သီတဂူဆရာတော်၊ စပိန်မှာတည်မယ့် ဘုရားနဲ့ နောက်ကွယ်က ဖောင်ဒေးရှင်း

သီတဂူဆရာတော်က စပိန်မှာ ဘုရားတစ်ဆူ တည်မယ့်အကြောင်း နီပေါနိုင်ငံက ဘာသာရေးဆရာတွေ ထူထောင်ထားတဲ့ စပိန်နိုင်ငံအခြေစိုက် အဖွဲ့အစည်းတစ်ခုနဲ့ သဘောတူလိုက်ကြောင်း 'သီတဂူဆရာတော် ဓမ္မသဘင်' စာမျက်နှာကနေ သြဂုတ် ၃၁ က ကြေညာခဲ့ပါတယ်။
 
ကြေညာချက်အရ စပိန်နိုင်ငံ၊ Lumbini Garden Foundation အဖွဲ့က “စပိန်နိုင်ငံတွင် သီတဂူ ရွှေစည်းခုံစေတီတော် တစ်ဆူ တည်ထားပေးရန် လျှောက်ထား” တယ်လို့ ဆိုပြီး “ထိုလျှောက်ထားချက်ကို ဆရာတော်ဘုရားကြီးမှ လက်ခံလိုက်ပါသည်” လို့ ရေးထားပါတယ်။
 
 
Lumbini Garden Foundation ဆိုတာဘာလဲ
 
မြန်မာလို ‘လုမ္ဗနီဥယျာဉ် ဖောင်ဒေးရှင်း’ လို့ ဘာသာပြန်နိုင်မယ့် ဒီအဖွဲ့ဟာ စပိန်နိုင်ငံ၊ အနောက်ပိုင်း ပေါ်တူဂီနိုင်ငံနဲ့ နယ်စပ် အိတ်စ်တရေ မာဒုရာ (Extremadura) ဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ ကာ့ဆဲရက်စ် (Cáceres) မြို့ မှာ အခြေစိုက်ပါတယ်။ ဒီမြို့ကို မက်ဒရစ်မြို့ကနေ ကားနဲ့သွားရင် အကြာဆုံး ၃ နာရီလောက်ပဲ စီးရပါတယ်။ ဒီအဖွဲ့ကို ထူထောင်ထားတာကတော့ လောလောလတ်လတ် ၂၀၂၁ တုန်းကပါ။
 
သဘောက အဖွဲ့အစည်းသစ် တစ်ခုပါပဲ။ ဒါပေမယ့် ဒီအဖွဲ့ဟာ နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ ကမ္ဘာ့အမြင့်ဆုံးအဖြစ် စံချိန်တင်မယ့် ဗုဒ္ဓဆင်းတုတစ်ဆူကို ဥရောပ၊ စပိန်မှာ ထုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ အောက်မှာ အသေးစိတ် ဆက်ပါ့မယ်။
 
သီတဂူရွှေစည်းခုံ စေတီ ဘယ်မှာတည်မှာလဲ
 
လုမ္ဗနီဥယျာဉ် ဖောင်ဒေးရှင်း က သီတဂူဆရာတော်ကို လျှောက်ရာမှာ တည်မယ့်နေရာ မပါပါဘူး။ ဒါပေမယ့် ကာ့ဆဲရက်စ်မှာ လုပ်နေတဲ့ ဒီဖောင်ဒေးရှင်းရဲ့ ပရောဂျက် အကြီးကြီးတစ်ခု ရှိနေပါတယ်။ The Great Maha Karuna Project လို့ နာမည်ပေးထားပါတယ်။ 'မဟာ့မဟာ ကရုဏာ စီမံကိန်း' လို့ ပြန်ဆိုနိုင်မယ် ထင်ပါတယ်။
 
ဒီ စီမံကိန်းကြီး ပြီးသွားရင်တော့ မြင့်မြတ်ရာနယ်မြေ (Holy Land) အဖြစ် သတ်မှတ်မှာပါ။ ဒီအထဲမှာ ကမ္ဘာ့အမြင့်ဆုံးဆင်းတု တည်မှာ ဖြစ်ပြီး နာမည်ကိုတော့ The Great Maha Karuna လို့ခေါ်မှာ ဖြစ်ပါတယ်။ ဒီဆင်းတုပတ်ပတ်လည်မှာပဲ ရွှေတိဂုံပုံတူ ပါဝင်မှာ ဖြစ်သလို၊ နီပေါနိုင်ငံက ဆင်းတုတွေ၊ လာအို၊ သီရိလင်္ကာနဲ့ထိုင်းတို့က ဘာသာရေးဆိုင်ရာတွေပါ အစုံပါလာမှာ ဖြစ်ပါတယ်။ ယင် နဲ့ ယန် တရားပြဌာနတစ်ခုလည်း ပါဝင်မှာပါ။ ဒါကတော့ တရုတ်နဲ့ နှီးနွယ်မယ် ထင်ပါတယ်။
 
သီတဂူရွှေစည်းခုံလို့ နာမည်ပေးထားတဲ့ သီတဂူဆရာတော်တည်မယ့် ဆင်းတုကို ဒီ မြင့်မြတ်ရာနယ်မြေ မှာ တည်နိုင်ခြေရှိပါတယ်။ လုမ္ဗနီဥယျာဉ် ဖောင်ဒေးရှင်းရဲ့ နယ်မြေသတ်မှတ်ချက် မြေပုံကြမ်းမှာတော့ မမြင်ရသေးပါဘူး။
 
ဒီ မြင့်မြတ်ရာမြေမှာ တရုတ် ဘုရားကျောင်းအပြင် မြန်မာ၊ နီပေါ၊ ထိုင်း၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ကမ္ဘောဒီဘား၊ လာအို၊ ဗီယက်နမ်၊ တောင်ကိုရီးယားနဲ့ ဂျပန်က သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းတွေပါ ပါဝင်လာမှာ ဖြစ်ပါတယ်။
 
သဘောကတော့ တော်ရုံအဖွဲ့အစည်းမျိုးတော့ မဟုတ်ပါဘူး။ ဒီအဖွဲ့ဟာ နီပေါ၊ ဘူတန်နဲ့ ထိုင်းနိုင်ငံတို့မှာလည်း ပွဲတွေ ဝှဲချီးကျင်းပခဲ့ပြီး နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တာလည်း တွေ့ရပါတယ်။ ဒီအဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ်ထဲမှာတော့ မန္တလေးက မဟာမြတ်မုနိဘုရားကို ပုံကြီးတင်ထားပြီး ဒီအကြောင်းကိုလည်း အကျယ်တဝင့်ဖော်ပြထားတာ တွေ့ရပြန်ပါတယ်။
 
လက်ရှိ စပိန်မှာ လုပ်နေတဲ့ စီမံကိန်းကြီး ပြီးသွားရင်တော့ “The land of Cáceres, which will host a sacred figure for Buddhism will be declared ‘Holy Land’ by The Sanga of Asia.” လို့လည်း ကြေညာထားပါတယ်။ ကာ့ဆဲရက်စ်မြို့က ဒီနေရာကို ဗုဒ္ဓဘာသာရဲ့ အထွဋ်အမြတ်ထားရာ ပြယုဒ် ‘မြင့်မြတ်ရာနယ်မြေ’ တစ်ခုအဖြစ်ကြေညာသွားမှာ ဖြစ်ပါတယ်။
 
ဘုရားတည်မယ့် မတည်ငွေကိုတော့ အာရှမှာရှိတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဆီကနေ တစ်ဆင့် အလှူခံမှာဖြစ်ပြီး ဥရောပမှာရှိတဲ့ ဥရောပဖွား ဗုဒ္ဓဘာသာဝင်တွေဆီမှာလည်း အလှူခံမယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားစရာက သူတို့ရဲ့ ဖော်ပြချက်တွေထဲ တရုတ်ရဲ့ ‘ခါးပတ်တစ်ကွင်း လမ်းတစ်စင်း’ (One Belt, One Road) အစီအစဉ်ကိုပါ ထည့်သွင်းပြောပြထားတာမျိုးလည်း မြင်ရပြန်ပါတယ်။
 
 
ဥရောပနိုင်ငံအများစုဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သိရှိမှု နည်းကြပါတယ်။ စပိန်မှာ အများဆုံးတွေ့ရတဲ့ အာရှသားတွေကို ပြပါဆိုရင် တရုတ်က ဦးဆောင်ပါလိမ့်မယ်။ ပြီးတော့ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့လည်း တွေ့ရပါတယ်။ နီးနီးနားနားက ယူကရိန်းမှာ စစ်ဖြစ်နေတာကိုသာသိကြပြီး ကျန်တာတွေကိုတော့ အများစုက ဂရုလည်း မစိုက်ကြသလို သိလည်း မသိကြပါဘူး။
 
ယူကရိန်းမှာ ကျူးကျော်စစ်ပွဲကြောင့် ဥရောပက လူအများစုဟာ ရုရှားကိုတော့ မကြိုက်ကြ။ ပူတင်ကို လူတိုင်းသိကြတယ်။ ဘယ်လာရုစ်၊ ဘူဂေးရီးယား၊ ရိုမေးနီးယား စတဲ့ နိုင်ငံတွေကို သိကြပါတယ်။ ဒါပေမယ့် ရုရှားမှာ ဘုရားတည်နေတဲ့ ဟိုးကမ္ဘာ့တစ်ဖက်ခြမ်းက စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါဘုန်းကြီးတွေဆိုရင်တော့ ဝေလာဝေးပါပဲ။ ဒီလိုအချက်အလက်တွေကြောင့်ပဲ အာဏာရှင်နဲ့အပေါင်းအပါတွေဟာ သူတို့ကို မသိတဲ့နေရာမှာ လာပြီး လူတွင်ကျယ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
 
 
ဘာကြောင့် အရေးကြီးသလဲ
 
သီတဂူဆရာတော်အပါအဝင် ဆရာတော် ဦးဆေကိန္ဒတို့ဟာ အာဏာရှင် မင်းအောင်လှိုင်ကို ပေါ်ပေါ်တင်တင် ထောက်ခံ ပံ့ပိုးကြပြီး မြန်မာပြည်သူလူထုခံစားနေရတဲ့ ဒုက္ခတွေကိုတော့ အသံမထွက်ဘဲ မသိကျိုးကျွန် ပြုထားကြသူ ဘုန်းတော်ကြီးတွေ ဖြစ်ကြပါတယ်။
 
မီတာခဈေးကြီးလို့ မီးစက်မောင်းပြီး ရေတင်ရတဲ့အကြောင်း တရားထဲ ထည့်ဟောတဲ့ သီတဂူဆရာတော်နဲ့ မန်းမှာရေကြီးစဉ်က ချက်ချင်းရောက်လာပြီး မြို့တော်ဝန်ကို ကြိမ်းမောင်းသွားသူ ဦးဆေကိန္ဒတို့ဟာ လက်ရှိ အာဏာရှင်လက်ထက်မှာတော့ မီး မမှန်တာကိုတောင် အသံတစ်ချက်မှ မထွက်သေးသလို လေမတိုက် ရေမကြီးဘဲ လူပေါင်းများစွာ သတ်ဖြတ်ခံနေရတာကိုလည်း ချက်ချင်းရောက်ချသွားပြီး ကြိမ်းမောင်းတာမျိုး မတွေ့ရပါ။
 
ဒီလိုအချိန်မှာ မြန်မာနိုင်ငံကို မသိ၊ မြန်မာစစ်တပ်ရဲ့ ဆိုးရွားရက်စက်မှုတွေကို မကြားဖူးတဲ့ ဥရောပမှာလာပြီး နာမည်ကောင်းယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ရုရှားလို ကမ္ဘာတဝန်းက အာဏာရှင်တွေကို အားပေးနေတဲ့နိုင်ငံတစ်နိုင်ငံမှာ ဘုရားတည်တာက ပြဿနာမရှိနိုင်ပေမယ့် ကျန်ဥရောပနိုင်ငံတွေမှာ အာဏာရှင်နဲ့ ပုလင်းတူဗူးဆို့တွေ ရောက်လာတာကတော့ မြန်မာနိုင်ငံကို မြင်တဲ့အမြင်အပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။
 
တစ်လောက ဆွီဒင်ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်ဟာလည်း ဒီလို ဆရာတော်တွေထဲက တစ်ပါးအဖြစ် မြင်တွေ့ရပါတယ်။ သြဂုတ် ၂၃-၂၄ တုန်းက ဆွီဒင် စတော့ဟုမ်းမြို့မှာ လုပ်သွားတဲ့ ပွဲမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သတ်ဖြတ်နေတဲ့အကြောင်း ထည့်ပြောသွားတာမျိုးက အင်မတန် ကြောက်စရာကောင်းပါတယ်။ ဒါ့အပြင် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ပြင်မှာ IBEC ဆရာတော် တည်ထောင်ထားတဲ့ ဗုဒ္ဓဘာသာ သင်တန်းကျောင်းတစ်ခုလည်း ရှိပါသေးတယ်။
 
ဘာသာရေးပေါ်အခြေခံထားတာဖြစ်ပြီး ဒီဘက် ဥရောပအခြေစိုက်အဖွဲ့တွေက နိုင်ငံရေး၊ စစ်အာဏာရှင်နဲ့ ဘုန်းတော်ကြီးတွေရဲ့ ဆက်နွယ်မှု၊ မတရားမှုကို မျက်ကွယ်ပြုမှုတွေကို ဂရုမပြုမိလေတော့ ဒီ အာဏာရှင်နဲ့ ဆက်နွယ်နေသူ ဘုန်းတော်ကြီးတွေရဲ့ လမ်းညွှန်မှုနဲ့ ‘ဥရောပမှာ ဘုရားတည်မယ်’ ဆိုတာမျိုးထိ ဖြစ်လာတယ်လို့ပဲ ယူဆမိပါတော့တယ်။

You can treat me a cup of coffee.

wave

Press ESC to close