စူပါမားကက်များနှင့် နာမည်ကြီး စတိုးဆိုင်များမှ ဝန်ထမ်း ၁၀၀ နီးပါး ထိန်းသိမ်းခံထားရ

Supermarket ကြီးများနှင့် Convenience Stores ဆိုင်များမှ ရာထူးအမျိုးမျိုး ဝန်ထမ်းပေါင်း ၁၀၀ နီးပါး ရန်ကုန်မြို့ထဲ၊ စည်ပင်ရုံးချုပ် မြို့တော်ခန်းမတွင် ထိန်းသိမ်းခံထားရသည်ဟု စူပါမားကက် ၃ ခုမှ အကြီးတန်းအရာရှိ တစ်ဦးစီက အတည်ပြုပြောဆိုသည်။

 

City Mart (CMHL), Capital Hypermarket, Sein Gay Har Supermarket, Orange နှင့် အခြား နာမည်ကြီးစတိုးဆိုင်များမှ ဝန်ထမ်းများ လက်ရှိသတင်းရေးနေချိန် (ည ၁၀ နာရီ ၄၅ မိနစ်အထိ) ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု သက်ဆိုင်ရာ ဆိုင်အသီးသီးမှ တာဝန်ရှိသူများက ကျနော့်ကို ဆက်သွယ်ပြီး အတည်ပြုထားပါသည်။ 

 

ဝန်ထမ်းအများစုကို ဆိုင်များတည်ရှိရာ မြို့နယ် စည်ပင်ရုံးများက ယနေ့တွင် မဖြစ်မနေ လိုက်ပါရမည်ဟုဆိုကာ ဖုန်းဖြင့် ဆက်သွယ်ခေါ်ယူခဲ့သည်ဟု သိရသည်။ 

 

ထို့နောက် ဝန်ထမ်းများအားလုံးကို မြို့တော်ခန်းမ စည်ပင်ရုံးချုပ်ကို ခေါ်သွားခဲ့ပြီး ပါလာသည့် ဖုန်းများကိုလည်း စက်ပိတ်ကာ ရုံးအဝင်ဝတွင် ထားခဲ့ရသည်ဟု သိရသည်။

 

အတွင်းထဲကနေ ဖုန်းသိမ်းခံထားရတော့ အထဲက ဝန်ထမ်းတယောက်ဆီက ဖုန်းခဏငှားပြီး ဆက်တာ၊ အထဲမှာ ၁၀၀ လောက်ရှိတယ်လို့ပြောတယ်ဟု ကျနော့်ကို သတင်းပေးလာသူက ဆိုသည်။

 

နောက်ဆုံး ဆက်သွယ်ချိန်မှာ ည ၇ နာရီကျော်ခန့်ရှိပြီဖြစ်ပြီး ယခုအချိန်ထိ အဆက်အသွယ်မရတော့ဟု သိရသည်။ 

 

သူတို့ မေးတာက ဆိုင်ဖွင့်ဖို့ ဘာအခက်အခဲရှိတာလဲ၊ ဝန်ထမ်း ဘယ်လောက်နဲ့ဆိုရင် ဆိုင်ဖွင့်နိုင်မလဲ အဲ့ဒါတွေ မေးတယ်လို့ပြောတယ်၊ ပြီးတော့ ကိုယ်ရေးအချက်အလက်တွေ ယူတယ်၊ ဓာတ်ပုံလည်း ရိုက်တယ်လို့ ပြောတယ်ဟု သတင်းပေးလာသူက ဆိုသည်။ 

 

ယနေ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ Silent Strike ပြုလုပ်ခဲ့ကြပြီး နာမည်ကြီး စတိုးဆိုင်များ၊ စူပါမားကက်များက ဆိုင်များကို ပိတ်ထားခဲ့ကြသည်။  

You can treat me a cup of coffee.

wave

Press ESC to close