ပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီက ဒဏ်ရိုက်ရန် ပြင်ဆင်

CDM တွင်ပါဝင်ကာ ပိတ်ထားသည့် ပုဂ္ဂလိက ဘဏ်များကို အာဏာလု လက်နက်ကိုင် စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခိုင်းနေပြီး အမိန့်ကို မလိုက်နာပါက ဒဏ်ရိုက်ရန် ပြင်ဆင်နေသည်ဟု ဘဏ်ဝန်ထမ်းများက ဆိုသည်။

 

အာဏာသိမ်းဖြစ်စဉ် စတင်ခဲ့သည့် ဖေဖော်ဝါရီ ပထမပတ်မှ စတင်ကာ ပုဂ္ဂလိက ဘဏ်များ CDM တွင် ပါဝင်ခဲ့ပြီးနောက် မင်းအောင်လှိုင်၏ စစ်ကောင်စီက မတ်လ ၁၈ တွင် ပုဂ္ဂလိကဘဏ်များကို ပြန်ဖွင့်ရန် အမိန့်ထုတ်ခဲ့သည်။

 

သို့သော် ဘဏ်အများစုက မင်းအောင်လှိုင်၏ အမိန့်ကို ဂရုမစိုက်ဘဲ ယခင်အတိုင်း ပိတ်ထားခဲ့ကြသည်။ 

 

ဘဏ်ခွဲများတဲ့ ဘဏ်တွေ ပိုပြီး ဒဏ်ငွေရိုက်ခံရနိုင်တယ်ဟု သတင်းပေးလာသူက ဆိုသည်။

 

ဘဏ်တစ်ခုချင်းစီ၏ ရှိနှင့်ပြီးဖြစ်သည့် ဘဏ်ခွဲများ၏ တစ်ဝက် (၅၀ ရာခိုင်နှုန်း) ပြန်ဖွင့်ရန် စစ်ကောင်စီက ညွှန်ကြားထားပြီး ပြန်လည်ဖွင့်လှစ်ခြင်းမရှိပါက တစ်ပတ်လျှင်တစ်ကြိမ် ဒဏ်ငွေပေးဆောင်ရမည်ဟု ဆိုသည်။

 

အဆိုပါ အမိန့်များကို မလိုက်နာဘဲ ဆက်လက်ပိတ်ထားမည်ဆိုပါက ဘဏ်လိုင်စင်ကို ရုတ်သိမ်းသည်အထိ ဖြစ်လာနိုင်ပြီး နောက်ဆုံးအဆင့်အနေဖြင့် ဘဏ်များက ဗဟိုဘဏ်တွင် သိမ်းဆည်းထားသည့်ငွေကိုပါ ဆုံးရှုံးနိုင်သည့်အခြေအနေထိ ရောက်လာနိုင်သည်ကို ဘဏ်လုပ်ငန်းပိုင်ရှင်များက စိုးရိမ်နေကြသည်။

 

ကမ္ဘောဇဘဏ် အရှုပ်အထွေး

 

တဖက်တွင်မူ ပုဂ္ဂလိက ဘဏ်အများစု CDM တွင်ပါဝင်ပြီး ပိတ်နေခဲ့ကြသော်လည်း ကမ္ဘောဇ ဘဏ် (KBZ Bank) ဘဏ်ခွဲအချို့ ပြန်လည်ဖွင့်လှစ်နေခဲ့သည်ကို တွေ့ရသည်။ ဘဏ်ခွဲများအနက် ပြည်လမ်း ကမာရွတ် ဘဏ်ခွဲ (၁) တွင် မတ် ၁၆ ရက်က ငွေလာထုတ်သူများနှင့် ဘဏ်တာဝန်ရှိသူများအကြား ကတောက်ကဆ ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။

 

ထို့နောက် မင်းအောင်လှိုင်၏ လက်ဝေခံ ရဲနှင့်စစ်သားများကို ကမ္ဘောဇဘဏ်က ခေါ်ခဲ့ပြီး ငွေလာထုတ်သူ ၄ ဦးကို ဖမ်းဆီးစေခဲ့သည်ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောဆိုထားသည်။

 

သို့သော် ကမ္ဘောဇဘဏ်အနေနှင့် လုံလောက်သည့် ဖြေရှင်းချက် မပေးခဲ့ပေ။ ယခုအချိန်တွင် ဖမ်းဆီးခံခဲ့ရသူများမှာ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရပြီဟု မိသားစုဝင်များက ဆိုသည်။​

 

ကမ္ဘောဇ ဘဏ်သည် အခြားဘဏ်များကဲ့သို့ အပြည့်အဝ ပိတ်ထားခြင်း မဟုတ်ဘဲ ဘဏ်ခွဲအချို့ ဖွင့်လှစ်နေသလို ဘဏ်အဖွဲ့အစည်းအတွင်း CDM လုပ်ရန် တိုက်တွန်းသူ၊ ရာထူးအကြီးပိုင်းများကိုလည်း မင်းအောင်လှိုင်လက်ဝေခံ စစ်သားနှင့်ရဲများကို အသုံးပြု၍ ခြိမ်းခြောက်လျက်ရှိနေသည်ဟု နေအိမ်ကို ရဲ၊ စစ်သားအင်အား ၅၀ ကျော်ဖြင့် ဝိုင်းခံရသည့် ကမ္ဘောဇဘဏ် ထိပ်ပိုင်းဝန်ထမ်းတစ်ဦးနှင့် နီးစပ်သူက သတင်းပေးထားသည်။

 

You can treat me a cup of coffee.

wave

Press ESC to close