ်လပ်တော့တာပါပဲ။ လူတွေရဲ့ နေ့စဉ်ဘဝတွေဟာ အခြေခံ စား၊ ဝတ်၊ နေရေးကို ခဏထား၊ အသက်ရှင်ရပ်တည်ရေးကို ပထမဦးစားပေး စဉ်းစားလာရပါတယ်။
 
စစ်တပ်ပြိုကွဲရေး၊ တော်လှန်ရေးအောင်မြင်ရေးထက် မီးပြတ်တာဟာ ဒုက္ခဖြစ်လာပါတယ်။ ရေမလာတာက ကျန်တာတွေထက် ပိုပြီး လက်တွေ့ကျတဲ့ ဝဋ်နာကံနာဖြစ်လာပါတယ်။ ဆိုရရင် လူတွေဟာ တွေးခေါ်နိုင်ချိန် မရှိတော့ပါဘူး။ အယူအဆတွေကို ပွင့်ပွင့်လင်းလင်း ဖလှယ်နိုင်ဖို့၊ ဆန်းစစ်တွေးတောဖို့ ခေါင်း မအားတော့ပါဘူး။
 
နေ့စဉ်နေ့တိုင်း တစ်ဖက်မှာ တော်လှန်ရေး၊ တစ်ဖက်မှာ စစ်တပ်ရဲ့ ဖိနှိပ်မှု၊ လှည့်စားမှုအောက်မှာ အတုန်းအရုန်းခံနေရတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုလုံးဟာ အမုန်းတရားအပေါ်မှာ အခြေခံတဲ့ အသက်ရှင်ရပ်တည်ရေးအနေနဲ့ပဲ နေ့စဉ် အသက်ဆက်နေရပါတော့တယ်။
 
ဒီအချိန်မှာ အတွေးအခေါ် တော်လှန်ရေးလို့ ပြောတာဟာ ယထာဘူတကျတဲ့ အမြင်တော့ မဟုတ်ဘူးလို့ ဆိုရပါမယ်။
 
ပြီးခဲ့တဲ့ လပိုင်းက ဧရာဝတီတိုင်းက မြို့တစ်ခုမှာ ရေစင်ပေါ်တယ်ဆိုပြီး လူတွေအများကြီး တွင်းတစ်တွင်းထဲက ရေကို အခကြေးငွေပေးပြီး ယူနေကြတာ မြင်ရပါတယ်။ နိုင်ငံအနှံ့ 2D, 3D ထိုးကြတဲ့ ပမာဏဟာ အာဏာ မသိမ်းခင်ကာလကထက် အဆပေါင်းများစွာ မြင့်သွားခဲ့ပြီး ဖြစ်ပါတယ်။
 
နဂိုက သိပ်သတိမထားမိတဲ့ Tarrot ဟောတဲ့ လူတွေ၊ ဝန်ဆောင်မှုတွေ အာဏာသိမ်းပြီးနောက်ပိုင်း တဟုန်ထိုး နာမည်ကြီးလာတာ၊ အများကြီး ပေါ်လာတာဟာလည်း မြင်သာတဲ့ ညွှန်းဆိုချက် တစ်ခုပါပဲ။
 
ဒါ့အပြင် နတ်လိုင်း၊ ယတြာလိုင်းတွေ အရင်ကထက်ပိုပြီး ထင်ထင်ပေါ်ပေါ် ဖြစ်လာသလို နဂိုက ပျောက်သလိုဖြစ်နေခဲ့တဲ့ ယောဂီအဝတ်နဲ့ အဝတ်ဖြူနဲ့ ဘိုးတော်တွေကိုလည်း ဟိုးအရင်ကထက် ခပ်စိတ်စိတ်မြင်လာရပါပြီ။ နတ်နန်းတွေ၊ ဘိုးဘိုးကြီး ရုပ်တုတွေမှာ သပြေအိုးတွေ၊ အုန်းသီးတွေ အရင်ကထက် ပိုပြီး စည်ကားလာပြီ ဖြစ်ပါတယ်။

❍ 

ဆိုရရင် ဒေါ်လာတွေ လက်ဝယ်ကိုင်ခွင့်မရှိဘူးဆိုတဲ့ လက်ဆုပ်လက်ကိုင်ပြလို့ ရတဲ့ ဆုတ်ယုတ်မှုကြီးကို မြင်သာသလို အထက်မှာပြောခဲ့တဲ့ နေ့စဉ်လူမှုဘဝမှာပါ သိမ်မွေ့တဲ့ အတွေးအခေါ်တွေဟာ ဟိုးအရင် ၂၀၀၀ ပြည့်နှစ်လောက်ဆီထိ ကြောက်စရာကောင်းလောက်အောင် ဆုတ်ယုတ်သွားပြီလို့ ဆိုရမှာပါပဲ။ 

ဒါကြောင့် အတွေးအခေါ် တော်လှန်ရေးလို့ ပြောရင် စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့အတူ ဒွန်တွဲပါလာတဲ့အရာလို့ မမြင်မိဘဲ ဒီကနေ ရလာတဲ့ အတွေ့အကြုံအပေါ် အခြေခံပြီး လွတ်လပ်စွာ တွေးခေါ်ပြီး အမြင်တွေ ဖလှယ်နိုင်တဲ့ လူ့အသိုင်းအဝိုင်း ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်မှသာလျှင် အတွေးအခေါ်ပြောင်းလဲနိုင်ရေးဆီကို ဦးတည်နိုင်မယ်လို့ပဲ ယုံကြည်မိပါကြောင်း။

You can treat me a cup of coffee.

wave

Press ESC to close