ပိတ်သိမ်းထားသည့် ရုပ်သံ မီဒီယာများကို ဟိုတယ်နှင့် တည်းခိုခန်းများတွင် မပြသရန် စစ်ကောင်စီကြိုးပမ်း  

  • Nov 23, 2021
  • In NEWS
ပိတ်သိမ်းထားသည့် ရုပ်သံ မီဒီယာများကို ဟိုတယ်နှင့် တည်းခိုခန်းများတွင် မပြသရန် စစ်ကောင်စီကြိုးပမ်း   
စစ်ကောင်စီ၏ အမိန့်ညွှန်ကြားစာ

လုပ်ငန်းလိုင်စင် ပိတ်သိမ်းထားသည့် မီဒီယာများသည် တရားမဝင်သောကြောင့် ယင်းမီဒီယာများက ထုတ်လွှင့်သည့် ရုပ်သံများကို ဟိုတယ်နှင့် တည်းခိုခန်းများတွင် ဖမ်းယူပြသနေခြင်းမှာ ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ထုတ်ဝေဖြန့်ချိခွင့် လုပ်ငန်းလိုင်စင် ပိတ်သိမ်းထားသည့် မီဒီယာ ၉ ခုအနက် DVB နှင့် Mizzima တို့၏ ရုပ်သံလိုင်းများကို ပီအက်စ်အိုင်ကဲ့သို့ အခမဲ့ ဂြိုလ်တုစလောင်းများတွင် မြန်မာနိုင်ငံအတွင်း ဆက်လက် ကြည့်ရှုနိုင်နေဆဲဖြစ်သည်။ 

ပိတ်သိမ်းထားသည့် သတင်းဌာနများ၏ ရုပ်သံလိုင်းများအား (ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင်) ဖမ်းယူကြည့်ရှုနိုင်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ရရှိထားသည့် စစ်ကောင်စီ၏ အမိန့်စာတွင် ပါရှိသည်။

ယခုစာကို ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်းများအသင်း၊ ခရီးသွား လုပ်ငန်းရှင်များအသင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်းအသင်းတို့ထံ စစ်ကောင်စီက ပေးပို့ထားသည်။ 

၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ဟိုတယ်လုပ်ငန်းလိုင်စင်ရှိထားသူများ လိုက်နာရမည့် ညွှန်ကြားချက်များအရ အစိုးရ၏ ထုတ်ပြန်ချက်များ အမိန့်များကို နာခံရမည်ဟုဆိုပြီး ပိတ်ပင်ထားသည့် မီဒီယာများ၏ ထုတ်လွှင့်မှုများကို ပြသနေခြင်းမှာ ဥပဒေချိုးဖောက်နေခြင်းဟု ဆိုလိုခြင်းဖြစ်သည်။

ထို့ပြင် လက်ရှိအသုံးပြုနေသည့် ဂြိုလ်တု ရုပ်မြင်သံကြားဖမ်းစက်များ အနက် ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် ခွင့်မပြုထားသည့် ရုပ်မြင်သံကြားဖမ်းစက်များ ရှိနေသည်ဟု အမိန့်စာတွင် ရေးသားထားပြီး အသေးစိတ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိပေ။

သို့သော် တရားမဝင် ဂြိုလ်တုရုပ်မြင်သံကြားဖမ်းစက်များ လက်ဝယ်ထားရှိပါက ယခုထုတ်ပြန်လိုက်သည့် အမိန့်စာ ရရှိပြီး ရက် ၃၀ အတွင်း သက်ဆိုင်ရာမြို့နယ် သို့မဟုတ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အပ်နှံရမည် ဟုဆိုသည်။

ပိတ်သိမ်းခံထားရသည့် မီဒီယာများအနက် Myanmar Now, DVB, Mizzima, The 74 Media, Delta News Agency, ရန်ကုန်ခေတ်သစ်နှင့် တာချီလိတ် သတင်းအေဂျင်စီတို့က ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပြီး 7Day နှင့် မြစ်ကြီးနား သတင်းဂျာနယ် တို့မှာ ရပ်နားထားသည်။

 

You can treat me a cup of coffee.

Paypal


About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။