ဆာဆာကာဝါက အေအေနဲ့ သွားညှိတာက....
ပြည်မ တော်လှန်ရေးကို သက်ရောက်မှု ရှိနိုင်ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးအကျိုးဆောင်လို့ ကိုယ့်ဘာသာ နာမည်တပ်ထားတဲ့ ဂျပန်က ဆာဆာကာဝါ က စစ်ကောင်စီနဲ့တွေ့သလို၊ ရခိုင်အမျိုးသားပါတီ၊ နောက် ရက္ခိုင့်တပ်တော် အေအေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။
ဆိုရရင်တော့ တိုက်ပွဲတွေရပ်တာ တစ်နှစ်ပြည့်တော့မယ့် ရခိုင်မှာ ထိတွေ့မှုတွေ ပြန်ဖြစ်လာတော့ ဒါကို တားဖို့အတွက် ဆာဆာကာဝါကို စစ်ကောင်စီက အကူအညီတောင်းတာ အသိသာကြီးပါပဲ။ ရက္ခိုင့်တပ်တော်အနေနဲ့လည်း ညှိနှိုင်းမှုကို သဘောတူတဲ့ အနေနဲ့ 'သုံ့ပန်းတွေကို လွှတ်ပေးလိုက်တာ' တွေ့ရပါတယ်။
ဒါ့အပြင် ရခိုင်ရှေ့တန်းမှာ အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့ တပ်မ ၅၅ နဲ့ ၄၄ လက်အောက်ခံတပ်တွေ မနေ့က ရှေ့တန်း ပြန်ဝင်လာပါတယ်။ အတိအကျ ဆိုရရင် တပ်မ ၄၄ အောက်က၊ သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ လိုမျိုး ခမရတွေ ပြန်ဝင်လာတယ်။ စစ်ကား အစီး ၃၀ ကျော်နဲ့ ပြန်လာတာက ထူးခြားချက်ပဲ။ နဂိုက ရခိုင်ဒေသမှာ မြန်မာစစ်တပ်က ကားတန်းနဲ့ ထင်ထင်ပေါ်ပေါ် မသွားရဲကြပါဘူး။ ဆာဆာကာဝါ ညှိနှိုင်းမှုရဲ့ အကျိုးဆက်ပါပဲ။
ဒီဘက်မှာတော့ မြန်မာစစ်တပ်ဟာ စစ်မှုထမ်းဟောင်းတွေ၊ ထောက်ပို့တွေနဲ့ လေတပ်သားတွေအပြင် တပ်မတော် အား/ကာ သိပ္ပံက လူတွေကို လုံခြုံရေးအတွက် အသုံးပြုနေရချိန်။ ဒီချိန်မှာ နဂိုက ရခိုင်မှာ အားစိုက်ထည့်ထားရတဲ့ ရှေ့တန်းတပ်တွေ ပြန်လာတာက မင်းအောင်လှိုင်စစ်တပ်အတွက် အားတစ်ခုပါပဲ။
လောလောဆယ် သတင်းတွေအရ ဒီတပ်တွေက ပြည် တဝိုက်ကနေ မရွှေ့သေးပါဘူး။ ပြည်ကနေ အရှေ့ဘက်ကို တက်ရင် ပဲခူးရိုးမပါ။ ဒီဘက် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဖြူးမှာ ပီဒီအက်ဖ်တွေ ဝင်တိုက်ခဲ့ကြတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ နှစ်ကြိမ်တိုက်ခိုက်ခံရပေမယ့် စစ်ကောင်စီဟာ ဘာလုပ်ရမှန်း မသိပါဘူး။
ဆိုရရင် အမြန်လမ်းတလျှောက် ဖြူး အနီးဝန်းကျင်ဟာ တောအထူဆုံး နေရာပါပဲ။ ဒါကို မင်းအောင်လှိုင်စစ်တပ်ဟာ ကောင်းကောင်းကြီး သိပါတယ်။ ပြီးခဲ့တဲ့ရက်က ဖြူးနဲ့ အနီးဝန်းကျင်က စခန်းတွေကို စစ်သားတွေ ရောက်ပါတယ်။ အထုပ်အပိုးကိုယ်စီနဲ့။ ဖြူးဝန်းကျင်တဝိုက်မှာ တောနင်းလို့ရတဲ့နေရာက ပဲခူးရိုးမပဲ ရှိပါတယ်။
တပ်မ ၅၅ နဲ့ ၄၄ တွေက အနောက်ဘက်က တက်လာနေချိန်မှာ ဒီဘက် အရှေ့ဘက်က ဖြူးမှာ တပ်လှုပ်ရှိတာဟာ မရိုးသားဘူး ဆိုတာပါပဲခင်ဗျား။