သီရိမင်္ဂလာဈေးတွင် ဗုံးပေါက်သည်ကို အကြောင်းပြကာ ရဲနှင့်စစ်သားပေါင်းပြီး ဆိုင်ခန်းများကို ဖောက်ထွင်း

ရန်ကုန် သီရိမင်္ဂလာဈေးအနီးတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့များက ဆိုင်ခန်းပိုင်ရှင်များကို အပြင်သို့ထွက်စေပြီး ဆိုင်ခန်းများကို ဖောက်ထွင်းကာ ငွေများ ယူဆောင်သွားသည်ဟု ဈေးသူဈေးသားများက ဆိုသည်။ 

သီရိမင်္ဂလာဈေးအနီးမှာ ည ၈ နာရီကျော်က ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်သားများနှင့် ရဲများရောက်ရှိလာကာ ဈေးတွင်းရှိဈေးသည်များ၊ ဆိုင်ပိုင်ရှင်များအားလုံးကို ကားပါကင်အတွင်း ပိတ်လှောင်ထားခဲ့ပြီး ဈေးအတွင်း ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

“ကားဝင်းထဲ ထည့်ပြီး  အပေါက်တွေပိတ်ထားတယ်။ ကလေး သေးသေးလေးတွေက အစ ခေါ်ထည့်ထားတာ” လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပြီး “စည်ပင်တွေကစာရင်းကောက်ပါတယ်။ (စစ်သား) တွေက စစ်မယ်ဆိုပီး ဈေးအထဲကိုဝင်သွားပါတယ်” ဟု အခြားသတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။ 

ထို့နောက် ကွမ်းပွဲရုံ၊ ပြောင်းဖူးပွဲရုံ၊ သစ်သီးပွဲရုံရှိ ဆိုင်များကို ဝင်ရောက်ခဲ့ကာ ဆိုင်ရှင်များ ပြန်လည်ရောက်ရှိချိန်၌ ပိုက်ဆံ သိမ်းဆည်းထားသည့် အံဆွဲများ၊ ဘီဒိုများ ဖောက်ထွင်းခံထားရခြင်း ဖြစ်သည်။

“တချို့ဆိုင်တွေက တနေ့ကုန် ရောင်းထားရတာတွေရှိတယ်။ တချို့ကကျ စာရင်းရှင်းဖို့ ငွေတွေ သိမ်းထားတာ ရှိတယ်။ ပြောလို့မကောင်းပေမယ့် တချို့ သိန်း ၅၀ ကျော်လောက်ထိ ပါသွားတာတွေတောင် ရှိတယ်” ဟု ဈေးသည် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ 

ထို့နောက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကားပါကင်အတွင်း ထည့်ပိတ်ထားသူများကို ပြန်လွှတ်ပေးခဲ့ပြီးနောက် သေနတ်ပစ်ဖောက်ခဲ့သေးကြောင်းနှင့် မည်သည့်အတွက်ကြောင့် သေနတ်ပစ်ဖောက်သည်ကိုမူ မသိရကြောင်း ဈေးသူဈေးသားများကဆိုသည်။ 

ဗုံးပေါက်ကွဲမှုကြောင့် ဈေးအနီးမှာ အလုပ်လုပ်သူ အရပ်သား အနည်းဆုံး ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ဗုံးပေါက်ကွဲခဲ့သည့် ကားကိုမူ လက်ရှိအချိန်ထိ ယင်းနေရာတွင်ပင် တွေ့နေရသေးသည်။ 

You can treat me a cup of coffee.

wave

Press ESC to close