ကျနော်သိတဲ့ စဉ့်ကိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝင်အရွေးခံမယ့် ဒေါ်ဝင်းမြမြနဲ့ပတ်သက်ပြီး ဘုန်းကြီးတချို့နဲ့ ဒေသခံ (ဟုဆိုသူတွေ) က ကန့်ကွက်ကြတယ်လို့ သတင်းမှာ တွေ့ရတယ်။ တော်တော်များများလည်း ပြောကြဆိုကြနဲ့မို့ ကျနော် ရောက်ဖူးတဲ့၊ သိခဲ့တဲ့ စဉ့်ကိုင်အကြောင်းလေး ပြောပြချင်မိတယ်။

 

“မြန်မာနိုင်ငံက မွတ်ဆလင်များ” ဆောင်းပါး နဲ့ပတ်သက်ပြီး စဉ့်ကိုင်ကို ရောက်ခဲ့ဖူးတယ်။ စဉ့်ကိုင်ဆိုတာထက် စဉ့်ကိုင်မြို့ တဘက်ဆွဲရွာပေါ့။ ရန်ကုန် မန္တလေး အမြန်လမ်းမကြီး၊ မန္တလေးအဝင် လမ်းဆုံကနေ အလွန်ဆုံး နာရီဝက် လေးဆယ့်ငါးမိနစ် သာသာလောက် ကားမောင်းရင် ရောက်နိုင်တဲ့ နေရာတခုပါ။

 

ရွာကို ရောက်တော့ နယ်ခံမိတ်ဆွေလည်း မရှိတာနဲ့ ကျနော်နဲ့ သတင်းဓာတ်ပုံဆရာတို့ ရွာမှာ အကြီးဆုံးလို့ ထင်ရတဲ့ လက်ဖက်ရည်ဆိုင်မှာ ဝင်ထိုင်ရင်း စနည်းနာကြတာပေါ့။ လက်ဖက်ရည်ဆိုင်က နာမည်ခံပါပဲ။ ကချော်ကနဲ့ရယ်။ ကော်ဖီနဲ့ အသင့်စားမုန့်ကလေး နည်းနည်းပဲ ရတယ်။

 

တဘက်ဆွဲရွာဟာ အနီးအနားဝန်းကျင်က လူတွေ ပြောကြားချက်အရ မွတ်ဆလင်တွေ အများစုနေထိုင်ကြတယ်လို့ ဆိုတယ်။ ကျနော်တို့ကလည်း ဗလီ ရှာနေတာဆိုတော့ ‘မုတ်ဆိတ်’ မြင်ရင် မွတ်ဆလင်တွေ့ပြီဆိုပြီး လိုက်ရှာကြတာပေါ့။

 

အဲ့ဒီမှာ ထိုင်ရင်းနဲ့ ဒီရွာမှာ ရှေးဟောင်းဗလီရှိသလား ဆိုတာ ဆိုင်မှာတွေ့ရတဲ့ မွတ်ဆလင်လို့ ယူဆရသူတွေကို မေးမြန်းကြည့်တယ်။ “မွတ်ဆလင်လို့ ထင်ရတဲ့” လို့ ဘာကြောင့်ရေးရလဲ ဆိုတော့ မုတ်ဆိတ်တော့ပါတယ်၊ ရုပ်က အညာသားရုပ်တွေ တွေ့ရသလို တဖက်မှာကျ မုတ်ဆိတ်လည်း မပါ၊ မျက်ဆံလည်း မနက်တဲ့ရွာသားတွေကို တွေ့ရလို့ပါပဲ။

 

သူတို့ လမ်းညွှန်မှုနဲ့ ရွာ့ရှေ့ဖက်က အုတ်နဲ့ဆောက်ထားတဲ့ ဗလီနီကြီးကို လေ့လာခဲ့ကြတယ်။ ထူးဆန်းတာက ဗလီနီကြီး မဟုတ်ဘဲ အဲ့ဒီအနားက ခေတ်ပေါ်အဆောက်အအုံကြီးပါပဲ။ ဗလီနီကြီးဖက်က လှမ်းကြည့်ရင် အဲ့ဒီအဆောက်အအုံကြီးရဲ့ နောက်ဖက်ဆိုတော့ ရုတ်တရက် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းလို့ ထင်မိတာ။

 

အဆောက်အအုံဆောက်ထားပုံကလည်း ရှေးဗမာ ဘုန်းကြီးကျောင်းတွေပုံစံပါပဲ။ ဒါပေမယ့် ဝင်သွားတော့မှ အစ္စလာမ်ဘာသာကိုးကွယ်သူတွေရဲ့ ဗလီမှန်း သိရပါတယ်။ ကျောင်းထဲမှာ ဒါရ်ကာ လို့ခေါ်တဲ့ ရှေးမွတ်ဆလင်သာသနာပြုဘုန်းတော်ကြီးတဦးရဲ့ အုတ်ဂူ ရှိတယ်။

 

ဗလီဆရာရဲ့အဆိုအရ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင် မရွေး ဒီ ဒါရ်ကာ ကို လာ ‘ဖူးမြှော်’ ကြတယ်လို့ ဆိုပါတယ်။ ဒီ ဒါရ်ကာနားမှာ ကျနော်တို့ရှိနေစဉ်မှာလည်း ဗုဒ္ဓဘာသာတွေ ရှိခိုးသလိုမျိုး မယ်ကျုံ့ထိုင်ပြီး ကန်တော့နေတဲ့ အမျိုးသမီးတဦးကို တွေ့ရတယ်။ (တချို့သော မွတ်ဆလင်တွေကတော့ ဒီလို အုတ်ဂူနဲ့ ထားပြီး အရိုအသေပြုကြတဲ့ မွတ်ဆလင်တွေကို ဒါရ်ကာသမား၊ ဒါရ်ကာဂိုဏ်းတွေဆိုပြီး ပုံမှန် မိရိုးဖလာ မွတ်ဆလင်အယူအဆအရ အကန့်ခွဲထားကြတာမျိုးလည်း ရှိတယ် - စကားချပ်)

 

ကျနော် မြန်မာပြည်အနှံ့ ဗလီပေါင်းစုံရောက်ခဲ့ဖူးတယ်။ ကန့်ဘလူ မြေဒူးက အလောင်းမင်းတရားလှူခဲ့ဖူးတဲ့ဆိုတဲ့ ဗလီနေရာက အစ၊ နောက်ဆုံး မောင်တော၊ ငါးခူရက ကြီးကျယ်ခမ်းနားတဲ့ ဗလီအဆုံးပေါ့။ ဒါပေမယ့် ဒီ တဘက်ဆွဲရွာ ဗလီက မုဒ်ဦးဆိုင်းဘုတ်လောက် ခန့်ညားသေသပ်တာမျိုး မတွေ့ဖူးပါ။

 

ရွှေရောင်သုတ်ထားတဲ့ သက်တန့်သဏ္ဍန်ခပ်ကိုင်းကိုင် မုဒ်ဦးကြီးတခုလုံးဟာ မြန်မာမှုလက်ရာ ကနုတ်ပန်းတွေနဲ့ပါ။ တော်ရုံ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာတောင် တွေ့ရခဲတဲ့ လက်ရာပါပဲ။ အနုစိတ်လှပါတယ်။

 

ဗလီဆရာနဲ့ စကားပြောနေတုန်းမှာပဲ ဗလီနဲ့ မလှမ်းမကမ်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းက ညနေပိုင်း နမောတသရွတ်ပြီး တရားဖွင့်နေပါတယ်။ အချိန်က ညနေ ၅ နာရီလောက်ပါ။ ဗလီရှေ့မှာတော့ နွားလှည်းတအိအိနဲ့ သွားနေတဲ့ မိသားတစု။ အပွင့်အခက်တွေပါတဲ့ တဘက်ကို မွတ်ဆလင်အမျိုးသမီးတွေ ဝတ်လေ့ရှိတဲ့ ဟေဂျပ် (Hijab) လိုလုပ်ပြီး ဝတ်ထားတဲ့ အမျိုးသမီးကြီးကိုသာ မတွေ့ရင် ဒါဟာ ပုံမှန် ရွာတွေမှာ တွေ့ရတဲ့ လယ်သမားမိသားစုပဲ။

 

နမောတသ ရွတ်ပြီး တရားဖွင့်နေတာကို ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို နောက်ခံထားပြီး ဗလီထဲကနေ ထိုင်ကြားနေရစဉ်မှာ ဟေဂျပ်ဝတ်ထားတဲ့ အမျိုးသမီးပါတဲ့ ထင်းတုံးတွေတင်ထားတဲ့ လှည်းကိုမြင်ရတဲ့ မြင်ကွင်းဟာ အင်မတန် ရှားပါးပါတယ်။

 

မြို့ကြီးက မွတ်ဆလင် အမျိုးသမီးတွေ၊ တသွာလာ့၊ နှစ်သွာလာ့၊ သုံးသွာလာ့ ငြင်းခုံနေတုန်း၊ အမျိုးသမီးတွေ လုံလုံခြုံခြုံဝတ်စားစေရေး သဘောထားပြင်ထန်တဲ့ မြို့ကြီးသား စာတတ်ပေတတ် မွတ်ဆလင်တွေ ဝေဖန်နေကြစဉ်မှာ ဒီမှာတော့ မိန်းမ၊​ ယောက်ျား၊ ကလေးနဲ့ တမိသားစုလုံးဟာ ထင်းလှည်း တအိအိနဲ့။

 

ဒီရွာဟာ မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေနဲ့ပတ်သက်တဲ့ အရေးအခင်းတိုင်းမှာ မပါခဲ့ဖူးပါ။ ခုချိန်ထိ ဗုဒ္ဓဘာသာအလှူအိမ်ကို မွတ်ဆလင်တွေ သွားကူနေကြသေးသလို မွတ်ဆလင်တွေရဲ့ ‘အစ်’ နေ့မှာလည်း ဗုဒ္ဓဘာသာတွေ ဝင်စားနေဆဲပါပဲ။ ဒီနေ့ထိပါပဲ။

 

မန္တလေးလိုမြို့ကြီးမှာ ၅၉ လမ်း၊ ဘင်္ဂလီဝန်းနဲ့ တခြားသော နယ်မြေလိုက်ကိုလိုက်ပြီးနေထိုင်ကြတဲ့ မွတ်ဆလင် အများစုနေရာတွေ ရှိနေသလို ဒွေးရောယှက်တင်ဖြစ်နေမှုကို ဟိုးအရင်ကလောက် မတွေ့ရတော့ပါဘူး။ စဉ်းစားမိတာက မြို့တွေကြီးလာလေလေ၊ လူတွေဟာ ပိုပြီး အုပ်စုဖွဲ့လေလေလား ဆိုတာပါပဲ။  

 

တဘက်ဆွဲရွာကတော့ အဲ့ဒီလို မဟုတ်ပါဘူး။ တဘက်ဆွဲဟာ စဉ့်ကိုင်ရဲ့ ပြယုဒ်တခုလို့ ဆိုချင်ပါတယ်။ ခု ဒီလိုလူတွေအများစုနေထိုင်တဲ့နေရာမှာ အစ္စလာမ်ဘာသာဝင် ဒေါ်ဝင်းမြမြ ဝင်ပြိုင်မှာပါ။ ဒါကို ဒီဖက်က သဘောထားပြင်းထန်သူတွေ၊ ဘာသာရေးကို နိုင်ငံရေးနဲ့ရော၊ လူမျိုးရေးနဲ့ ဆွဲကပ်ချင်သူတွေဟာ ဒေါ်ဝင်းမြမြဟာ မွတ်ဆလင်ဖြစ်တယ်ဆိုတဲ့ ‘အရေး’ တစ်ခုကို ဆွဲတင်လာတယ်လို့ မြင်မိပါတယ်။

 

ပါတီတွေ၊ နိုင်ငံရေးတွေထက် လူတွေရဲ့ ညစ်ပတ်လွန်းတဲ့၊ ကြောက်စရာကောင်းတဲ့ စိတ်ဓာတ်တွေပါပဲ။ ဒီနေရာမှာ ပါတီထက်၊ အစ္စလာမ်ဘာသာဝင်ထက် ကျနော်က ‘ဒေါ်ဝင်းမြမြ’ လို့သာ မြင်ပါတယ်။ စိတ်အားထက်သန်တဲ့၊ သမိုင်းကြောင်း ခိုင်ခန့်တဲ့၊ ပါတီတွင်းရော၊ ပါတီပမှာပါ သြဇာရှိတဲ့ နိုင်ငံရေးစိတ်ဓာတ်ရှိသူ အမျိုးသမီးကြီးတဦးဟာ တဘက်ဆွဲလို ရွာမျိုးတွေ စုနေတဲ့ စဉ့်ကိုင်ကနေ လွှတ်တော်နိုင်ငံရေးထဲကို ဝင်လာမယ်လို့ပဲ မြင်မိပါတယ်။

 

ရှေ့လာမယ့် နိုင်ငံရေးသမိုင်းမှာ သမိုင်းကောင်းဖြစ်လာမယ့် အရိပ်အယောင်ပဲလို့ ဆိုချင်ပါတယ်။ ဒါကို ဖျက်လိုဖျက်ဆီး လုပ်နေကြသူတွေကို အချိန်မီ တားဆီးကြဖို့လိုပါတယ်။ ငြိမ်းချမ်းတဲ့ လူမှုဝန်းကျင်ကို ပိုင်ဆိုင်ထားတဲ့ စဉ့်ကိုင်လိုနေရာမျိုးကို ညစ်ညမ်းတဲ့နိုင်ငံရေးကြောင့် အရောင်စွန်းထင်း မသွားစေလိုပါ။

You can treat me a cup of coffee.

wave

Press ESC to close