မွတ်ဆလင်တချို့ ပြုပြင်ပြောင်းလဲရေး

ခင်မင်ရတဲ့ အမျိုးသမီးမိတ်ဆွေတယောက်နဲ့ စကားပြောဖြစ်တော့ မြန်မာနိုင်ငံမှာ သိပ်ရေပန်းစားတဲ့ အယူအဆလေးတခုအကြောင်း ဆွေးနွေးဖြစ်တယ်။ အဲ့ဒါက “အမျိုးသမီးတွေဟာ ကြိုက်တဲ့အဝတ်အစားဝတ်မယ်၊ ဒီလိုဝတ်တာကြောင့် လိင်ဆွဲဆောင်တယ်၊ မုဒိန်းအားပေးတယ်ဆိုတာ မှားတယ်။ အမှန်က မုဒိန်းကောင်တွေကိုသာ အပြစ်တင်သင့်တယ်” ဆိုတဲ့ အယူအဆ။

ဒီနေရာမှာ ကျနော့်အယူအဆကို ပြောဖြစ်တယ်။ အဲ့ဒါက မဝတ်သင့်တဲ့နေရာမှာတော့ မဝတ်သင့်ဘူးဆိုတာပါ။ ဥပမာ လည်ပင်း အလွန်အကျွံဟိုက်၊ ဇီရိုကွာတားနဲ့ မိတ်ကပ်တွေ ဗရပွချယ်ပြီး ညနေ ရ နာရီလောက် ပန်းဆိုးတန်းတံတားအောက်မှာ ရပ်ပြီး တက္ကစီငှားရင် စျေးမေးခံရမှာတော့ အသေအချာပဲ။ စျေးလာမေးတဲ့သူရဲ့ အမှားလို့ မဆိုနိုင်ပါဘူး။

မုဒိန်းသမားကတော့ ထမီပဲဝတ်ဝတ်၊ စကတ်ပဲဝတ်ဝတ် သူ့စရိုက်အတိုင်းသွားမှာဖြစ်ပေမယ့် အခြေအနေအရ စေ့ဆော်မှုနဲ့ နေရာဒေသအခြေအနေကို လိုက်ပြီး ဝတ်စားဆင်ယင်မှုကသာ သင့်လျော်မယ်လို့ ယူဆလိုရင်း ဖြစ်ပါတယ်။

ပြောချင်တဲ့အကြောင်းအရာက ဒါနဲ့တဆက်စပ်တည်းပါပဲ။ ခုနောက်ပိုင်း မွတ်ဆလင်တော်တော်များများကို ပါကစ္စတန်စတိုင်၊ အရှေ့အလယ်ပိုင်း စတိုင်တွေ နေရာတော်တော်များများမှာ အတွေ့ရ စိပ်လာပါတယ်။ ခေါင်းပေါင်းမျိုးစုံ၊ ဝတ်ရုံရှည်မျိုးစုံနဲ့ မွတ်ဆလင်တွေကို တွေ့နေရတာပါပဲ။ ဒီလူတွေဟာ မြန်မာပြည်ဖွားမွတ်ဆလင်တွေလည်း ပါသလို တချို့ကတော့ နိုင်ငံခြားသားမွတ်ဆလင်တွေလည်း တွေ့ရပါတယ်။

ကျနော့်ကိုယ်တိုင် မေးမြန်းချက်တွေအရ မန္တလေးက မွတ်ဆလင်တော်တော်များများဟာ ဒီလို ဝတ်စားဆင်ယင်မှုပုံစံပြောင်းလာတာကို ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်လောက်မှာ တွေ့ရတယ်လို့ မန်းက လေးစားရတဲ့ဆရာတွေ၊ သက်ကြီးပိုင်းတွေက ဆိုပါတယ်။ ရန်ကုန်မှာတော့ ၁၉၈၀-၉၀ လောက်မှာ ဒီလိုပြောင်းလဲလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ (ကျနော်ရေးခဲ့ဖူးတဲ့ States Of Anxiety ဆိုတဲ့ ဆောင်းပါးမှာ ဒီအကြောင်း အနည်းငယ် 'တို့ထိ' ခဲ့ဖူးပါသေးတယ်။)

ပဲခူးတိုင်း၊ ဝေါမြို့၊ သူရဲသူမိန်မှာ ဖြစ်ခဲ့တဲ့ မွတ်ဆလင်အိမ်ထောင်စုတစုနဲ့ ဗုဒ္ဓဘာသာတစုအကြောင်း မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပြီးတဲ့နောက် ပထမဆုံးအနေနဲ့ ကျနော်အဲ့ရွာကို ရောက်သွားခဲ့တာပါ။ ပြဿနာဖြစ်ပွားတဲ့အကြောင်းရင်းတွေ အများကြီးထဲမှာ စိတ်ဝင်စားစရာတွေများပေမယ့် ဒီနေရာမှာ အားလုံးခြုံပြီးစဉ်းစားသင့်တဲ့ တချက် တွေ့ပါတယ်။

ဒီဒေသမှာ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ နှစ်ပေါင်းများစွာအတူတကွ၊ ပြဿနာတခါမှ မဖြစ်ဘဲ နေလာခဲ့ကြတာပါ။ ဘုန်းကြီးကျောင်းရဲ့ မျက်စောင်းထိုးမှာ ဗလီရှိပါတယ်။ ရွာဦးစေတီရဲ့ဘေးမှာ မွတ်ဆလင်သင်္ချိုင်းရှိပါတယ်။ ဒါပေမယ့် အဲ့ဒီပြဿနာ မဖြစ်ခင်မှာ အဲ့ဒီရွာထဲကို ပုံမှန်ဝတ်စားဆင်ယင်မှုမဟုတ်တဲ့ တခြားနေရာက မွတ်ဆလင်တွေ တပတ်တကြိမ်လောက် ရောက်ခဲ့ဖူးပါတယ်။

ပုံမှန် မွတ်ဆလင်တွေအဖို့ နမာ့ဇ်ဖတ်၊ ဗလီသွားရင် သာမန် ဗမာတွေလို၊ ဗုဒ္ဓဘာသာတွေလို ဝတ်စားဆင်ယင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနေလာခဲ့ကြပေမယ့် အဲ့ဒီလို လူစိမ်း၊ အရှေ့အလယ်ပိုင်းက ဝတ်စားဆင်ယင်မှုမျိုးနဲ့ မွတ်ဆလင်တွေ ရောက်ခဲ့ပြီးနောက်ပိုင်း ရွာကမွတ်ဆလင်တချို့ရဲ့ ဝတ်စားဆင်ယင်မှုဟာ ပြောင်းလဲလာခဲ့ပါတယ်။ ဒီအချက်က ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေရဲ့ ပုံမှန်ပြောဆိုမှု၊ နေ့စဉ်လူမှုဘဝတွေထဲ အနည်းငယ် ပြောင်းလဲလာပြီး ထိခိုက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။

ဟိုးအရင်က မွတ်ဆလင်တွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို ပြန်ကြည့်ရင် သပိတ်စခန်း၊ ချီတက်ဆန္ဒထုတ်ဖော်၊ ဗလီသွား၊ တရားပွဲကျင်းပ ဘယ်နေရာမှာပဲဖြစ်ဖြစ် ရှေးက မွတ်ဆလင်တွေဟာ ဗမာတွေရဲ့ ဝတ်စားဆင်ယင်ပုံနဲ့မခြား တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်း ပြောင်းလဲလာတဲ့ အခြေအနေတွေအရ 'မွတ်ဆလင်ကသာလျင် အမြတ်ဆုံး' ဆိုတဲ့ အရှေ့အလယ်ပိုင်းက အယူအဆတွေ လွှမ်းမိုးလာတာတွေ့ရပါတယ်။

မွတ်ဆလင်အသိုင်းအဝိုင်းကြားမှာလည်း မုတ်ဆိတ်ထားသူက တဖက်၊ မုတ်ဆိတ်မထားဘဲ ကိုယ့်ခန္ဓာကိုယ် ကိုယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆကတဖက် ရှိနေပါတယ်။ ဒီလို ဝတ်ရုံရှည်ကြီးတွေဝတ်တာကမှ တကယ့် ယုံကြည်သူအစစ်အမှန် ဖြစ်တယ်ဆိုတဲ့ အသိုင်းအဝိုင်းလည်း ရှိသလို၊ အလ္လာရှင်နဲ့ တမန်တော်ရဲ့ တရားတွေကို ယုံကြည်မှုကသာလျင် အဓိကဆိုတဲ့ အသိုင်းအဝိုင်းကလည်း ရှိပါတယ်။

မြန်မာပြည်မှာမွေး၊ မြန်မာဆန်ပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ အစ္စလာမ်ဘာသာရဲ့ အဆုံးအမကို ယုံကြည်သူတွေကတော့ ဒီလို အရှေ့အလယ်ပိုင်းနဲ့ ပါကစ္စတန်က ယဉ်ကျေးမှုတွေကို ထုံကူးလာသူတွေကြား သဘောထားကွဲလွဲမှုတွေရှိသလို စိုးရိမ်မှုတွေလည်း ရှိပါတယ်။

အာယာဒ်တော်တွေထဲမှာ “မွတ်ဆလင်မိန်းကလေးတဦးဟာ သူ့ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း မပေါ်အောင် ဝတ်စားဖို့လိုသလို၊ အမျိုးသားတွေကတော့ ချက်အောက်ကနေ ဒူးဆစ်အထိ မပေါ်အောင် ဝတ်စားဖို့" ပြဌာန်းပြီးသားဖြစ်ပါတယ်။

မြန်မာပြည်က မွတ်ဆလင်တချို့ကတော့ ရှရီအာ့သ် (Sharia Law) ဥပဒေတွေ ကြီးစိုးတဲ့ အရှေ့အလယ်ပိုင်းက ယဉ်ကျေးမှုပုံစံတွေကို ပုံတူကူးလာတာဟာ မြန်မာပြည်မှာမွေး၊ မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားတဲ့ မြန်မာမွတ်ဆလင်တွေကြားမှာ ကိုယ့်အသိုင်းအဝိုင်းကို ကိုယ်တိုင် သီးခြားလုပ်ပစ်လိုက်တဲ့ပုံစံမျိုး ဖြစ်လာစေပါတော့တယ်။

 

You can treat me a cup of coffee.

wave

Press ESC to close