ရန်ကုန်တိုင်း ရွေးကော် ဥက္ကဋ္ဌများကို တရားစွဲရန် အတွင်းရေးမှူးများကို စစ်ကောင်စီ ဖိအားပေး  

ရန်ကုန်တိုင်းအတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟောင်းများကို တရားစွဲဆိုကြရန် စစ်ကောင်စီက ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးများကို ဖိအားပေးလျက်ရှိသည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်များ က ယနေ့ ပြောကြားသည်။

၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ၉၅ ဦးရှိပြီး ၎င်းတို့လက်အောက်တွင် အတွင်းရေးမှူး ၈၈ ဦးရှိသည်။

တကယ်တမ်း (ရွေးကောက်ပွဲမှာ) အလုပ်လုပ်ခဲ့တာက အဓိကက အတွင်းရေးမှူးတွေပါ၊ ဆိုတော့ သူတို့က ပိုသိတာပေါ့၊ ဒါကြောင့် သူတို့ကို တည်ပြီး ဥက္ကဋ္ဌတွေကို တရားစွဲခိုင်းတာဟု သတင်းပေးလာသူ တစ်ဦးက ဆိုသည်။

စစ်ကောင်စီလက်အောက်တွင် အလုပ်မလုပ်လိုသည့် ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းများက နုတ်ထွက်စာတင်ခဲ့ကြသော်လည်း စစ်ကောင်စီက လက်မခံခဲ့သလို ဖော်ဖော်ဝါရီလကတည်းက ရှောင်ပြေးနေရသည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများလည်း ရှိနေသည်။

နယ်တွေတော့ မကြားမိသေးဘူး၊ အထူးသဖြင့် ဖြစ်နေတာ ရန်ကုန်ပဲ။ ဥက္ကဋ္ဌတင် မကဘူး၊ အဖွဲ့ဝင်တွေကိုပါ တရားစွဲဖို့ စီစဉ်နေတာဟု သတင်းရင်းမြစ်နောက်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် သတင်းပတ်က နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ဖမ်းဆီးခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ဒုတိယပတ်တွင် ရန်ကုန်တိုင်း၊ မြို့နယ်ရွေး/ကော်ဥက္ကဋ္ဌအားလုံးနီးပါး ဘုရင့်နောင် စစ်ကြောရေးတွင် ထိန်းသိမ်းခံထားခဲ့ရသည်။ ထို့နောက် သတင်းမကြားရတော့ပေ။

 

You can treat me a cup of coffee.

wave

Press ESC to close