ပြည်သူ့ချွေးနှဲစာနဲ့ ရပ်တည်နေတဲ့ တော်လှန်ရေး

ဘရာဇီး အခြေစိုက် ဧဝံဂလိ ခရစ်ယန်အသင်းတစ်ခုက လန်ဒန်မှာရှိတဲ့ လူမည်းလူငယ်တွေကို ပစ်မှတ်ထားပြီး ဆွယ်တရားဟော အသင်းဝင်ခိုင်းတယ်။ တဖြည်းဖြည်းနဲ့ အသင်းထဲမှာ နစ်ဝင်လာအောင်လုပ် အယုံသွင်းပြီး ငွေရှာခိုင်း၊ အသင်းထဲက ထွက်ရင် ဘုရားသခင်က အပြစ်ပေးမယ်ဆိုတဲ့ လှိမ့်လုံးတွေသွင်းတယ်။
 
ဒီ ဧဝံဂလိ အသင်း တည်ထောင်သူ ပဲ့ကိုင်ရှင်က Forbes မဂ္ဂဇင်းရဲ့ ဘီလျံနာစာရင်း မှာတောင် ပါတယ်။ ဒီလောက်တောင် ချမ်းသာတယ်။ ဒါပေမယ့် ကမ္ဘာအနှံ့က သူ့အသင်းတော်တွေမှာတော့ အလှူငွေတွေကောက်၊ အသင်းဝင်ကြေးတွေ ထည့်ဝင်ခိုင်း၊ လူငယ်တွေကို သုံးပြီး စီးပွားရှာနေဆဲပဲ။
 
ဒီအသင်းတော်ရဲ့ မလျော်ကန်မှုတွေ၊ ငွေကြေးအလွဲသုံးစားမှုတွေကို အသင်းတော်ထဲ အကြာကြီးလုပ်ခဲ့သူ လူငယ်တွေက ဆိုရှယ်မီဒီယာမှာ ထုတ်ပြောရင်းနဲ့ ခုတော့ နိုင်ငံတကာ မီဒီယာတချို့ က ရေးလို့ စုံစမ်းစစ်ဆေးခံနေရပြီ။
 
ဒီကိစ္စမှာ ဒီအသင်းတော်ဘက်ကလိုက်ပြီး ဝေဖန်သူတွေရဲ့ အသံက စိတ်ဝင်စားစရာကောင်းတယ်။ “အသင်းတော်ဘီလျံနာကြီးက ငွေတွေလှူနေတာပဲ၊ အများကောင်းကျိုးလည်း လုပ်နေတာပဲ၊ အောက်ခြေမှာ မတော်မတည့်မှုလေးတွေတော့ ရှိမှာပေါ့” လို့ ဆိုတယ်။ “အများကောင်းကျိုး အတွက် လုပ်နေတာပဲ၊ သူ့အကျိုးအတွက်လည်း သုံးစွဲဦးမှာပေါ့၊ ပြဿနာ မရှိပါဘူး” လို့ ဆိုပြန်တယ်။ ဒီ သတင်းအောက်က မှတ်ချက်တွေ။
 
လူတွေရဲ့ စိတ်ဟာ အံ့သြစရာကောင်းတယ်။ ကိုယ့်ကို အသုံးချပြီး တစ်ကိုယ်ရည်စာ ကောင်းစားရေး လုပ်နေသူက တစ်ဖက်မှာ လှူပြ၊ အများကောင်းကျိုး နာမည်တပ်ပြီး အလုပ်တွေ လုပ်ပြရင် ကိုယ့်ကို အသုံးချနေတာကိုတောင် မမြင်ကြတော့ဘဲ မျက်စိမှိတ် ထောက်ခံပစ်လိုက်ကြတယ်။
 
ယာဘဆေးပြားရောင်းပြီး သိန်းသောင်းချီ ချမ်းသာနေတဲ့လူတွေ အများကြီး။ ဒီလူတွေကို ကြည့်လိုက်ရင် အလှူအတန်း ရက်ရောတယ်၊ ကျောင်းဆောက် ဘုရားတည် ရှေ့ဆုံးကပဲ။ သူတို့ရောင်းလိုက်တဲ့ ဖြန့်လိုက်တဲ့ ဆေးပြားတွေကြောင့် ဘဝပျက်သွားတဲ့ မိသားစုတွေ၊ လူငယ်တွေ ဒုနဲ့ဒေး။ ဒီလူတွေ ရေစက်ချရင်တော့ သာဓုခေါ်ကြတဲ့သူတွေ ရာထောင်ချီ။
 
ယာဘဆေးပြားဖမ်းမိတဲ့ သတင်းအောက်က မှတ်ချက်တစ်ခုမှာ “ဘယ်သူမှ ငါ ဆေးပြားရောင်းနေပါတယ်၊ လာဝယ်ကြပါလို့ မပြောဘူး၊ သူတို့ဘာသာ သွားဝယ်ပြီး သုံးကြတာ” တဲ့။ ကြောက်စရာကောင်းတဲ့ ယူဆချက်လို့ မှတ်ယူပါတယ်။
 
စစ်အာဏာရှင် တော်လှန်ရေးကာလမှာ ‘တော်လှန်ရေး’ ဆိုတဲ့ နာမည်ကိုသုံးပြီး ကောင်းစားသွားကြသူတွေ ဘယ်လောက်များများ ရှိနေပြီလဲ မသိနိုင်ပါဘူး။ တော်လှန်ရေးကို အကြောင်းပြ တစ်ကိုယ်ရည်စာ ဖူလုံရုံမက ပိုလျှံသွားကြသူတွေ ဘယ်လောက်များနေပြီလဲ။ တချို့ကလည်း “ချမ်းသာပါစေဟယ်၊ အများပြည်သူတွေကိုလည်း ကူနေတာပဲ” ဆိုတဲ့ ယူဆချက် ရှိကြပြန်တယ်။
 
စစ်အာဏာရှင် တော်လှန်ရေးဟာ ပြည်သူက ဦးဆောင်တဲ့ ပြည်သူကို ဗဟိုပြုတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ပြည်သူ့ငွေ၊ ပြည်သူ့ကြိုးပမ်းမှုနဲ့ စတင်ခဲ့ပြီး ပြည်သူကပဲ ရှိသမျှ အိတ်သွန်ဖာမှောက် လှူကြတန်းကြနဲ့ ရှေ့ဆက်နေကြရတယ်။ ဒီကာလမှာ ပြည်သူ့ငွေကို ကိုင်တွယ်သုံးစွဲကြသူတွေက ရှင်းလင်း ပြတ်သားဖို့ လိုလာတယ် မြင်ပါတယ်။
 
စစ်ကောင်စီ ဘာဖြစ်ဖြစ်၊ တော်လှန်ရေးဘာဖြစ်ဖြစ်၊ အိမ်တွေ ဘယ်လောက်ပဲ မီးလောင် ပြာကျနေပါစေ ကိုယ်ဝမ်းတောင့်ဖို့ ကိုယ့်စီးပွားရေးပဲ သီးသန့်လုပ်မယ် ဆိုရင်တော့ ပြဿနာမရှိပါ။ ဒီလိုမဟုတ်ဘဲ တော်လှန်ရေးကို ခေါင်းစဉ်တပ်၊ ပြည်သူဆိုတဲ့ စကားလုံးကို ထည်လဲသုံးပြီး ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်လာရင်တော့ ကြပ်မတ်ထိန်းသိမ်းသင့်ကြပါတယ်။
 
မဟုတ်ရင် ဖိတ်စင်လာတဲ့ အတိုအစတွေလောက်ကို လှူပြရုံနဲ့ ပြည်သူ့ငွေဟာ သဲထဲရေသွန် ဖြစ်ကုန်ပါလိမ့်မယ်။ ‘သာသနာပြုတာ ပင်ပန်းမှာပေါ့၊ ဘန်တလေ Bentley စီးတာလောက်က ပြဿနာမရှိပါဘူး’ ဆိုတာကို လက်ခံမိတဲ့အထဲ ကိုယ်မပါဖို့ လိုပါမယ်။
 
တော်လှန်ရေးကို ခေါင်းစဉ်တပ် တစ်ကိုယ်ရည်စာ ကောင်းစားရေးလုပ်နေသူတွေကို 'အများအကျိုး အတွက်လည်း လုပ်နေပဲလေ' လို့ ဆိုပြီး ဦးဆောင်သူတွေ၊ တာဝန်ယူဖြေရှင်းပေးနိုင်သူတွေက လျှော်ပစ်၍ မရစကောင်းပါ။ မျက်စိဖွင့်ကြဖို့ လိုသည်။ ပြည်သူ့ငွေ၊ ပြည်သူ့ချွေးနှဲစာများဖြစ်သည်။

You can treat me a cup of coffee.

wave

Press ESC to close