ရခိုင် တပြည်နယ်လုံး ပိတ်ဆို့ခံထားရ

 
အေအေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ၂၀၁၈-၁၉ ကာလတုန်းက မြောက်ပိုင်းက မြို့အချို့ကို စစ်ကောင်စီက ရိက္ခာဖြတ်တောက်တာ၊ အဝေးပြေးလမ်းမတွေကို ပိတ်တာမျိုး လုပ်ခဲ့ဖူးပေမဲ့ ခုတခေါက် လမ်းတွေပိတ်လိုက်ပုံက တခါမှ မကြုံဖူးတဲ့ ပိတ်ဆို့မှုမျိုးလို့ ဆိုရပါလိမ့်မယ်။
 
မြောက်ဘက်ပိုင်းအစွန် ဘူးသီးတောင် မောင်တောနဲ့ ဒီဘက် မြောက်ဦး မင်းပြား ကျောက်တော် ပုဏ္ဏားကျွန်း ရသေ့တောင်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တုန်းက စစ်မီးဟာ ကျောက်ဖြူကနေ တောင်ဘက်ကို သိသိသာသာ ကျော်မလာခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။
 
ခုတော့ တောင်ပိုင်းတစ်ပိုင်းလုံးက မြို့တွေကိုလည်း အဝင်အထွက် ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြို့အဝင်အထွက် ပိတ်တယ်ဆိုရာမှာ အဝေးပြေးကား၊ လိုင်းကားတွေကိုတင် ပိတ်တာမျိုး မဟုတ်ဘဲ ကျေးရွာတွေကနေ မြို့ကိုအသွား၊ မြို့တွင်းကနေ ကျေးရွာတွေဆီအထွက်ကိုပါ ပိတ်ပစ်လိုက်တာပါ။
 
တောင်ဘက်စွန်းစွန်းမြို့နယ် ဂွမြို့အထွက် ရခိုင်နဲ့ ဧရာဝတီ နယ်စပ် အဝေးပြေးလမ်းမ ဂိတ်တွေကိုလည်း ပိတ်ချလိုက်တဲ့အတွက် ကုန်စည်စီးဆင်းမှုက ဒီနေ့ နေ့လယ်ကတည်းက လုံးဝ ရပ်တန့်သွားပြီဖြစ်ပါတယ်။
 
ဒါ့အပြင် အဝေးပြေးလမ်းမ မဟုတ်တဲ့ ပြည်နယ်ချင်းဆက်နေတဲ့ လုံခြုံရေးအရ အရေးပါတဲ့ ကျေးရွာချင်းဆက်လမ်းတွေကိုပါ ပိတ်ပစ်လိုက်တာမျိုး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဟိုဘက်ရွာ ဒီဘက်ရွာ ကူးချည်သန်းချည်လုပ်နေတဲ့ နေရာတွေကိုပါ ပိတ်ပစ်လိုက်ပါတယ်။
 
စစ်ကောင်စီဟာ ဒီတကြိမ်မှာတော့ ထင်မထားလောက်အောင် ကြိုတင်ပြင်ဆင်မှု လုပ်လိုက်ပုံပါပဲ။ မနက်က တိုက်ပွဲဖြစ်၊ နေ့လယ်မှာ တပြည်နယ်လုံးကို အမိန့်ထုတ်ပစ်လိုက်တာ တွေ့ရတယ်။ ဆန်အပါအဝင် အသီးအနှံတွေကို ပြည်မကနေ မှာယူစားရတဲ့ ရခိုင်ဟာ ကုန်စည် စီးဆင်းမှုလုံးလုံးရပ်သွားတဲ့ဒဏ်ကို ဘယ်လောက်ထိ တောင့်ခံနိုင်မလဲတော့ မသိပါ။
 
နွေဦးအစက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲသတင်းတွေကို မြေပုံပေါ်ချကြည့်ရင် ရခိုင်နဲ့ ဧရာဝတီက သီးခြားလွတ်နေတဲ့နေရာမျိုးပါ။ ခုတစ်ခေါက် တိုက်ပွဲတွေကို မြေပုံတင်ရင် သီးခြားလွတ်နေတာ ဧရာဝတီတစ်ခုပဲ ကျန်ပါတော့မယ်။
 
နွေဦးတော်လှန်ရေးကာလ ကနဦး ၂၀၂၂ အစောပိုင်းမှာ ဧရာဝတီနဲ့ ရခိုင်အစပ်ကို စစ်ကောင်စီတပ်တွေ နယ်မြေရှင်းခဲ့ဖူးပြီး အဲ့ဒီဘက်ပိုင်းရောက်နေတဲ့ တချို့အဖွဲ့တွေ ရှောင်ခဲ့ကြတာမျိုး ရှိပါတယ်။ နောက်ပိုင်းမှာတော့ ဧရာဝတီနဲ့ ရခိုင်အစပ်က သတင်းတွေ လုံးလုံးမကြားရတော့ပါဘူး။
 
အေအေရဲ့ 'ထိုးစစ်' ဟာ ဒီတစ်ကြိမ်မှာ မြောက်ပိုင်းကနေ တောင်ပိုင်းထိ ဖြန့်လာနိုင်လေမလား....။

You can treat me a cup of coffee.

wave

Press ESC to close