တော်လှန်ရေးကာလ နည်းပညာဆိုင်ရာ ဆောင်ရန် ရှောင်ရန်အချို့

မပြောဘဲ နေတာထက်စာရင် ခုပြောလဲ နောက် မကျသေးပါဘူးလို့ မှတ်ယူပါတယ်။
 
ပြည်တွင်းမှာနေသူတွေ၊ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေသူတွေနဲ့ တစ်ထောင့်တစ်နေရာကနေ ထောက်ကူနေသူတွေအတွက် အင်တာနက် လုံခြုံရေးဆိုင်ရာကိစ္စပါ။ နိုင်ငံရေးနဲ့ မဆိုင်သလို နေသူများ အထူးတလည် ဖတ်စရာမလိုပါ။
 
ဒီစာဟာ နိုင်ငံရေးကို စိတ်ဝင်စား ပြောဆိုဆွေးနွေးလေ့ရှိပေမယ့် အင်တာနက်လုံခြုံရေးကို တီးမိခေါက်မိ ‘မရှိ’ တဲ့ ပြည်သူတွေအတွက် ဖြစ်သလို နိုင်ငံရေးနဲ့ဆက်နွယ် အလုပ်လုပ်နေသူတွေ၊ သတင်းအချက်အလက်နဲ့ နှီးနွယ်သူတွေ၊ လုံခြုံရေးနဲ့ ပတ်သက်သူတွေကို ရည်ရွယ်ပါတယ်။
 
(က) နိုင်ငံရေးကို စိတ်ဝင်စားပေမယ့် အင်တာနက်လုံခြုံရေးကို တီးမိခေါက်မိ မရှိတဲ့ ပြည်သူတွေဆိုတာ ပြည်တွင်းမှာ နေတယ်၊ အင်တာနက်ပေါ်မှာလည်း နိုင်ငံရေးသတင်းတွေ အမြဲ စောင့်ဖတ်တယ်၊ ဝေမျှတယ်၊ တစ်ဖက်မှာ ကလစ်တယ်၊ ထောက်ပို့တယ်၊ စစ်တပ်နဲ့ ပတ်သက်တာတွေ၊ အုပ်ချုပ်ရေးနဲ့ပတ်သက်တာတွေ အမြဲ သတင်းပို့တယ် ဒါပေမယ့် အင်တာနက် လုံခြုံရေးကိုတော့ သိပ်မသိဘူး ဆိုတဲ့ မိတ်ဆွေတွေကို ဆိုလိုပါတယ်။
 
“ရဲစခန်းက ဖုန်းဆက်ပါတယ်။ ၅၀၅ နဲ့ တရားစွဲထားတယ်၊ လာဖြေရှင်းပေါ့၊ ဖုန်းစစ်မယ်၊ Facebook စစ်မယ်လို့ ပြောပါတယ်၊ ဒါကြောင့် ဘယ်လို ဖျက်သွားရမလဲ” ဆိုပြီး လာတိုင်ပင်ပါတယ်။ ပြန်ကောက်ရရင်တော့ ဒီလိုဆင်တူအကြောင်းအရာမျိုးကို ကျနော် ရေးနေတာ အာဏာ သိမ်းစ ကတည်းကပါ။ ဒါပေမယ့် ဒီနေ့ထိ ဖြစ်နေဆဲမို့ ဒီနေ့ထိ ရေးနေရဆဲပါပဲ။
 
လက်ရှိအချိန်က လမ်းမှာတားစစ် တွေ့ရင် ဖမ်း၊ ပိုက်ဆံတောင်းတဲ့ အဆင့် မဟုတ်တော့ဘဲ Facebook ကိုကြည့်၊ တော်လှန်ရေးနဲ့ပတ်သက်တာတွေ ရှဲထားပြောထားတဲ့လူကို လိုက်ရှာ၊ အောက်ဆွဲစာမျက်နှာတွေက တင်တာတွေကို မှတ်ထား၊ ဖုန်းဆက် အမှုဖွင့်ထားကြောင်းပြော၊ နောက် ရဲစခန်းကိုခေါ်ပြီး ပေါ်တင် ဓားပြတိုက်တဲ့အဆင့် ဖြစ်ပါတယ်။
 
Facebook နဲ့ Messenger
 
ပထမဆုံးအနေနဲ့ ကိုယ့် Facebook မှာ နိုင်ငံရေးနဲ့ဆိုင်တာ၊ ဆန္ဒပြတာ၊ စစ်ကောင်စီကို ဆဲတာ၊ စစ်ကောင်စီနဲ့ပလဲနံပါးသင့်တဲ့ ဘုန်းကြီးတွေကို ကလော်တုတ်တာ၊ နုဂျီကို ထောက်ခံတာတွေကို Friends Only နဲ့ပဲဖြစ်ဖြစ်၊ Restricted လို့ခေါ်တဲ့ စက်သွားပုံနဲ့ ရှဲထားတာပဲဖြစ်ဖြစ်၊ Public နဲ့ ရေးထားတာပဲဖြစ်ဖြစ် ဖမ်းဆီးခံရတဲ့အချိန် ဒါတွေအားလုံး ရဲစခန်းမှာ အကုန် စစ်ဆေးခံရပါတယ်။
 
Messenger မှာ နှစ်ကိုယ်ကြားပြောထားတာတွေကို ပြန်ဖော်လို့ရနိုင်ပါတယ်။ Facebook မှာ အရင်က တင်ထားပြီး ဖျက်လိုက်ပေမယ့် (ရက်အကန့်အသတ်တစ်ခု အတွင်းဆိုရင်) ပြန်ဖော်လို့ရနိုင်ပါတယ်။ ကိုယ် Like ထားတာတွေ၊ ဝင်ထားတဲ့ Group တွေကို အကုန် စစ်လို့ရပါတယ်။
 
လော်ဘီတချို့က စစ်ကောင်စီကို ငပေါလုံးလုံး သမုတ်နေပေမယ့်လည်း တကယ်တမ်းမှာတော့ အရင်အစိုးရလက်ထက်က ရှိခဲ့တဲ့ နည်းပညာဆိုင်ရာ အခွင့်အရေးတွေကို စစ်ကောင်စီဟာ ဒီနေ့ချိန်ထိ တင်းပြည့်ကျပ်ပြည့် အသုံးပြုနေနိုင်ဆဲဆိုတာ သတိချပ်သင့်ပါတယ်။
 
ကျနော်တို့အခြေခံပြည်သူတွေက VPN ကို ဘယ်လို ဝယ်သုံးရသလဲဆိုပြီး စဉ်းစားနေရချိန်မှာ စစ်ကောင်စီဟာ အဆင့်မြင့် နည်းပညာတွေကို အစိုးရချင်းချိတ်ပြီး ဝယ်ယူအသုံးပြုနိုင်ပါတယ်။ ဥပမာ အစ္စရေးနိုင်ငံကနေ စစ်ကောင်စီကို နည်းပညာ အကူညီပေးနေတာမျိုး ဖြစ်ပါတယ်။
 
ဒါကြောင့် နိုင်ငံရေးကို စိတ်ဝင်တစား ပြောဆိုဆွေးနွေးလေ့ရှိပေမယ့် အင်တာနက်လုံခြုံရေးကို တီးမိခေါက်မိ မရှိတဲ့ ပြည်သူတွေအနေနဲ့ Facebook နဲ့ Messenger ကို သတင်းဖတ်ဖို့ လောက်သာ အသုံးပြုသင့်ပါတယ်။
 
ကျန်ကိစ္စတွေ ဥပမာ နိုင်ငံရေးနဲ့ဆိုင်တဲ့ စာပို့တာ၊ ဖုန်းခေါ် စကားပြောတာ၊ အသံဖိုင်ပို့တာ၊ ဓာတ်ပုံပို့တာ အားလုံးကို Facebook နဲ့ Messenger မှာ လုံးဝ မလုပ်သင့်ပါ။ ဒါဆို ဒါတွေအတွက် ဘာသုံးရမလဲဆို Signal ကို သုံးပါ။ Signal ကို လုံလုံခြုံခြုံ အသုံးပြုနည်း လိုအပ်မယ်ဆိုရင် သီးခြားရေးပါ့မယ်။ Telegram ကိုလည်း သုံးနိုင်ပါတယ်။ Signal မှာရော Telegram မှာပါ စာ၊ ဓာတ်ပုံ၊ ဗီဒီယို ပို့ပြီးတိုင် အလိုလျောက်ပျောက်သွားနိုင်တဲ့ အချိန်ကန့်သတ်မှုတစ်ခု ထားပါ။ အသက်ကြီးသူတွေအနေနဲ့ မလုပ်တတ်ရင် နီးစပ်ရာ လူငယ်တစ်ယောက်ယောက်ကို မေးပါ။ 
 
(ခ) နိုင်ငံရေးနဲ့ဆက်နွယ် အလုပ်လုပ်နေသူတွေ၊ သတင်းအချက်အလက်နဲ့ နှီးနွယ်သူတွေ၊ လုံခြုံရေးနဲ့ ပတ်သက်သူတွေအတွက်ရေးရင် ကြားက တချို့ ဝင်ယောင်တာမျိုး တွေ့ရပါလိမ့်မယ်။ ‘လုပ်နေတဲ့လူတွေ သိတယ်ကွ၊ လျှာမရှည်နဲ့’ ဆိုတာမျိုး အကောင့်တုတွေနဲ့ ပုံဖျက်တာမျိုး တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ဖမ်းဆီးခံရပုံတွေကို ကြည့်လိုက်ရင်တော့ နည်းပညာဆိုင်ရာ ယိုပေါက်တွေကြောင့်ဆိုတာ ငြင်းမရပါဘူး။
 
စီစီတီဗွီနဲ့ ဖုန်း
 
‘ဖမ်းမိတဲ့လူကနေတစ်ဆင့် မက်ဆင်ဂျာကနေ Video Call ခေါ်ပြီး ဖမ်းတာ’ ဆိုတာမျိုး ကြားဖူးပါလိမ့်မယ်။ တချို့က ဆိုက်ဝါးတွေ၊ တကယ်မဟုတ်ပါဘူး ထင်တတ်ကြတယ်။ တကယ်လုပ်တာ ဖြစ်ပါတယ်။ ဒါတွေကို ကြည့်ရင် အလုပ်လုပ်နေသူတွေအနေနဲ့ အင်တာနက်လုံခြုံရေးနဲ့ ပတ်သက်ပြီး လိုအပ်ချက်ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
 
ပထမဆုံးအချက်အနေနဲ့ လိုက်ဖမ်းသမျှ အားလုံးနီးပါးမှာ စီစီတီဗွီနဲ့ ခြေရာခံ ဖမ်းတာဖြစ်ပြီး ဒီ နည်းပညာကိုလည်း ရှယ် ပလန်နဲ့ အသုံးပြုနေနိုင်တာ တွေ့ရသလို စစ်ကောင်စီက ဒီနေရာမှာ အသာစီးရနေပါတယ်။ စီစီတီဗွီအကြောင်း ဟိုးတုန်းကတည်းက အကျယ်တဝင့် ရေးပြီးသားဖြစ်လို့ မချဲ့ကားလိုတော့ပါ။ အထူးသတိထားဖို့သာ ထပ်မံဆော်သြလိုပါတယ်။
 
စိုးရိမ်စရာအကောင်းဆုံးကတော့ တယ်လီကွန်ကုမ္ပဏီတွေအားလုံး စစ်ကောင်စီ လက်ထဲမှာ ရှိတဲ့အချက်ပါ။ စစ်ကောင်စီက ဘာတွေလုပ်လို့ရသလဲ...?
 
ရိုးရိုးဖုန်းကို အသုံးပြုပြီး ဖုန်းခေါ်တာ၊ စာပို့တာမှန်သမျှကို စောင့်ကြည့်နိုင်ပါတယ်။ မြို့နယ်အလိုက် မသင်္ကာတဲ့ နယ်မြေတွေခွဲထားပြီး ဖုန်းခေါ်တာတွေကို ကြားဖြတ်နားထောင်နိုင်သလို ရိုးရိုးစာပို့တာတွေကိုလည်း ဝင်ဖတ်နိုင်ပါတယ်။ ဘယ်နေရာကနေ ဖုန်းခေါ်နေသလဲဆိုတာကိုလည်း အနီးစပ်ဆုံး ခန့်မှန်းနိုင်ပါတယ်။
 
ဒါ့အပြင် အာဏာရှင်အစိုးရဖြစ်တာကြောင့် ဖုန်းနံပါတ်တစ်ခုကို မသင်္ကာရင် ဒီဖုန်းနံပါတ်ကို ဘယ်တုန်းက ဝယ်ထားတာလဲ၊ ငွေဘယ်လောက်ထည့်ဖူးသလဲဆိုတာကအစ ‘အချိန်အတိအကျနဲ့’ တယ်လီကွန်း ကုမ္ပဏီဆီမှာ တောင်းယူနိုင်ပါတယ်။ ဘယ် အက်ပလီကေးရှင်းတွေမှာ ဖုန်းနံပတ် ထည့်ထားသလဲဆိုတာလည်း ကြည့်လို့ရပါတယ်။
 
ဒါကြောင့် လုံခြုံရေးနဲ့ဆိုင်တာတွေကို ‘ရိုးရိုးဖုန်းနဲ့ လုံးဝ မပြောမိဖို့၊ စာမပို့မိဖို့’ လိုပါတယ်။ Signal သုံးပါ။ သွားလေရာ ဖုန်းမယူသွားမိစေဖို့ အထူးသတိထားပါ။ အချင်းချင်း ဆက်သွယ်ကြရင် ဘာကိစ္စဖြစ်ဖြစ် Video Call မခေါ်မိစေဖို့ အချင်းချင်း အပြန်အလှန် Code တွေထားရှိကြဖို့ ဦးဆောင်သူတွေကို အထူးကြပ်မတ်သင့်ပါတယ်။
 
နာမည်ကြီးချင်တဲ့ စိတ်
 
ဒီအကြောင်းရေးရင် တချို့က အမြင်ကြည်ကြမှာမဟုတ်ပေမယ့် ပြောပါရစေ။ ကိုယ်တိုင်က လုံခြုံရေးအရ လုံးဝ အပွန်းအပဲ့မခံနိုင်ဘူးဆိုရင် Facebook မသုံးတာ အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်တိုင်ဖြစ်ဖြစ် သူငယ်ချင်းက ဖြစ်ဖြစ် ရည်းစားကဖြစ်ဖြစ် တစ်ဆင့်ခံမိတ်ဆွေက ဖြစ်ဖြစ် ဆန္ဒပြတာ၊ တော်လှန်ရေးလုပ်တာ အားလုံးကို ကိုယ့်ရဲ့ Facebook မှာ မတင်မိဖို့လိုပါတယ်။ သတိပြုသင့်တာက ကိုယ်မတင်လိုက်လို့ ဘာမှ ဖြစ်မသွားပါဘူး။ 
 
ကိုယ်လုပ်တဲ့အလုပ်တွေကို ဂုဏ်ယူကြောင်း ကြွယ်တာ၊ ကျဆုံးသူတွေကို ဝမ်းနည်းပြတာ၊ အောင်မြင်တာတွေကို ဂုဏ်ယူပြတာတွေကို မလုပ်မိစေဖို့၊ တစ်ခုခုဖြစ်ရင် ဇာတ်မနာပြမိစေဖို့ အထူးလိုအပ်ပါတယ်။ ဒါတွေကို မလုပ်ရင်လည်း ဘာမှ ဖြစ်မသွားပါဘူး။ ပြောချင်တာတွေကို လူနာမည်နဲ့ အကောင့်တွေက မဟုတ်ဘဲ တော်လှန်ရေးစာမျက်နှာတွေကနေ ပြောသင့်ပါတယ်။ 
 
ဒါ့အပြင် ကိုယ်တိုင်က တော်လှန်ရေးစာမျက်နှာတွေကို Admin ကိုင်ထားသူဆိုရင် ဒါမှမဟုတ် တော်လှန်ရေးနဲ့ဆိုင်သူတွေနဲ့ ဆက်သွယ်နေရသူဆိုရင် ပိုပြီး ဂရုစိုက်သင့်ပါတယ်။ တချို့က အကောင့်တုတွေနဲ့ နာမည်အမျိုးမျိုးပေးပြီး Facebook သုံးကြတာ တွေ့ပါတယ်။ နာမည်တမျိုးနဲ့ အတုဖွင့်ထားတဲ့ အကောင့်တွေကနေ ဆက်စပ်ပြီး ဖမ်းဆီးခံရသူတွေ အများကြီးပါပဲ။ ရန်သူကို အဲ့ဒီလောက် လျှော့မတွက်စေချင်ပါ။
 
“ဒါပေမယ့်ဗျာ ကျနော်တို့အလုပ်တွေကို လူထုကြားပျံ့နှံ့ဖို့လိုတယ်” လို့ဆိုရင် ဟုတ်ပါတယ်။ တော်လှန်ရေးအဖွဲ့အချို့ကို သတင်းဖြန့်တာနဲ့ပတ်သက်ပြီး ကျနော် သင်တန်းပေးခဲ့ဖူးပါတယ်။ ဒါကတော့ ကိုယ့်အလုပ်တွေ မီဒီယာမှာ ပါစေဖို့အတွက် Email သို့မဟုတ် Signal ကနေ ဖြန့်ဝေး ပေးပို့တာမျိုး ဖြစ်ပါတယ်။ Email ဆိုရင် protonmail ကိုအသုံးပြုကြဖို့ လိုပါတယ်။
 
ကျနော် ရန်ကုန်ကနေ ထွက်ချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းအချို့က နည်းပညာဆိုင်ရာ အကြံပြုတိုက်တွန်းချက်တွေ ပေးပါတယ်။ ဒီထဲမှာ တစ်ခုသိရတာ ဖုန်းထဲကနေ Sim card ကို ထုတ်လိုက်ပြီးရင်တောင် အဲ့ဒီ Sim Card ရှိတဲ့နေရာကို လိုက်စစ်ရင် သိနိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့် Sim card ထုတ်ထားပြီးရင်တောင် ဖန်ဘူး၊ သံဘူးထဲကို ဆန်ထည့်၊ အဲ့ဒီဆန်ထဲမှာ Sim card ကိုမြှုပ်ထားဖို့ အကြံပေးပါတယ်။
 
ဒီလောက်ထိတောင်ပဲလားဆိုရင် ဒါဟာ လူပြိန်းအသိနဲ့ လိုက်မှီတာလောက်ပဲ ရှိပါသေးတယ်။ ဒီထက်ပိုပြီး ဘာတွေလုပ်လို့ရနိုင်သေးလဲ၊ ဘာတွေလုပ်နေပြီလဲဆိုတာ မသိနိုင်ပါ။ အပေါ်က ပြောခဲ့သလို ကျနော်တို့အခြေခံပြည်သူတွေက VPN ကို ဘယ်လို ဝယ်သုံးရသလဲဆိုပြီး စဉ်းစားနေရချိန်မှာ စစ်ကောင်စီဟာ အဆင့်မြင့် နည်းပညာတွေကို အစိုးရချင်းချိတ်ပြီး ဝယ်ယူအသုံးပြုနိုင်တယ်ဆိုတာ မမေ့လျော့သင့်ပါ။
 
ဒါကြောင့် အင်တာနက်လုံခြုံရေးနဲ့ ပတ်သက်လို့ လိုတာထက်ပိုပြီး သတိထားကြဖို့ လိုအပ်ပါကြောင်း ရေးသားရပါတယ်။
 

You can treat me a cup of coffee.

wave

Press ESC to close