တစ်ပတ်အတွင်း 'ပုစဉ်း' လည်ပြန်

"အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဉ်တစ်စီး ပစ်ချနိုင်ခဲ့" တယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီလ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။

စစ်ကိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ဝန်းကျင်က တိုက်ပွဲအတွင်းမှာ 'ရဟတ်ယာဉ်တစ်စီး' ကို တပ်ပေါင်းစုတွေက ပစ်ချခဲ့ပြီး 'ရန်သူ့တပ်သားနှင့်ပျုစောထီး ၂၀ ဦးခန့်' သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ထုတ်ပြန်ချက်မှာ ရဟတ်ယာဉ်အမျိုးအစား မပါဝင်သလို ဓာတ်ပုံ သို့မဟုတ် ရုပ်သံလည်း မဖော်ပြပါဘူး။

ပစ်ချခဲ့ပြီး ၄ ရက်ကြာတဲ့ ဒီနေ့ အထိ ဟုမ္မလင်းမှာ ပစ်ချခဲ့တဲ့ရဟတ်ယာဉ်ပုံကို မတွေ့ရသေးပါဘူး။ စစ်ရေးအရ အချိန်အတိုင်းအတာတစ်ခုထိ ဓာတ်ပုံကို ထိန်းထားတာမျိုးလည်း ဖြစ်နိုင်သလို အခြေအနေတစ်ခုခုကြောင့် ဓာတ်ပုံရိုက်ခွင့်မသာတာ၊ ရိုက်ခွင့် မရလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပျက်ကျသွားတဲ့ သံတိုသံစတွေကို စစ်ကောင်စီက ပြန်ယူသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ဟာကိုမှ အတည်မပြုနိုင်ပါဘူး။

မြန်မာ နောင်း သတင်းတစ်ပုဒ်အရတော့ အဲ့ဒီရဟတ်ယာဉ်ပစ်ချနိုင်တယ်ဆိုတဲ့ ရွှေပြည်အေးမြို့ကို မြေပြင် တပ်ပေါင်းစုအဖွဲ့တွေက ၃ ရက်ကြာ စီးနင်းခဲ့ပြီး ၄ ရက်နေ့ကတော့ တပ်ပြန်ဆုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ရဟတ်ယာဉ်ပစ်ချခဲ့တာက ၃ ရက်နေ့ဖြစ်ပြီး တပ်ပြန်ဆုတ်ခဲ့တာ ၄ ရက်နေ့က ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဆီမှာ ပစ်ချခံရတဲ့ ရဟတ်ယာဉ်ပုံ ရှိထားပြီးရင်တော့ လိုအပ်ရင် ထုတ်ပြန်မယ် မျှော်လင့်ပါတယ်။

ဒါပေမယ့် ဖြစ်တဲ့နေ့ကစပြီး ပုဂ္ဂလိက အကောင့်ပေါင်းစုံက ဟုမ္မလင်းမှာ ပစ်ချခံရတယ်ဆိုပြီး ရဟတ်ယာဉ်ပုံတွေ အများကြီး တင်ခဲ့ကြပါတယ်။ အားလုံး ပုံဟောင်းတွေသာ ဖြစ်ပါတယ်။ တချို့ပုံတွေက အတည်အတံ့ရေးသလိုလို၊ အပြောင်အပျက်ရေးသလိုလို လုပ်ပေမယ့် တစ်ပုံမှ အစစ်အမှန်ပုံ မတွေ့ရပါ။

ဒါ့အပြင် ဟုမ္မလင်းမှာ ပစ်ချခဲ့တာဟာ Mi-17 လို့ သတင်းတချို့အရ သိရပြီး ပုဂ္ဂလိကအကောင့်တွေမှာ ပျံ့နှံ့နေတဲ့ ပုံတွေကတော့ Mi-17 မဟုတ်ပါဘူး။ တချို့ကလည်း Mi-35 ပုံတွေနဲ့ ပစ်ချခံရတဲ့သတင်းကို တင်နေတာမျိုး တွေ့ရပါတယ်။

တချို့ ပုဂ္ဂလိကအကောင့်တွေကတော့ ရဟတ်ယာဉ်တစ်စင်း ဆင်းလာတာကို မျက်နှာချင်းဆိုင်တည့်တည့်က ရိုက်ထားပြီး 'ဟုမ္မလင်းမှာ ပစ်ချခဲ့တဲ့ ပုစဉ်း' လို့ စာထိုးပြီး တင်တာမျိုးလည်း တွေ့ရပါတယ်။

ဒါပေမယ့် စဉ်းစားစရာက ဒါမျိုးကိုသာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ရခဲ့ရင် အဖွဲ့အစည်းအနေနဲ့ နာမည်ခံပြီး တရားဝင် ထုတ်ပြန်တာမျိုး လုပ်မှာပါပဲ။ အဲ့ဒီ 'မျက်နှာချင်းဆိုင်က ရိုက်တဲ့ရုပ်သံ' ကို တင်တဲ့လူကလည်း ဘယ်သူမှန်း မသိတဲ့အတွက် ယုံကြည်ရ ခက်ပါတယ်။

တစ်ဆက်တည်းမှာပဲ လွိုင်ကော်မှာလည်း ၄ ရက်နေ့က ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့သေးပြီး လွိုင်ကော်အခြေစိုက်တပ်တွေကို မေးရာမှာတော့ ဒီလိုသတင်းမျိုး မကြားမိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ တုန်းကတော့ ကရင်နီ၊ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှာ အင်အားလာဖြည့်တဲ့ ရဟတ်ယာဥ်ကို စနိုက်ပါနဲ့ ပစ်ခဲ့တယ်ဆိုတဲ့ ရုပ်သံတစ်ခုတွေ့ပါတယ်။

၂၉ စက္ကန့်ကြာတဲ့ အဲ့ဒီရုပ်သံအတိုကို 'ကရင်နီ​တော်လှန်​ရေး တပ်ဖွဲ့ဝင်အချို့' က အွန်လိုင်းပေါ် တင်ထားတာကို သတင်းဌာနတစ်ခုက ပြန်ယူပြီး တင်ထားတာ တွေ့ရပါတယ်။ ကရင်နီအခြေစိုက်အဖွဲ့တစ်ခုခုက နာမည်ခံထုတ်ပြန်ထားတာမျိုး မဟုတ်တဲ့အတွက် အတည်ပြုချက်ယူဖို့ အတော်ခက်ခဲပါတယ်။

ဒါပေမယ့် ဒီရုပ်သံနဲ့ ဓာတ်ပုံတွေကို ဟုမ္မလင်းက ဖြစ်ရပ်အဖြစ် ထပ်ဖန်တလဲလဲ စာအမျိုးမျိုး ထိုးပြီး ပုဂ္ဂလိက အကောင့်ပေါင်းစုံက ပြန်ဖော်ပြနေတာ တွေ့ရတယ်။ သတင်းကိုသေချာလိုက်ဖတ်တဲ့ စာဖတ်ပရိသတ်ကို အတော် ဝေဝါးထွေပြားစေပါတယ်။

ဖြစ်ရပ်တွေအတွက် အထောက်အကူဖြစ်စေမယ့် အချက်အလက် အမှန်ကို မဖော်ပြနိုင်ရင် မဖော်ပြဘဲနေတာက ပိုကောင်းပြီး အမှားကြီးကို အမှန်လုပ် ဖော်ပြရင်တော့ ဖြစ်ရပ်မှန် ပေါ်လာတဲ့အခါ လူထုစိတ်ဝင်စားမှု လျော့ကျသွားနိုင်ပါတယ်။ စိတ်ဓာတ် စစ်ဆင်ရေး လုပ်နေသူတွေ သတိချပ်သင့်တယ်လို့ ယူဆပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close