သတင်းထောက် တယောက် သေဆုံးခြင်း

(ရုပ်ရှင်အညွှန်း)

 

တကယ်လို့ ခင်ဗျားက သရဲကား၊ ထူးဆန်းအံ့ဖွယ်၊ စွန့်စားခန်း၊ သိပ္ပံနဲ့ ဇာတ်ကြမ်းအက်ရှင် စတဲ့ရုပ်ရှင်အမျိုးအစားတွေကို ကြိုက်တယ်ဆိုရင်တော့ အောက်က အညွှန်းကို ဆက်မဖတ်ဖို့ စေတနာနဲ့ ကြိုပြောချင်ပါတယ်။ ကျနော် ညွှန်းမယ့်ဇာတ်လမ်းဟာ သတင်းထောက်တွေနဲ့ ဇာတ်အိမ်ဖွဲ့ထားပြီး အင်မတန် စကားများလွန်းတဲ့ ဇာတ်ကားတကားသာ ဖြစ်ပါတယ်။

 

သတင်းထောက်တွေနဲ့ ဇာတ်အိမ်ဖွဲ့ထားတယ်ဆိုလို့ Spotlight တို့လို၊ All The President’s Men တို့လို စိတ်ဝင်စားဖွယ်၊ အံ့သြဖွယ်ကောင်းပြီး အောင်မြင်မှုရတဲ့ ဇာတ်လမ်းမျိုးလည်း မဟုတ်ပါဘူး။ ဒီဇာတ်လမ်းမှာ သတင်းထောက်တယောက်ဘဝ ဘယ်လိုသေဆုံးသွားခဲ့သလဲ၊ သတင်းထောက်တယောက်ရဲ့ အဆိုးရွားဆုံးလုပ်ရပ်ဟာ ဘာလဲဆိုတာကို ရိုက်ပြထားတဲ့ကားပဲ ဖြစ်ပါတယ်။

 

ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်အပေါ် ဇာတ်အိမ်၊ နေ့စွဲ၊ ရက်စွဲ အတိအကျတွေနဲ့ အခြေခံပြီး ရိုက်ကူးထားသလို ဒီဇာတ်လမ်းထဲက အဓိက လူတွေဟာ ဒီနေ့ထိ သက်ရှိထင်ရှားရှိပါသေးတယ်။

 

အမေရိကန် ဝါရှင်တန်မြို့က The New Republic ဆိုတဲ့ အပတ်စဉ်ထုတ် မဂ္ဂဇင်းမှာ Stephen Glass ဆိုတဲ့အလုပ်သင် သတင်းထောက်တယောက်ဟာ သတင်းခန်း (သတင်းအစည်းအဝေး) ထဲမှာ အမြဲတက်ကြွနေတတ်ပြီး သူ့ရေးတဲ့ ဆောင်းပါးတွေဟာလည်း ရုံးထဲက တခြားသတင်းထောက်တွေပါ ကြိုက်ကြတဲ့ ဇာတ်လမ်းတွေ ဖြစ်ပါတယ်။ 

 

အယ်ဒီတာကဒီတပတ်အတွက် ဘာသတင်းရေးမလဲလို့ မေးလိုက်ရင် Stephen Glass ဆီမှာ အမြဲတမ်း အိုင်ဒီယာအသစ်အဆန်းတွေ ရှိနေတတ်ပါတယ်။ သူရေးတဲ့ ဆောင်းပါးတွေဟာလည်း အမြဲတမ်း လူစိတ်ဝင်စားခံရပါတယ်။ အလုပ်ကြိုးစားတဲ့သူ့ကို ရုံးက ရာထူးတောင် တိုးပေးခဲ့ပါတယ်။

 

တရက် သတင်းအစည်းအဝေးမှာတော့ Stephen Glass ဆီက အိုင်ဒီယာအသစ်ဆန်းတခု ထွက်လာပါတယ်။ အဲ့ဒါက အသက်ငယ်ငယ်ပဲရှိသေးတဲ့ ဟက္ကာ (hacker) တယောက်က နည်းပညာကုမ္ပဏီကြီးတခုကို ဖောက်ထွင်းဝင်ရောက်လိုက်ပြီး အဲ့ဒီကနေ လျော်ကြေးတွေရတဲ့အကြောင်း၊ အဲ့ဒီလျော်ကြေးတောင်းတဲ့ပွဲကို Stephen က ရောက်နေခဲ့ပြီး သူဒါတွေ ကြားခဲ့တာကို ပြန်ရေးမယ်လို့ အယ်ဒီတာကို ပြောလိုက်ပါတယ်။

 

အားလုံးကလည်း စိတ်ဝင်စားသွားကြတယ်။ ခုချိန်ထိ သူရေးထားတာကို သွားဖတ်နိုင်ပါသေးတယ်။ သူ့ရေးတဲ့ ဆောင်းပါး နာမည်ကHack Heaven” 

 

သူ့ဇာတ်လမ်းကို အကျဉ်းချုပ်ပြောရရင် ဟက္ကာ ကောင်လေးတယောက်က နည်းပညာကုမ္ပဏီကြီးကို ဖောက်ထွင်းပြီး လျော်ကြေးတောင်းတော့ ကုမ္ပဏီက လျော်ကြေးငွေတော မီလျံချီပေးလိုက်တယ်။ သူတို့ညှိနှိုင်းရေးလုပ်နေတဲ့အချိန်မှာ အပြင်မှာ ဟက္ကာ ၂၀၀ လောက်က စောင့်နေပြီး ပြန်ထွက်လာတော့ အဲ့ဒီလျော်ကြေးရတဲ့ ဟက္ကာလေးကို ဘုရင်တဆူလို ဝိုင်းပြီး ကောင်းချီးပေးကြတယ်။

 

အဲ့ဒီကိစ္စ ဖြစ်ပြီးတဲ့နောက်မှာပဲ အမေရိကန်ရဲ့ ပြည်နယ် အခု ၂၀ မှာ ဒီလိုမျိုးကိစ္စတွေ ထပ်မဖြစ်အောင် အင်တာနက်လုံခြုံရေးဥပဒေတခု ရေးဆွဲဖို့ ပြင်ဆင်နေကြသလို ဒီကိစ္စဟာ နိုင်ငံရေးနယ်ပယ်အထိ ကိုင်လှုပ်သွားတဲ့အကြောင်းပါ။

 

ဒီဆောင်းပါးဟာ ရှေ့မှာ သူရေးခဲ့တဲ့ ဆောင်းပါးတွေလိုပဲ လူတော်တော်များများ ကြိုက်ကြပါတယ်။ သတင်းစာတိုက်တွေမှာ ဖြစ်လေ့ရှိတဲ့ ကိစ္စတခုလိုပဲ သတင်းစာတခုမှာ အရမ်းကောင်းတဲ့ ဆောင်းပါးတပုဒ် ပါလာတယ်ဆိုရင် တခြားသတင်းစာတခုက အယ်ဒီတာတွေ၊ သတင်းထောက်တွေဟာ “ဒီသတင်းက ငါတို့ဆီမှာ ဘာဖြစ်လို့ မပါရသလဲဆိုပြီး အားမလိုအားမရဖြစ်ကြပါတယ်။

 

ဒီဇာတ်လမ်းမှာလည်း Forbes Digital က အယ်ဒီတာက ဒီ Hack Heaven ဆိုတဲ့ဆောင်းပါးကို ဖတ်မိပြီး သူ့ဆီက နည်းပညာသတင်းထောက်ကို ကြိမ်းပါတော့တယ်။ ဒီကိစ္စကို မင်းဘာလို့ မသိရတာလဲ ပေါ့။ Forbes က သတင်းထောက်လည်း ခေါင်းနပမ်းကြီးသွားပြီး Stephen Glass ရေးတဲ့ ဆောင်းပါးထဲက အချက်အလက်တွေ၊ လူနာမည်တွေ၊ ကုမ္ပဏီနာမည်တွေကို ချရေးပြီး အင်တာနက်မှာ ရှာရပါတော့တယ်။ ဒီသတင်းကို သူလည်း လိုက်ရေးရမှာကိုး။

 

ပြဿနာက အဲ့ဒီမှာ စ တော့တာပါပဲ။ Hack Heaven ဆောင်းပါးထဲမှာပါတဲ့ လူနာမည်တွေ၊ ကုမ္ပဏီနာမည်တွေကို တခုမှ အင်တာနက်မှာ ရှာလို့ မတွေ့ပါဘူး။ အကြိမ်ကြိမ် စစ်ဆေးပြီးတဲ့နောက်မှာ Forbes ကသတင်းထောက်ဟာ သူ့အယ်ဒီတာကို သွားပြောပါတော့တယ်။

 

ဒီဆာင်းပါးဟာ ပေါက်ကရဖြစ်တဲ့အကြောင်း၊ ဒီထဲက အချက်အလက်တွေဟာ တခုမှ မမှန်ကြောင်း၊ အပြင်မှာ မရှိကြောင်း။ ဒီတော့မှ သူ့အယ်ဒီတာကလည်း ဒီအကြောင်းကို ဆောင်းပါးရေးနိုင်ဖို့ ကြိုးပမ်းပါတော့တယ်။

 

အဲ့ဒီနောက်မှာတော့ Forbes ကနေ The New Republic ကို ဖုန်းခေါ်ပြီး သူတို့တွေ့ထားတဲ့အချက်အလက်တွေကို အတည်ပြုပါတော့တယ်။ အဲ့ဒီမှာ Stephen Glass က သူကိုယ်တိုင် ဒီပွဲကိုရောက်ခဲ့ကြောင်း၊ ဒီက ဖုန်းနံပါတ်တွေကို ခေါ်လို့ရကြောင်းနဲ့ ဖုန်းနံပါတ်တွေ၊ website လိပ်စာတွေ ပေးလိုက်တယ်။ ပြဿနာက သူပေးလိုက်တဲ့ ဖုန်းနံပါတ်တွေဟာ voice message ပဲ ချန်ထားခဲ့လို့ရပြီး ဖုန်းပြောလို့ မရပါဘူး။ သူပေးတဲ့ website လိပ်စာကလည်း ဝင်ကြည့်လို့မရပါဘူး။

 

Forbes Digital သတင်းထောက်က ဒီအကြောင်းကို ဆက်တိုက်လိုက်လံ စုံစမ်းရင်းနဲ့ Hack Heaven ဆောင်းပါးဟာ လုပ်ကြံရေးသားထားတဲ့ဆောင်းပါးတပုဒ်သာ ဖြစ်တဲ့အကြောင်း သိသွားခဲ့ပါတော့တယ်။

 

အကယ်၍ ခင်ဗျားဟာ သတင်းထောက်တယောက်ဖြစ်တယ်ဆိုရင်၊ ဒါမှမဟုတ် သတင်းစာပညာနဲ့ သတင်းနယ်ပယ်နဲ့ ပတ်သက်ဆက်နွယ်ပြီး စိတ်ဝင်စားတယ်ဆိုရင်၊ ဒါမှမဟုတ် စိတ်ဝင်စားစရာ ဖြစ်ရပ်မှန်ဇာလမ်းတပုဒ်ကို ကြည့်ချင်တယ်ဆိုရင်တော့ တနာရီခွဲကြာတဲ့ဒီရုပ်ရှင်ဟာ အချိန်ဖြုန်းရကျိုးနပ်မယ်လို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။

 

မင်းသားက ကျနော်တို့နဲ့ ရင်းနှီးတဲ့ Jumper ဇာတ်လမ်းထဲက မင်းသား Hayden ပါ။ သူ့ရဲ့ သရုပ်ဆောင်မှုဟာ ပီပြင်တယ်လို့ ပြောနိုင်ပြီး တခြားဇာတ်ကောင်တွေအားလုံးလိုလိုက သူ့သရုပ်ဆောင်မှုကို ထောက်ပံ့ရတဲ့ ဇာတ်အိမ်မျိုးပါ။ မင်းသမီးဇာတ်ရုပ်ကိုလည်း အဓိကထား မပြထားပါဘူး။

 

ဒီကားဟာ ၁၉၉၈ ခုနှစ်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ဖြစ်လို့ အဲ့ဒီအချိန်က အင်တာနက်ရရှိမှုပေါ် ဇာတ်လမ်းနောက်ခံကို နားလည်ထားရင် ကြည့်ရတာပိုပြီး အရသာရှိပါတယ်။ ဒီဇာတ်လမ်းကို ရုံတင်ခဲ့တာက ၂၀၀၃ ခုနှစ်ဖြစ်လို့ လမ်းဘေးခွေဆိုင်တွေမှာ အလွယ်တကူ မရနိုင်တော့ပါဘူး။ (ကျနော်ကိုယ်တိုင် တော်တော်များများ ရှာကြည့်ဖူးပါတယ်) ဒါပေမယ့် အင်တာနက်ကနေ ဒေါင်းပြီး ရောင်းတဲ့ဆိုင်တွေမှာ မေးမြန်းဝယ်ယူနိုင်ပါလိမ့်မယ်။ ဇာတ်လမ်းနာမည်က Shattered Glass ပါ။

 

What You're Watching is What You Are!

 

 

 

You can treat me a cup of coffee.

wave

Press ESC to close