စစ်မြေပြင်သွား ဆောင်းပါး နှစ်ခု လေ့လာချက်

လတ်တလော ကျနော်တို့ သတင်းသမားတွေအချင်းချင်းကြား အငြင်းပွားဖွယ် ဖြစ်နေတဲ့ ဧရာဝတီက သတင်းထောက် လဝီဝမ်ရေးတဲ့ စစ်မြေပြင်သွား ဆောင်းပါးတပုဒ်နဲ့ ဝါရှင်တန်ပို့စ်က သတင်းထောက် လဇ္ဇ ဆလီ တို့ စစ်မြေပြင်သွား ဆောင်းပါးတပုဒ်ကို နိုင်းယှဉ်လေ့လာကြည့်မိပါတယ်။

 

ပထမတပုဒ်က ဧရာဝတီသတင်းဌာနက အကြီးတန်းသတင်းထောက်တဦးဖြစ်တဲ့ လဝီဝမ်က ရှမ်းမြောက်မှ စစ်ရေးတင်းမာနေတဲ့ တနိုင်းဒေသကို သွားရောက်ခဲ့တဲ့ မြေပြင်မှာ သူကြုံတွေ့ရတဲ့ အခြေအနေ၊ အတွေ့အကြုံကို ပြန်လည်ရေးသားထားတာဖြစ်ပါတယ်။ ဒုတိယတပုဒ်က ဝါရှင်တန်ပို့စ်က သတင်းထောက် လဇ္ဇ ဆလီ နဲ့ ဓာတ်ပုံသတင်းထောက် အဲလစ် မာတင်တို့ သွားခဲ့တဲ့ အီရတ်မှာဖြစ်နေတဲ့ အိုင်အက်စ်တို့ အခြေအနေတွေဆီကို သွားတဲ့အတွေ့အကြုံတွေရေးထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။

 

နှစ်ခုလုံးမှာ တူညီနေတဲ့ အခြေအနေတွေ ရှိပါတယ်။ ပထမ တူညီနေတဲ့အချက်ကတော့ ဒေသခံတွေဟာ ဒီဒေသကနေ တခြားလုံခြုံရာနေရာကို ထွက်ပြေးနေရတာပါပဲ။ တနိုင်းဒေသခံတွေဟာ ဒီဒေသကနေ ထွက်ပြေးနေရသလိုမျိုး၊ အီရတ် တိဂရစ်မြစ်ကမ်းဘေး၊ ယူဖရေးတီးစ် မြစ်ကမ်းဘေး ရက္ကာဒေသက ဒေသခံတွေဟာလည်း ထွက်ပြေးနေရတာဖြစ်ပါတယ်။

 

ဒုတိယတချက်ကတော့ နှစ်ပုဒ်လုံးဟာ တကယ့်ပြဿနာအရင်းအမြစ်တွေကို ဖော်ထုတ်တဲ့ နက်နဲတဲ့အရေးအသားမျိုးတွေနဲ့ မဟုတ်ဘဲ အတွေ့အကြုံတွေကို တို့ထိရုံ ရေးသားထားကြတဲ့ “sketch” ပုံစံ၊ ခရီးသွားမှတ်တမ်းပုံစံ ရေးထားတာပါ။ ဆောင်းပါးနှစ်ခုလုံးရဲ့ ရည်ရွယ်ချက်ကို ယေဘုံယျ ကောက်ချက်ချကြည့်ရင် ဒီဒေသတွေမှာ၊ မြေပြင်မှာ ဘာဖြစ်နေသလဲဆိုတာကို ပြောလိုရင်း၊ ပြလိုရင်း ဖြစ်ပါတယ်။

 

ဝါရှင်တန်ပို့စ်က ဆောင်းပါး ကိုကြည့်ရင်

သတင်းထောက်တွေဟာ ကာ့ဒ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေအကြောင်း ပြောပြီး ဒီဒေသကနေ ထွက်ပြေးနေရသူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ရှိနေသလဲဆိုတာ ရေးပြပါတယ်။ ဒီဒေသကို သွားရတာ ဘယ်လိုခက်ခဲကြောင်းကို ရေးပါတယ်။ အမေရိကန် နောက်ခံပံ့ပိုးထားတဲ့ ကာ့ဒ်တွေရဲ့ နယ်မြေတွေကို ထိန်းချုပ်ထားပုံတွေကို ရေးသားပြပါတယ်။

 

ဒေသခံတွေ ထွက်ပြေးနေရတာ ဘယ်လောက် လုံခြုံမှုရှိသလဲ၊ နောက်ထပ်ဘယ်နေရာတွေကရော လုံခြုံမှု ဘယ်လောက်ရှိသလဲဆိုတာကို ရေးသားပါတယ်။ အဲ့ဒီမှာ ဇာတ်ကောင်တကောင်ကို ရွေးချယ်ပြီး အဲ့ဒီလူရဲ့ အခက်အခဲတွေ၊ ကြုံတွေ့ရပုံတွေ ရေးသားပြီး နောက်ဆုံးမှာ အဲ့ဒီလူသေသွားတာနဲ့ အဆုံးသတ်ထားပါတယ်။

တပုဒ်လုံးကို ခြုံကြည့်ရင် ထွက်ပြေးနေရတဲ့ ဒေသခံတွေကို “focus” ဖြတ်ပြီး ရေးသားထားတာ တွေ့ရပါတယ်။

 

ဧရာဝတီ ဆောင်းပါး ကိုလေ့လာကြည့်ရင်

ဒီခရီးကို ဘယ်လို သွားရသလဲဆိုတာ ဖော်ပြပါတယ်။ သတင်းထောက်က သူတွေ့ခဲ့တဲ့ လူတွေနဲ့ KIA စစ်သားတွေအကြောင်း အဓိက ရေးသားပါတယ်။ စားသောက်တဲ့အကြောင်းအရာတွေ ရေးသားထားတာ တွေ့ရပါတယ်။ တခါတလေမှာ အစားအစာရှားပါးမှုဟာ သတင်းမှာ အရေးပါတဲ့အတွက် တခါတရံ အင်မတန် အသုံးဝင်တဲ့ ဖော်ပြချက်ဖြစ်ပါတယ်။

 

ဒါပေမယ့် ဆောင်းပါးရဲ့ အစမှာ ဘီယာသောက်တဲ့အကြောင်း ရေးထားပေမယ့် ဆောင်းပါးဆုံးတဲ့အထိ ဒါနဲ့ ဆက်စပ်တဲ့ (စာဖတ်သူအတွက် အကျိုးဖြစ်စေမယ့်၊ တစုံတရာ သတင်းပေးနိုင်မယ့်) ဆက်စပ်အချက်အလက် မပါတာကို တွေ့ရပါတယ်။

နောက်တော့ ခရီးဆက်ကြရာကနေ သတင်းထောက်က သူမြင်တွေ့ရတာတွေကို သူ ဘယ်လိုခံစားရကြောင်း ရေးသားပါတယ်။

 

“KIA ရဲ့ လွတ်မြောက်နယ်မြေသည် အစိုးရ ထိန်းချုပ်နယ်မြေထက် ပိုမိုလုံခြုံသလို ခံစားနေမိသည်လို့ ရေးပါတယ်။ ဒီအချက်က အငြင်းပွားဖွယ်ရာဖြစ်ပါတယ်။ သတင်းစာပညာမှာ မြင်တွေ့ရတာကို မြင်တွေ့ရတဲ့အတိုင်း ရေးသားနိုင်ပေမယ့် မြင်ရတဲ့အပေါ်မှာ ဘယ်လိုခံစားရကြောင်း ရေးသားတာဟာ တော်တော် ပြဿနာ ရှိတဲ့ကိစ္စဖြစ်ပါတယ်။

 

ဒီနေ့ထိ သတင်းဆောင်းပါး (အတွေးအမြင်ဆောင်းပါး မဟုတ်ပါ) မှာ သတင်းထောက်က သူ့ရဲ့ ခံစားချက်ကို တဆင့်ပြန်ပြောတဲ့ခံစားနေမိသည်ဆိုတဲ့ အသုံးအနှုန်းကို မတွေ့ဖူးသေးပါ။ ဒီနေရာမှာ သတင်းရင်းမြစ်တဦးဦးက ဒီစကားကို ပြောတယ်ဆိုရင်တော့ အလုံးစုံ လက်ခံရပါမယ်။ နောက်ဆုံး တခုကတော့ ဒီဆောင်းပါးဟာ ဘာကို ပြောချင်တာလဲဆိုတာ ပြတ်ပြတ်သားသား မသိရပါဘူး။ 

 

နှိုင်းယှဉ်မှု

 

အီရတ်မှာ အကြမ်းဖက်သမား အိုင်အက်စ်ရော၊ အစိုးရအထောက်အပံ့နဲ့ ကာ့ဒ်တွေရောဟာ လက်နက်ကိုင်တွေဖြစ်ကြပြီး နိုင်ငံရေးတွေ ရှိကြပါတယ်။ နှစ်ဖက်စလုံးဟာ နိုင်ငံရေးအရ အကျိုးစီးပွားတွေရှိကြပြီး တဖက်နဲ့တဖက် လော်ဘီလုပ်နေကြသူတွေဖြစ်တဲ့အတွက် သတင်းထောက်တွေဟာ တဖက်ဖက်ကို သာသွားစေမယ့် အသုံးနှုန်းမျိုးတွေကို အတတ်နိုင်ဆုံး ရှောင်ရှားကြတာဖြစ်ပါတယ်။ 

 

နောက်တခုကတော့ ဘယ်ဖက်ကိုမှလည်း ပိုပိုသာသာ ရေးစရာမလိုပါဘူး။ ဒါဟာ ကျနော်တို့ သတင်းထောက် ကျင့်ဝတ်ဖြစ်ပါတယ်။ နောက်ဆုံးမှာ သတင်းထောက်ရဲ့ အရေးအသားအရ တဖက်ဖက်ကို ပိုသာသွားတယ်လို့ ထင်ရတဲ့ စာသား၊ စာကြောင်းတွေကိုလည်း အယ်ဒီတာက တည်းဖြတ်ပေးရမှာ ဖြစ်ပါတယ်။ 

 

တဖက်ဖက်ကို ရေးလိုက်တာနဲ့ သူတို့ဟာ အီရတ်နိုင်ငံထဲကနေ ထွက်နိုင်တော့မှာ မဟုတ်ပါဘူး။ အိုင်အက်စ်တွေ ဘယ်လောက်ဆိုးသလဲဆိုတာ တကမ္ဘာလုံးသိပေမယ့် အိုင်အက်စ်တွေ ဆိုးသွမ်းတဲ့အကြောင်းကို သတင်းထောက်ကိုယ်တိုင်က ပြောတာမဟုတ်ပါဘူး။ အဖြစ်အပျက်တွေနဲ့ သက်သေပြသွားတာကို တွေ့ရပါတယ်။

 

ဧရာဝတီ ဆောင်းပါး တခုလုံးမှာ အရက်မြည်းတာ၊ ဘီယာသောက်တာနဲ့ KIA တပ်က စစ်သားတွေနဲ့ စကားပြောတာ၊ (ဒီအချက်အလက်တွေဟာ ဒီဆောင်းပါးရဲ့ ဆက်စပ်မှု၊ ဆက်နွယ်မှုအရ ချိန်ထိုးကြည့်မယ်ဆိုရင် ထည့်သွင်းရေးသားဖို့ မလိုအပ်ဘူး၊ ချန်ထားသင့်တယ်လို့တောင် ဆိုနိုင်ပါတယ်) သွားလာတာ ညအိပ်တာတွေ တွေ့ရပြီး နောက်ဆုံးမှာတော့ မှော်တာဝန်ခံဦးမြင့်အောင်ရဲ့ စကားနဲ့ အဆုံးသတ်ထားတာကို တွေ့ရပါတယ်။

 

ဝါရှင်တန်ပို့စ်ရဲ့ ဆောင်းပါးမှာ သတင်းထောက်တွေနဲ့ သူပုန်ဖြစ်ဖြစ်၊ ကာ့ဒ်အဖွဲ့တွေနဲ့ဖြစ်ဖြစ် ရောထွေးတယ်လို့ ထင်ရတဲ့ (အထင်မှားသွားစေနိုင်တဲ့) စာကြောင်း၊ အကြောင်းအရာထည့်သွင်းရေးသားထားတာ လုံးဝပါတာ မတွေ့ရပါဘူး။ ဒီအချက်ဟာ စာဖတ်သူအတွက် အရေးမကြီးဘူးလို့လဲ ကျနော် ယူဆပါတယ်။ တကယ့်လိုရင်းက လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေထက် ဘယ်အကြောင်းအရာကြောင့် ဘယ်သူတွေက ဘယ်လို ဒုက္ခရောက်ကြရပြီး ဘာတွေ ဖြစ်နေကြရသလဲ ဆိုတာကိုသာ မီးမောင်းထိုးပြလိုရင်း ဖြစ်ရမယ်လို့ တိတိကျကျယူဆပါတယ်။

 

နောက်တခုကတော့ (breaking news, hard news မဟုတ်တဲ့) ဒီလိုဆောင်းပါးမျိုးကို (စစ်၊ အဓိကရုဏ်း စသဖြင့်) ဖြစ်ပျက်နေစဉ်အချိန်အတောအတွင်းမှာ ဖော်ပြသင့်သလား ဆိုတာပါပဲ။ ဝါရှင်တန်ပို့စ်က ဂျာနယ်လစ်ကတော့ ဒီနေရာကနေ လုံခြုံစိတ်ချရတဲ့နေရာကို ပြန်ရောက်ပြီး တပတ်အကြာမှ ပြန်လည် ရေးသားထားတာ ဖြစ်ပါတယ်။

 

ဧရာဝတီက လဝီဝမ်ရဲ့ ဆောင်းပါးကို နိဂုံးချုပ်ပြောရရင်ဆောင်းပါးကဏ္ဍမှာ ဖော်ပြတာမျိုး မဟုတ်ဘဲ ခံစားချက်တွေပါနေတဲ့အတွက်သူ့အတွေး၊ သူ့အမြင်ကဏ္ဍမှာ ဖော်ပြတာက ပိုပြီး သင့်လျော်မယ်လို့ ကောက်ချက်ချမိပါတယ်။

 

 

You can treat me a cup of coffee.

wave

Press ESC to close