ဦးညွတ်ရမယ့် အာဏာဖီဆန်သူ တက္ကသိုလ်ကျောင်းသားများ

ဒီနေ့ထိ အအောင်မြင်ဆုံးနဲ့ အထိရောက်ဆုံး အာဏာဖီဆန်သူတွေကို ပြောပါဆိုရင် တက္ကသိုလ် ကျောင်းသားနဲ့ တက္ကသိုလ် စီဒီအမ် ဆရာ ဆရာမ တွေကို အရင်ဆုံးထည့်ပြောမှ ရမယ်လို့ ယုံကြည်ပါတယ်။
 
မနှစ်က ဖေဖော်ဝါရီကတည်းက ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် ဒါမှမဟုတ် ဖိုင်နယ် တက်ကြမယ့်၊ ဒါမှမဟုတ် တက်နေဆဲ ကျောင်းသားတွေထဲက တစ်နိုင်ငံလုံးအတိုင်းအတာ တက္ကသိုလ်ကျောင်းသားပေါင်း ၆၀ ရာခိုင်နှုန်းကျော်ဟာ ကျောင်းပြန်မတက်ကြတော့ပါဘူး။
 
၆၀ ရာခိုင်နှုန်းလို့ ဘာလို့ပြောနိုင်သလဲဆိုရင် ဒီလိုပါ။
 
Burma Academy နဲ့ Oak Aw Institute တို့ ပေါင်းပြီးလုပ်တဲ့ အခြေခံသတင်းစာပညာသင်တန်းကို ကူညီရတော့ အဲ့ဒီမှာ အဓိကက ကျနော် ကျောင်းသားကျောင်းသူတွေနဲ့ အတူတူ အပတ်စဉ် အလုပ်လုပ်ရ၊ စကားပြောရပါတယ်။ ဒီမှာ ဘာတွေ့ရသလဲဆိုတော့ ကျောင်းသားသမဂ္ဂတွေရဲ့ အခန်ကဏ္ဍဖြစ်ပါတယ်။
 
သမဂ္ဂတွေဟာ လူငယ်တွေပီပီ ချိတ်ဆက်အလုပ်လုပ်နိုင်ကြပြီး နည်းပညာ၊ ဒီဇိုင်း၊ ဦးဆောင်နိုင်မှု၊ ဦးဆောင်မှုကို လက်ခံပေးနိုင်မှု၊ နေရာပေးမှု အကြီးကြီးရှိနေတာ သတိထားမိပါတယ်။ ဒီမှာ သူတို့စုဆောင်းထားတဲ့ အချက်အလက်တွေ၊ စာရင်းဇယားတွေလည်း အခိုင်အမာရှိနေကြပါတယ်။
 
နည်းပညာတက္ကသိုလ်တွေနဲ့ မြန်မာနိုင်ငံမှာ လူဦးရေအများဆုံးလို့ ပြောလို့ရမယ့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေက ကျောင်းသားတွေဟာ အာဏာဖီဆန်မှုမှာ အအောင်မြင်ဆုံး၊ အများဆုံးနဲ့ အရှေ့ဆုံးမှာ ရှိပါတယ်။ ဒါပေမယ့် ဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူတွေကိုတော့ တက္ကသိုလ် ကျောင်းသားလောက၊ အသိုင်းအဝိုင်းထဲမှာတင် တော်တော်ကို ဝေဖန်ကြတာ တွေ့ရပါတယ်။
 
ဘာလို့ဆို ဆေးတက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာ အစောပိုင်းကာလမှာ စီဒီအမ်လို့ အကျယ်ကြီးအော်ပြီး တက်ကြွခဲ့ပေမယ့် နောက်ပိုင်းမှာ ကျောင်းပြန်တက်ကြ၊ ဘွဲ့တွေယူကြပြီး အာဏာဖီဆန်သူ တက္ကသိုလ်ကျောင်းသား လောကထဲမှာ ကျောင်းမတက်ဘဲ သပိတ်မှောက်တဲ့ ရာခိုင်နှုန်းအနည်းဆုံးနဲ့ ကျောင်းပြန်တက်မှု ရာခိုင်နှုန်း အများဆုံး ရှိနေလို့ပါပဲ။
 
စစ်ကောင်စီရဲ့ ပညာရေးစနစ်ထဲကို အေးအေးလူလူပြန်ဝင်သွားကြသူတွေဟာ ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူ ‘အများစု’ ဖြစ်ကြောင်း အာဏာဖီဆန်သူ ကျောင်းသားတွေက သတ်မှတ်ထားကြပါတယ်။ ဆေးတက္ကသိုလ်လို့ ပြောရင် ရန်ကုန်အပါအဝင် မန္တလေးမှာလည်း ကျောင်းပြန်တက်သူ ရာခိုင်နှုန်းဟာ သိသိသာသာများတယ်လို့ ကျောင်းသားတွေက ဆိုကြပါတယ်။ ဒီထဲက 'ရာခိုင်နှုန်း အနည်းစု' လောက်ပဲ တော်လှန်ရေးထဲ ပါဝင်နေကြတာပါ။
 
ဒီနေရာမှာ စီဒီအမ်လုပ်သူ ဆရာ ဆရာမတွေကိုလည်း ထည့်ပြောရမှာပါ။ တချို့ မေ့ကောင်းမေ့နေမှာပါ။ "စီဒီအမ်လုပ်နေတဲ့ တက္ကသိုလ်က ဆရာ ဆရာမတွေ ဘယ်ရောက်သွားကြပြီလဲ" ဆိုပြီး စဉ်းစားဖူးကြမှာပါ။
 
နည်းပညာနဲ့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်းတွေထဲက စီဒီအမ် ဆရာဆရာမတွေဟာ ခုချိန်ထိ တက်ကြွနေဆဲဖြစ်ပြီး တချို့ဆိုရင် အပြင်မှာ ရရာအလုပ်လုပ်ကြ၊ အွန်လိုင်းသင်တန်းတွေဖွင့်ကြပြီး ဘဝကို ခက်ခက်ခဲခဲ ရပ်တည်နေကြတာ တွေ့ရပါတယ်။ ဒီအတွက် ကျောင်းသား ကျောင်းသူတွေကလည်း ဟိုးကတည်းက အဖွဲ့တွေဖွဲ့ အလှူငွေတွေကောက်ခံပြီး ကြံ့ကြံ့ခံပေးနေကြပါတယ်။
 
နည်းပညာနဲ့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေမှာ အာဏာဖီဆန်သူ ၆၀ ရာခိုင်နှုန်းလို့ပြောရမယ့်အထဲမှာ ကျောင်းသားကျောင်းသူတွေ ပါသလို ဆရာဆရာမတွေလည်း ပါဝင်ပါတယ်။ ဒီအချက်ဟာ စစ်ကောင်စီပညာရေးဝန်ကြီးဌာနအတွက် အတော်ကို အကြပ်ရိုက်စေပါတယ်။
 
မြင်ယောင်ကြည့်ပါ။ ပုံမှန် ကျောင်းသား ၁၀၀ ရှိရမယ့် စာသင်ခန်းမှာ ကျောင်းသား ၆၀ မရှိတော့ဘဲ စာသင်မယ့် သက်ဆိုင်ရာ ဆရာ ဆရာမလည်း မရှိတော့ စီဒီအမ် မလုပ်သူ ဆရာဆရာမတွေဟာ သူတို့ မကျွမ်းကျင် နားမလည်တဲ့ ဘာသာရပ်တွေကိုလည်း မသင်နိုင်၊ သင်မယ်ဆိုပြန်တော့လည်း ကျောင်းသားဦးရေက မပြည့်။ နောက်ဆုံးတော့ ကျောင်းသွားတက်နေတဲ့ ကျောင်းသားတွေကိုယ်တိုင် ကျောင်းမှာ မပျော်နိုင် ဖြစ်လာကြပါတယ်။
 
ရွယ်တူ သူငယ်ချင်းတွေ တိုက်ပွဲဝင်နေချိန်၊ ထောက်ပို့အတွက် အလှူငွေကောက်နေချိန်၊ စီဒီအမ် ဆရာဆရာမတွေ အတွက် ငွေတွေလိုက်စု ကူညီပေးနေချိန်မှာ ဆရာ မလောက်၊ ကျောင်းသား မရှိတဲ့ စာသင်ခန်းထဲ ဟန်လုပ်ပြီး စာသင်နေကြတာကို သူတို့လည်း မခံစားနိုင်ဖြစ်လာနေကြပါတယ်။ ကျောင်းခန်းထဲမှာ မြင်တွေ့နေကျ ကိုယ့်ဘော်ဒါတွေ မရှိတော့ဘဲ တက္ကသိုလ်ကျောင်းသားဘဝကို ဖြတ်သန်းရတာဟာ အဆိုးရွားဆုံးပါပဲ။
 
နောက်ဆုံး ဘွဲ့ရသွား ဒါမှမဟုတ် Semester တွေပြီးလို့ အတန်းတက်သွားရင်တောင် ဒါဟာ သူတို့ စာကျက်လို့၊ ကြိုးစားလို့ မဟုတ်ဘဲ စစ်အစိုးရရဲ့ အောင်ချက်ပြချင်တဲ့ For-Show ပညာရေးစနစ်ကြီးထဲ ပါသွားကြမှာကို တက္ကသိုလ်ကျောင်းသားဆိုတဲ့ ဉာဏ်ရည်အားဖြင့် နားလည်ထားကြသူတွေပါပဲ။ ဒါကြောင့် ကျောင်းတက်နေကြသူတွေဟာလည်း တကယ်တော့ စိတ်နှလုံး မချမ်းမြေ့ကြပါဘူး။
 
ဒါကြောင့် မမေ့မလျော့ ဦးညွတ်ရမှာက ၆၀ ရာခိုင်နှုန်းသော အာဏာဖီဆန်သူ ကျောင်းသားကျောင်းသူတွေဖြစ်ပါတယ်။ ဒီ ၆၀ ရာခိုင်နှုန်းထဲကပဲ ကျောင်းသားတပ်တွေဆီ ရောက်သွားကြတယ်၊ ကချင်မှာ ရှိနေကြတယ်၊ ကရင်ပြည်နယ်ထဲ ရှိနေကြတယ်၊ စစ်ကိုင်း၊ ရခိုင်ထဲ ရှိနေကြပါတယ်။ တိုက်ပွဲထဲ ကျသွားကြသူတွေထဲ တက္ကသိုလ်ကျောင်းသားတွေ ပါသွားကြတယ်၊ ခြေထောက်ပြတ်သူတွေထဲ ကျောင်းသားတွေ ပါသွားကြတယ်၊ မိုင်းထိ သူတွေထဲ ကျောင်းသားတွေ ပါသွားကြတယ်။
 
ခေါင်းကို သေနတ်နဲ့ပစ်သတ်ခံရသူတွေထဲ ကျောင်းသားတွေ ပါသွားကြပါတယ်။ သပိတ်မှာ ဦးဆောင်လို့ ၅ နှစ်ကနေ ၁၀ နှစ်ထိ ထောင်ချခံရသူတွေထဲ ကျောင်းသားတွေ ပါသွားကြပါတယ်။ ဒါပေမယ့် ၆၀ ရာခိုင်နှုန်းကတော့ ဒီနေ့ထိ လုံးဝ လျော့မသွားသေးပါဘူး။ တက္ကသိုလ် ကျောင်းသားတွေ ကျောင်းပြန် မသွားကြပါဘူး။
 
သင်တန်းမှာ တွေ့ဖူးတဲ့ တချို့ ကျောင်းသားကျောင်းသူတွေထဲမှာတော့ ကျောင်းဆက် မတက်တော့တဲ့ ၈ တန်းကျောင်းသူ၊ ၉ တန်းကျောင်းသူနဲ့ ၁၀ တန်း တက်ရမယ့် ကျောင်းသားကျောင်းသူတွေကိုလည်း အံ့သြဘနန်းတွေ့ဖူးပါတယ်။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ဆက်လျှောက်နေကြသူတွေပါပဲ။ တစ်ကိုယ်ရည်အနေနဲ့တော့ အင်္ဂလိပ်စာကို ဖိလုပ်ကြဖို့၊ စာ ပိုဖတ်ကြဖို့၊ ဘာသာစကားအသစ်တစ်ခုခု သင်ကြဖို့ ပြောဖြစ်ပါတယ်။
 
တချို့ကျောင်းသားတွေကတော့ ဝင်ငွေခက်လာတော့ မရပ်တည်နိုင်ကြတော့ပါဘူး။ ကျောင်းမတက်တော့ အိမ်မှာလည်း ဆက်နေလို့ မဖြစ်၊ မိဘနဲ့ ဆက်ဆံရတာ အဆင်မပြေ၊ ဒီအခါမှာ မလေးရှား၊ ကိုရီးယားနဲ့ ဂျပန် စတဲ့ နိုင်ငံတွေကို သွားပြီး အလုပ်လုပ်သွားလုပ်ကြဖို့ ရွေးချယ်နေကြတာလည်း မြင်ရပါတယ်။
 
စစ်ကောင်စီဟာ ပညာရေးနဲ့ပတ်သက်ရင် အခြေခံပညာမှာ အရင်လို ပြန်ဖြစ်အောင် စွမ်းဆောင်ကောင်း စွမ်းဆောင်နိုင်မှာ ဖြစ်ပေမယ့် အဆင့်မြင့်ပညာ တက္ကသိုလ်အဆင့်မှာတော့ အကြီးအကျယ် ကျရှုံးနေတာ တွေ့ရပါတယ်။ ဒါကိုလည်း အာဏာဖီဆန်သူ တက္ကသိုလ်ကျောင်းသားတွေက တိတိကျကျ သိထားကြပါတယ်။ စကားပြောတိုင်း ကျောင်းပြန်မတက်တော့တာကို ရယ်ရယ်မောမောပြောနေတဲ့ သူတို့ကို မြင်ရမှာဖြစ်ပါတယ်။
 
တိုက်ပွဲတွေ နိုင်ငံအနှံ့ဖြစ်နေချိန် ဖြစ်လို့ ပြည်သူအများစုဟာ တိုက်ပွဲတွေကို အာရုံစိုက်ကြတာ ဖြစ်ပေမယ့် ဒီနေ့ထိ ကြံ့ကြံ့ခံပြီး ကျောင်းပြန်မသွားကြဘဲ တော်လှန်ရေးမှာ ရရာနေရာက ကူညီနေတဲ့ ကျောင်းသားကျောင်းသူတွေကို မေ့မထားသင့်ကြောင်းပါ။
 
၂၀၂၁ မြန်မာ့တော်လှန်ရေးမှာ ဒီနေ့ထိ အစည်းလုံးဆုံးနဲ့ အအောင်မြင်ဆုံး အာဏာဖီဆန်သူတွေကို ပြပါလို့ တစ်ယောက်ယောက်က မေးလာရင် တက္ကသိုလ်ကျောင်းသားတွေကို လက်ညှိုးထိုးပြပါမယ်။ အာဏာဖီဆန်သူ တက္ကသိုလ် ကျောင်းသားကျောင်းသူများကို ဒီဆောင်းပါးနဲ့ ဦးညွတ်လိုက်ပါတယ်။
 

You can treat me a cup of coffee.

wave

Press ESC to close