သံလွင်မြစ်ကမ်းဘေးမှ ဆန်အိတ်များ မဲဆောက်ကို ပြန်သယ်

ထိုင်း မြန်မာနယ်စပ် သံလွင်မြစ်ကမ်းဘေးတွင် စုပုံထားသည့် ဆန်အိတ်များကို ယမန်နေ့ ညသန်းခေါင်အချိန်တွင် ကုန်တင်ကား ၄ စီးဖြင့် ထိုင်နိုင်ငံအတွင်း သို့ ပြန်သယ်သွားပြီဟု ထိုင်းနိုင်ငံက အခြေစိုက် The Reporters သတင်းဌာနက ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။

 

ဖော်ပြထားချက်အရ မယ်ဆန်(မ်)လဲ့၊ မယ့်ဆရီရမ်းမြို့မှ မဲဆောက်မြို့သို့ ပြန်သယ်သွားပြီဟု ပါရှိသော်လည်း အတိအကျ အတည်မပြုနိုင်ပေ။

 

ပြီးခဲ့သည့် ရက်က သံလွင်မြစ်ကမ်းဘေး မယ်ဆန်(မ်)လဲ့ (Mae Sam Lab) သို့ ဆန်အိတ် ၇၀၀  ရောက်လာခဲ့ပြီး မင်းအောင်လှိုင် စစ်တပ်အတွက်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့နောက် မင်းအောင်လှိုင် စစ်တပ်ကို ရိက္ခာ ထောက်ပံ့မှုပေးနေသည်ဟု ဆိုကာ ထိုင်းနိုင်ငံအစိုးရကို ဝေဖန်မှုများ ရှိခဲ့သည်။

 

ထို့နောက် ယင်းဆန်အိတ်များကို မြစ်ကမ်းဘေးတွင် စုပုံထားခဲ့ရာမှ ဒေသခံများက သွားရောက်ကြည့်ရှုစဉ် ယမန်နေ့ မတ် ၂၃ မွန်းလွဲပိုင်းက မင်းအောင်လှိုင်စစ်တပ်က သေနတ် ၁ ချက်ပစ်ဖောက်ကာ သတိပေးခဲ့သည်ဟု The Reporters သတင်းဌာနက ရေးသားသည်။

 

ထိုင်းမြန်မာနယ်စပ် မယ်ဆန်(မ်)လဲ့ ဒေသတဝိုက်သည် ကရင်အမျိုးအသား အစည်းအရုံး (KNU) ၏ တပ်မဟာ ၅ နယ်မြေထဲတွင်ရှိနေသည်။ ကေအင်န်ယူ တပ်မဟာနယ်မြေအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများမှာ အာဏာသိမ်းပြီးကတည်းက ထောက်ပို့လမ်းကြောင်းများ ပြတ်တောက်နေခဲ့ခြင်းဖြစ်သည်။ 

 

ယင်းနောက် ထိုင်းနိုင်ငံမှ ဆန်အိတ်များကိစ္စ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ကေအင်န်ယူအနေနှင့် ထိုင်းနိုင်ငံ၏ ယင်းလုပ်ရပ်အပေါ် လုံးဝ လက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

You can treat me a cup of coffee.

wave

Press ESC to close