အလှူငွေ မရခြင်းနဲ့ မြေပြင်က အဖွဲ့ခွဲများရဲ့ အလားအလာ

အလှူငွေ မရတဲ့ အဖွဲ့ငယ်တွေ အများကြီး ရှိလာတော့...
 
အဖွဲ့ငယ်တချို့နဲ့ စကားပြောဖြစ်ပြီး ဒီအကြောင်းကို ဆောင်းပါးပုံစံရေးမယ် စိတ်ကူးမိတယ်။ ဟိုးအရင် အစောပိုင်းက သတင်းထုတ်ပြန်ရေးနဲ့ ပတ်သက်လို့ ဆောင်းပါးတစ်ပုဒ်ရေးဖူးပေမယ့် ခုက ထပ်ဖြည့်ပြီး ရေးမယ် စိတ်ကူးတာပါ။ ဒါပေမယ့် ဗိုလ်နဂါးရဲ့ ၂၆ ရက်နေ့က အင်တာဗျူးတစ်ခုကို ဒီဗွီဘီမှာ ကြည့်လိုက်ရတော့ သူပြောတာတွေဟာ သူ့နေရာတစ်ခုတည်းတင်မက တနိုင်ငံလုံးအတိုင်းအတာနဲ့ ချိန်ထိုးကြည့်နိုင်တယ်လို့ သဘောပေါက်မိပါတယ်။
 
"အောင်မြင်မှုရလာတာနဲ့အမျှ ကျနော်တို့ မြေပြင်မှာ အဖွဲ့တွေလည်း အလျှိုအလျှိုပေါ်ပေါက်လာတယ်။ ဘယ်လောက်ထိတောင်လဲဆို ကျနော်ကိုယ်တိုင် မှတ်ကို မမှတ်မိတော့ဘူး။ တိုင်းနဲ့ နိုင်ငံနဲ့ ချီပြီး မပြောနဲ့၊ ကျနော့်မြို့နယ်မှာကို အဖွဲ့တွေကို မမှတ်မိနိုင်လောက်အောင် အဖွဲ့တွေ များလာတယ်" လို့ ဗိုလ်နဂါးက ဆိုတယ်။
 
မြေပြင်မှာ ရှိတဲ့အဖွဲ့တွေတောင် ခွဲခြားဖို့ ခက်လာရင် ထောက်ပို့လုပ်နေတဲ့ အဖွဲ့တွေကို ပိုဆိုးပါမယ်။ တလောက ထောက်ပို့လုပ်နေသူတစ်ဦးနဲ့ စကားပြောတော့ မကြားဖူးတဲ့ အဖွဲ့တွေ တော်တော်များများ တွေ့လာရတယ်ဆိုတယ်။ တချို့အဖွဲ့တွေဆိုရင် အသံဗုံးဖောက်ပြ၊ သတင်းမှာ ပါအောင်လုပ်၊ အဲ့ဒီသတင်းကိုပြပြီး အလှူလာခံတာမျိုးတွေလည်း တွေ့လာရတယ်လို့ဆိုတယ်။
 
"ပြောချင်တာက မြို့နယ်တစ်ခု၊ ခရိုင်တစ်ခုမှာ အဖွဲ့အစည်းက တစ်ခုနှစ်ခုလောက်ပဲဆိုရင် တော်တော်လေးအဆင်ပြေလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အားပြိုင်မှုလည်း နည်းမယ်၊ ကျနော်တို့အနေနဲ့ မြေပြင်မှာ လက်နက်ကိုင်ပြီး ဝင်လာတဲ့ရဲဘော်ကို ရန်သူ့ဘက်ကလား၊ ကိုယ့်တော်လှန်ရေးဘက်ကလား ဆိုတာက စိစစ်ဖို့လည်း သိပ်လွယ်လိမ့်မယ်" လို့ ဗိုလ်နဂါးက အကြံပြုထားတာ တွေ့ရပါတယ်။
 
တချို့ဒေသတွေမှာတော့ အဖွဲ့ ၄ ဖွဲ့ ၅ ဖွဲ့ပေါင်းပြီး တိုက်ကြတာတွေ့ပေမယ့် အလှူငွေကျတော့ တစ်ဖွဲ့ချင်းခွဲပြီး ကောက်ခံကြ၊ သုံးစွဲကြတာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် လှူကြမယ့် ထောက်ပို့အဖွဲ့တွေက ဒေသတစ်ခုတည်းမှာ အဖွဲ့ ၄ ဖွဲ့လောက်ကို ခွဲလှူမလား၊ တကယ်လုပ်နိုင်တဲ့ စနစ်ကျတဲ့ အဖွဲ့ကို လှူမလားဆိုရင် ရွေးချယ်ရပါတော့တယ်။ ဒီမှာပဲ အဖွဲ့ငယ်လေးတွေကျ မရဘူးဆိုပြီး ဖြစ်လာတော့တာပါ။
 
"ကျနော်တို့က လုပ်နေတဲ့အဖွဲ့ငယ်လေးပါ၊ ကျနော်တို့ကျ မရပါဘူး၊ ခင်ဗျားတို့က အဖွဲ့ကြီးတွေချည်းပဲ လှူနေပါတယ်ဆိုတော့ သူတို့မှာလည်း ဒါ တာဝန် ဝတ္တရား ကြေအောင်ရော၊ တော်လှန်ရေးကို လိုအပ်တဲ့နေရာတွေ ပံ့ပိုးကူညီချင်တဲ့ စိတ်အခံရော ရှိတော့ လုပ်ပေးရတယ်။ အဲ့ဒီမှာ ရန်သူ့ဆီလည်း ရောက်သွားနိုင်တယ်။ ကျနော်ပြောချင်တာက အဖွဲ့ငယ်လေးက စုကြပါ" လို့ သူကတော့ တည့်တိုးပဲ ပြောပါတယ်။​
 
ပြန့်ကျဲနေတဲ့ အဖွဲ့သေးသေးလေးတွေ၊ တချို့ဆိုရင် လူ ၁၅ ယောက်၊ တစ်ချို့ဆို ၁၀ ယောက်နဲ့ နာမည်ခံထားတဲ့ အဖွဲ့လေးတွေ ရှိကြပါတယ်။ ထောက်ပို့လုပ်နေသူတွေက သိကြပါတယ်။ ဒီအဖွဲ့တွေကို စုစည်းကြရင် သတင်းထုတ်ပြန်ရတာလည်း လွယ်မယ်လို့ သဘောပေါက်မိပါတယ်။ ဒါ့အပြင် အလှူငွေထောက်ပံ့ရသူတွေအနေနဲ့လည်း တစ်လုံးတစ်စုတည်း ထောက်ပံ့နိုင်မယ်လို့ မြင်မိပါတယ်။​
 
ဗိုလ်နဂါးက "(ကျနော်) ရည်ရွယ်ထားတာ တော်လှန်ရေးအဖွဲ့များ ညီလာခံဆိုပြီးတော့ ကျနော်တို့ ဒီအင်တာနက်ကနေ ချိတ်ဆက်စုစည်းပြီး အစည်းဝေးလုပ်မယ်။ ပြီးရင် ကျနော်တို့က ဒီအဖွဲ့တွေကို စနစ်ကျတဲ့ ဖွဲ့စည်းပုံတွေ၊ မူဝါဒတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့ချုပ်ပြီး မြေပြင်က အဖွဲ့တွေနဲ့ စုစည်းလိုက်ရင်..." လို့ သူ့စိတ်ကူးကို ချပြပါတယ်။
 
သူ့စိတ်ကူးက စံဖြစ်ပေမယ့် ခေါင်းဆောင်လု၊ နေရာလု၊ ထိုင်ခုံလု၊ နာမည်လု တတ်တဲ့ အဖွဲ့တွေအနေနဲ့ကတော့ တော်တော်ကိုမလွယ်မဲ့ ကိစ္စပါ။ ဒီအိုင်ဒီယာကို ဗိုလ်နဂါးအပါအဝင် တချို့သော ရေရှည်မျှော်ကြည့်တဲ့ တော်လှန်ရေးသမားတချို့က ဟိုးအရင် အစောပိုင်းက အရိပ်အမြွတ်ပြောခဲ့တာတွေ ရှိပေမယ့် ဒါဟာ အန်ယူဂျီနဲ့ ဝိရောဓိဖြစ်နိုင်တော့ တချို့လည်း ပြန်ပြီး အသံတိတ်သွားကြတာ တွေ့ရပါတယ်။
 
ဒါပေမယ့် ဒီလိုစုစည်းလိုက်နိုင်ပြီး မြေပြင်က ကိုယ်စားလှယ်အဖွဲ့တစ်ခု ပေါ်လာရင် အန်ယူဂျီရဲ့ ကာကွယ်ရေးနဲ့ ချိတ်ဆက်ပြီး ဆက်လုပ်နိုင်ပြီး ပိုပြီး သွက်လက်သွားမယ်လို့ သူက သဘောပေါက်ထားပါတယ်။ တစ်ဖက်မှာ စိုးရိမ်စရာရှိတာက အန်ယူဂျီအနေနဲ့ ဒါကို လက်ခံနိုင်မလားဆိုတာမျိုးပါ။
 
"MOD အနေနဲ့လည်း မြေပြင်ကို အားလုံး မလွှမ်းခြုံနိုင်ဘူး။ အဲ့ဒီတော့ မြေပြင်ကို မြေပြင်ချင်း ထိန်းချုပ်ပြီး စုစည်း။ အဲ့ဒီ စုစည်းထားတဲ့ ဦးဆောင်အဖွဲ့အစည်းကမှ MOD နဲ့တစ်ဆင့် ပြန်ချိတ်ပြီး ဒီကာကွယ်ရေးဝန်ကြီးဌာနကိုလည်း အားကောင်အောင် ကျနော်တို့ ကူညီနိုင်လိမ့်မယ်။ ကာကွယ်ရေးဝန်ကြီးဌာနဆိုတာလည်း တော်လှန်ရေးကို အားကောင်းအောင် ကူညီနိုင်လိမ့်မယ်" လို့ သူက ဆိုပါတယ်။​
 
စိုးရိမ်စရာကောင်းတဲ့ နောက်တစ်ချက်ကတော့ "ဒေသတွင်းမှာ ရာဇဝတ်မှု ခုချိန်မှာ မရှိဘူးဆိုပေမယ့်လို့ နောင်တစ်ချိန် ဒိထက်အဖွဲ့တွေများလာရင် ရာဇဝတ်မှုတွေ ဖြစ်လာနိုင်တယ်။ ဖြစ်လာရင် စစ်ဆေးရတာ ခက်သွားလိမ့်မယ်" ဆိုတာပါပဲ။
 
ဒီကိစ္စဟာ ဆိုရရင် ခုဆိုရင်တော့ နေရာအချို့မှာ ဖြစ်နေပြီလို့ ဆိုရပါမယ်။ အချိန်မီ မထိန်းသိမ်းနိုင်ရင် အဖွဲ့တွေ ကစင့်ကလျားဖြစ်၊ နာမည်ကွဲတွေအများကြီးပေါ်၊ ထောက်ပို့ငွေတွေ၊ ပြည်သူ့ငွေတွေဟာလည်း မလောက်မငနဲ့ ရပ်တည်ဖို့ ခက်ခဲလာတဲ့အဖွဲ့ငယ်တွေဟာလည်း ငွေရရှိရေးအတွက် တခြားမသင့်လျော်တဲ့နည်းလမ်းတွေ သုံးလာရတာမျိုးလည်း ရှိလာနိုင်ပါတယ်။
 
ဗိုလ်နဂါးကတော့ "ကြာလာရင် ထောက်ပို့တွေလည်း ပင်ပန်းသွားမယ်။ ရန်သူ မိတ်ဆွေ မခွဲခြားနိုင်ဘဲ တော်လှန်ရေးအတွက်လည်း အန္တရယ် ဖြစ်သွားနိုင်တယ်။ တော်လှန်ရေး ခေါင်းဆောင်တွေအနေနဲ့ ဒါကို ထည့်သွင်းစဉ်းစားပေးဖို့ ပြောလိုပါတယ်" လို့ ဆိုပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close