တစ်နေ့နေ့ပေါ့....

ဒီရက်ပိုင်းထဲ ကမ္ဘာ့သတင်းတွေထဲမှာ အဟော့ဆုံးက တရုတ်က စကိတ်မယ်၊ နောက် Awkwafina နဲ့ Whoopi Goldberg တို့အကြောင်း။ သူတို့အကြောင်းပေါ်လာတော့ ယူကရိန်း-ရုရှားကိစ္စတောင် မြုပ်လုလုပဲ။
 
စကိတ်မယ်က အမေရိကန်နိုင်ငံသူ၊ တရုတ်လူမျိုး။ အမေရိကန်နိုင်ငံသားဖြစ်မှုကို စွန့်၊ တရုတ်နိုင်ငံသား ပြန်ခံယူပြီး တရုတ် အိုလံပစ်မှာ ဝင်ပြိုင်တယ်။ ဒါပေမယ့် ဆု မရတော့ တရုတ်တွေက အွန်လိုင်းပေါ်မှာ ဆွမ်းကြီးလောင်းကြတယ်။ 'ကောင်မ နင် အမေရိကန် ပြန်တော့' ပေါ့။
 
Awkwafina ဆိုတာ Crazy Rich Asians ထဲပါတဲ့ အဓိက မင်းသမီးရဲ့ သူငယ်ချင်းလုပ်သူ။ သူကကျ Blaccent လို့ခေါ်တဲ့ လူမည်းတွေပြောတဲ့ အမေရိကန်အင်္ဂလိပ်စကားကို ပြောတဲ့ကိစ္စအပေါ် twitter ပေါ် ဝိုင်းကြိတ်ခံရတာ။ သူက အေးရှန်း-အမေရိကန်၊ သရုပ်ဆောင်ရင် ​ပြောလေ့ရှိတာက လူမည်း အင်္ဂလိပ်စကား။
 
မြန်မာ ဟာသ သရုပ်ဆောင်ထဲ ဘိတ်သံတို့၊ ကရင်သံတို့ လုပ်ပြောတာနဲ့ တူမယ်ထင်တယ်။ ဒီကိစ္စ တွစ်တာပေါ်ဖြေရှင်းရင်း အမေရိကန် မဘသတွေရော၊ လူမည်း ၉၆၉ တွေရော ဆွမ်းကြီး ဝိုင်းလောင်းကြတာ။
 
နောက်တစ်ယောက်က Woopi ဆိုတဲ့အဘွားကြီး။ သူ့ကို မြန်မာပရိသတ်တွေသိကြတယ်။ Ghost ဇာတ်ကားထဲမှာ မင်းသားကို ကူညီပေးတဲ့ အကြားအမြင်ဆရာမ။ သူက ရုပ်သံတစ်ခုမှာ ပင်တိုင်ပြောတယ်။​ အဲ့ဒီမှာ ဂျူးတွေကို လူမျိုးတုန်းသတ်ဖြတ်တာဟာ လူမျိုးရေးကြောင့် မဟုတ်ဘူးလို့ ပြောချလိုက်တာ ကွဲတာပဲ။ အွန်လိုင်းပေါ်မှာ ဆဲကြတာ ဆိုတာ။
 
ဒီအကြောင်းအရာ သတင်းတွေထဲ သုံးတဲ့ စကားလုံးက Online backlash နဲ့ Social media attacks ဆိုတာပဲ။ ကမ္ဘာကျော် သတင်းဌာနကြီးတွေကိုယ်တိုင်က ဒီစကားလုံးတွေကို ထည်လဲ သုံးကြတာ။ အွန်လိုင်းပေါ်မှာ 'ပွဲ' ဖြစ်တာက ကမ္ဘာ့မီဒီယာ စာမျက်နှာပေါ်ကို ရောက်နိုင်တယ်ဆိုတာပေါ့။
 
'အွန်လိုင်းပေါ်က ဒေါသထွက်နေသော လူအုပ်ကြီး' ဟာ တရုတ် စကိတ်မယ်မှသည် ယူကရိန်း အမေရိကန် အရေးထိ ဝင်သမကြတာ။ ဒီလူအုပ်ကြီးဟာ မိတ္ထီလာ၊ ရခိုင် အရေးအခင်းတွေတုန်းကလို ဓားတွေလှံတွေတုတ်တွေဆွဲပြီး လမ်းပေါ် ထွက်မလာတာ တစ်ခုပဲရှိတယ်။ ကျန်တာတော့ အတူတူပဲလို့ ဆိုရမယ်။ ထင်ရာမြင်ရာ စွတ်ရေးကြ၊ ပြောကြတော့တာပဲ။
 
ခုနောက်ပိုင်း အမြဲတမ်း ဖတ်ဖြစ်တဲ့ ဆောင်းပါးတွေက ဆိုရှယ်မီဒီယာ မသုံးတဲ့ လူတွေအကြောင်း။ သတင်းတွေ၊ အရှုပ်ထုပ်တွေထဲ တွေ့ရလေ့မရှိတဲ့ မင်းသားမင်းသမီးတွေအကြောင်း၊ ဥပမာ ရောဘတ် ပက်တီဆန်တို့၊ ဒန်နီရယ် ရက္ကလစ်တို့၊ ကီရာနိုက်တလေတို့။ ဒီလူတွေမှာ Facebook, twitter, Insta ဘာမှ မရှိကြဘူး။ အေးချမ်းကြတယ်။
 
ဟိုးအရင်က တစ်နှစ်တစ်ကြိမ်လောက် Social Media Detox လုပ်ဖြစ်ခဲ့တယ်။ တစ်နှစ်မှာ ၃ လ တန်သည်၊ ၄ လတန်သည် ဆိုရှယ်မီဒီယာအကောင့်အားလုံးကို Deactivate လုပ်နိုင်ခဲ့တယ်။ စက်ဘီးစီးတယ်၊ ရုပ်ရှင်တွေ ဆီးရီးလိုက် ထိုင်ကြည့်တယ်၊ စာအုပ်ဖတ်တယ်ပေါ့။ Georgetown တက္ကသိုလ် ပါမောက္ခ Cal Newport ရဲ့ Digital Minimalism ဖတ်ပြီးကတည်းက လုပ်လာတာ အတော်အောင်မြင်ခဲ့တယ်။
 
အာဏာ သိမ်းကတည်းက Detox မလုပ်ဖြစ်၊ မလုပ်နိုင်တော့ဘူး။ Insta ကိုတော့ အပြီးဖျက်ထားလိုက်ပြီ။ twitter မှာ 0 - Following လုပ်ထားပြီးပြီ။ Facebook တစ်ခုပဲ ကျန်တော့တယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီထဲက ဒါကိုပဲ နေ့စဉ် အာရုံစိုက်ရသလို ဖြစ်နေတယ်။ တနေ့နေ့တော့ တနေ့နေ့ပေါ့လို့ပဲ စဉ်းစားနိုင်သေးတယ်။ တနေ့နေ့တော့ တနေ့နေ့ပေါ့...

You can treat me a cup of coffee.

wave

Press ESC to close