စပိ ကောက် ကြတဲ့ ကိစ္စ

ပြီးခဲ့တဲ့ရက်က မန္တလေးမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက အစ၊ ကျန်တဲ့ ကြိုကြားကြိုကြား ကိစ္စတွေအပြီးမှာ မြေပြင်က တော်လှန်ရေးသမားတွေနဲ့ ကျနော် စကားပြောဖြစ်ပါတယ်။ အားလုံး စိုးရိမ်သောက ရောက်နေကြတာက မြင်မြင်ရာကို ဖေ့စ်ဘွတ်ပေါ်တင်တဲ့ ကိစ္စပါ။

 

တချို့ကလည်း စပိကောက် လုံးဝ မလုပ်တော့ဖို့ဆိုပြီးတော့တောင် ပြောကြတာ တွေ့ရပါတယ်။ တချို့ကလည်း စပိကောက်ဖို့ လိုပါသေးတယ်ပေါ့။ ကျနော့်ကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တခုခုရေးဖို့ တိုက်တွန်းကြပါတယ်။ အားလုံးကလည်း စိုးရိမ်စိတ်တွေ များနေတဲ့ ကာလဖြစ်သလို သတင်းအချက်အလက်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကိစ္စကလည်း ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုးပါ။

 

ဆိုလိုတာက ရေးမယ်ဆိုရင်တောင် စကားလုံးရွေးချယ်တာနဲ့ ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်တာ အများကြီးလိုဦးမှာပါ။ တချို့လည်း ဒီကိစ္စကို သူတို့ရေးပြီးသား လာပို့ပေးကြတာ ရှိပါတယ်။ အများစုကတော့ စပိကောက်ကိစ္စကို ထိန်းဖို့ပါပဲ။

 

ကျနော် တွေ့ထားတဲ့ ဇာတ်လမ်းတိုလေးတပုဒ်ရှိပါတယ်။ (သတင်းမဟုတ်ပါ) အရင်းအမြစ် လိုက်ရှာတော့လည်း မူရင်းရေးသူကို မတွေ့ပါ။ တကယ့်မြေပြင်က အခြေအနေတွေကို ထင်ဟပ်နေတာမို့  ကိုယ်တိုင် မရေးတော့ဘဲ ဒီဇာတ်လမ်းတိုလေးကိုပဲ​ ပြန်ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်လမ်းကို မူရင်းရေးသူက တွေ့ခဲ့လို့ရှိရင် ပြောပေးပါ။ နာမည်ထည့်ပေးပါ့မယ် ခင်ဗျာ။

 

------------------------------------------

 

"ဝုန်း"

ရဲမှူး။ ။ဟာ ဘာသံတုန်းဟ၊ ဟေ့ကောင်တွေ ဘာလို့ ဖုန်းထိုင်ပွတ်နေတာတုန်း၊ ထကြစမ်း၊ ဘယ်မှာပစ်သလဲ ကြည့်ကြ။

ပြုံးစစဖြင့် ဖုန်းကြည့်နေသည့်ရဲဘော်က...

ရဲဘော်။ ။သွားစရာ မလိုပါဘူး ရဲမှူးရယ်။ ဒီမှာ ဈေးထိပ် နာရီစင်အောက်မှာတဲ့။

ရဲမှူး။ ။ဟ အဲဒီမှာ ဘယ်အဖွဲ့က ပစ်တာလဲ၊ ငါလည်း အမိန့်မပေးရပါလား၊ သွားမေးစမ်းဟေ့။

ရဲဘော်။ ။သြော် သွားမေးနေရင် ညောင်းနေ‌မယ်၊ ဟော ဒီဂရုထဲမှာ တက်လာပြီ၊ လက်လုပ်မိုင်းဆိုပဲ။

ရဲမှူးခမျာ ပျာယီးပျာယာဖြင့်-

ရဲမှူး။ ။ဟ မအေဘေးတွေရ၊ ထကြတော့ဟ၊ အဲ့ဒါဆိုရင် သွားစုံစမ်းပြီး ဖမ်းမှဖြစ်မယ်၊ မင့်ပထွေးတွေက တရားခံမမိရင် ငါ့ ထောင်းတော့မှာဟ။

ရဲဘော်။ ။အဟက် အဟက် ပူမနေပါနဲ့ ရဲမှူးရယ်၊ ဒီမှာတက်လာပါပြီ၊ click လေးနဲ့ လာပစ်တာတဲ့၊ နှစ်ယောက်တဲ့။

ရဲမှူး။ ။ဟေ...

ရဲဘော်။ ။ဟော Comment အသစ် တက်လာပြီ၊ အံမယ် ဓါတ်ပုံတောင်ပါသေး၊ အဲ့ဒါ သူ့သူငယ်ချင်းတဲ့၊ ဟော ဟော နောက်တစ်ခု၊ အမှတ် (၅) ရပ်ကွက်သားပါ ဂုဏ်ယူပါတယ်တဲ့၊ ကဲ ရဲမှူး သွားကြစို့၊ အမှတ် (၅) ရပ်ကွက်ကို၊ လာ။

ရဲမှူး။ ။ မင်းတို့ဟာက ဟုတ်လှချေလား၊ သတင်းပေးတွေ လွှတ်ထားတာပေါ့၊ မိုက်တယ် မိုက်တယ်၊ ပြီးမှ မုန့်ဖိုးလေးဘာလေး လှမ်းပေးလိုက်ကြားလား။

ရဲဘော်။ ။ဘယ်ကလာ မုန့်ဖိုးပေးစရာ လိုရမတုန်း၊ သူ့စရိတ်နဲ့ သူ့ဖုန်းနဲ့ သူ့ဟာသူကို တင်နေတာ၊ Like ကလေးပဲ ပေးဖို့လိုတာ၊ ဘယ်လောက် သက်သာလဲဗျ၊ တရားခံဖမ်းပြီးရင်တောင် ကြည့်နေ၊ FB မှာ တက်လာပါဦးမယ် သူ့အကြောင်းတွေ၊ ပုဒ်မတန်းစီတပ်လို့ ရပြီ။

ရဲမှူး။ ။ အင်း ဂလိုဆိုတော့လည်း မိုက်သားကိုး။

 

You can treat me a cup of coffee.

wave

Press ESC to close