အာစရိယ ဂုဏ်တော အနန္တော...?

"ဆရာ ဆရာမ တွေကို ဘုရားနဲ့ တစ်တန်းတည်း မထားသင့်ဘူး"
 
ကျောင်းဆရာလည်း ဖြစ်၊ စီနီယာ ဦးဇင်းလည်း ဖြစ်တဲ့ ဦးစိုးစိုးအောင်ကို သူ ပြောလိုက်တာပါ။ ဦးစိုးစိုးအောင်က သူ့ထက်အရင် သာသနာ့ဘောင်ဝင်တာ နှစ်ပတ်လောက်စောသလို အသက်အားဖြင့်လည်း အဖေနဲ့ သားအရွယ်။ သူက ခုမှ ၂၈၊ ဦးစိုးစိုးအောင်က ၆၅။ နှစ်ဦးလုံး သင်္ကြန်တွင်း သာသနာ့ဘောင်ဝင်ကြတာ၊ ခု ဆွမ်းစားပြီးလို့ နေ့လယ်ခင်း ရေနွေးကြမ်းသောက်ရင်း စကားပြောဖြစ်ကြတာပါ။
 
"ဟ... ကိုယ်တော် ဒါတော့ အတော်လွန်ပြီပဲ" 
"တပည့်တော်ကတော့ ဒီသဘောပဲ တွေးမိတာ ကြာပြီဘုရား၊ အာစရိယဂုဏ်က အနန္တောအနန္တ ငါးပါးထဲ ရောက်နေတာ အဆင်ပြေတယ်လို့ကို မမြင်ဘူး"
"အဲ့ဒါ ဘုရားဟောလေ ကိုယ်တော်ရဲ့"
"အရှင်ဘုရား ဒါတော့ နည်းနည်း စကားလောသွားပြီ ထင်ပါတယ်၊ အနန္တောအနန္တငါးပါး ဟာ ဘုရားဟောဖြစ်တယ်လို့ ပြောနိုင်တဲ့ သက်သေသက်ကာယ ပြနိုင်လား ဒါဆို"
 
ရန်ကုန်တက္ကသိုလ်ကနေ ဒဿနိကဗေဒနဲ့ ဘွဲ့ယူထားသူလည်းဖြစ်တဲ့ ဦးဇင်းတစ်ဖြစ်လည်း ဦးစိုးစိုးအောင် တစ်ယောက် နည်းနည်းတော့ အရှိန်တန့်သွားပါတယ်။ စိတ်ဇောနဲ့ ကောက်ပြောချလိုက်တာဟာ မှီငြမ်းနိုင်တာ မဟုတ်တော့ ဒဿနိကသမားတစ်ယောက်အနေနဲ့ဆို နည်းနည်း အိုးမလုံစရာကိုး။
 
ဦးစိုးစိုးအောင်က ကျောင်းဆရာလုပ်ခဲ့ဖူးသလို အဖေ ကလည်း ကျောင်းဆရာကြီး။ ခုလက်ရှိ လူ့ဘဝမှာယူထားတဲ့ အမျိုးသမီးကလည်း ကျောင်းဆရာမပဲ။ ခု စကားပြောနေတဲ့ ကိုယ်တော်လေးမှာလည်း သူ့အမေက ကျောင်းအုပ်ဆရာမကြီး။ အဒေါ်တွေလည်း ကျောင်းဆရာမတွေချည်း။ ဆိုတော့ ဒီကိစ္စကို ဆွေးနွေးရင် ခံစားချက်တွေ ရှေ့ကပါလာကြမှာ မထူးဆန်း။
 
တကယ်တော့ ဗုဒ္ဓဘာသာဝင်အများစု သိကြတဲ့ အနန္တောအနန္တ ၅ ပါး ဆိုတာဟာ ဘုရားဟောဖြစ်တယ်ဆိုတဲ့ ကျမ်းကိုးကျမ်းချက် မတွေ့ရဘူးလို့ ဓမ္မာစရိယ ဦးမောင်မောင်လေး က သူ့ဆောင်းပါးတစ်ပုဒ်ထဲ ထည့်ရေးဖူးပါတယ်။ ရွာကျောင်းက ဆရာတော်ကို မေးတော့လည်း ဆရာတော်လည်း ဝေ့လည်ဝေ့လည်။ ဟို နိကာယ်ပဲ ပြန်လှန်တော့မလို ဒီသုတ္တန်ပဲ ပြန်ကြည့်ရတော့မလို လိုရင်းမရောက်။
 
"ဒါဆို ကိုယ်တော်ပြောပါဦး အနန္တောအနန္တ ၅ ပါးထဲက ဂုဏ်တော်ကို အကျယ်ပြော"
"ဆရာသမားတို့၏ ဂုဏ်တော် ကျေးဇူးတော်တို့သည် အဆုံးမရှိ ကျယ်ဝန်းလှ၏ လို့ ဆိုတယ် မဟုတ်လား ဘုရား၊ ပြီးတော့ အာစရိယဂုဏ်ကို နောက်ဆုံးမှာ ထားတာ သတိထားသင့်ပါတယ် ဘုရား"
"ကဲ ဒါဆို ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားတော့ ဘာဖြစ်သလဲ၊ ဘာအကျိုးကျေးဇူးတွေ ယုတ်လျော့ကုန်လဲ ပြောပါဦး ကိုယ်တော်"
 
သူ့ကို ဦးဇင်းက နည်းနည်းကလေး ပြုံးယောင်ယောင်နဲ့ ပြန်ထောက်တယ်။ ဘိုးဘေးဘီဘင် လက်ခံထားတဲ့ ရှေးရိုးအစဉ်အလာကြီးဆိုတော့ ရုတ်တရက် အပြောမတတ်ရင် တကယ့် ငါးပါး မှောက်တယ် ဆိုတာမျိုး ဖြစ်ကုန်မှာကိုး။
 
“ဦးဆုံးပြောရရင် ဆရာတွေက ဆရာ့ကျင့်ဝတ်မညီရင် ကျင့်ဝတ်ကို မပြောတော့ဘဲ ‘ဘုရားနဲ့ တစ်ဂိုဏ်းတည်းနော် မပြောကောင်းဘူး’ ဆိုပြီး ကြိုပိတ်ခံရတာပဲ ဦးဇင်း။ ဆိုကြပါစို့၊ စာသင်ကျောင်းကို အရက်မူးပြီး ရောက်လာတဲ့ ဆရာကို အရက်သောက်လာပြီး စာမသင်သင့်ဘူးလို့ ဘယ်ကျောင်းသားကများ စောဒကတက်ဖူးသလဲ ဦးဇင်း။ မိဘတွေကလည်း ‘ဆရာကို မစော်ကားနဲ့ ငရဲကြီးမယ်၊ ဘုရားနဲ့ တစ်ဂိုဏ်းတည်း’ လို့ ငယ်စဉ်ကတည်းက ဆုံးမကြတယ် မဟုတ်လား၊ ဒါတွေက တကယ်တော့ မဖြစ်သင့်တာတွေပဲ မဟုတ်လား ဘုရား”
 
ဦးစိုးစိုးအောင် တစ်ယောက် နည်းနည်းတော့ စဉ်းစားသွားပုံရပါတယ်။ ပတ်ဝန်းကျင်မှာ ၁၀ တန်းကျောင်းသူက ဆရာနဲ့ ခိုးရာလိုက်သွားတာ၊ အဆောင်နေတဲ့ ကျောင်းသူကို ဆရာကြီးက အဓမ္မကျင့်တာ၊ ကျောင်းဆရာမနဲ့ ကျောင်းသားနဲ့ ကြိုက်ကြတာတွေက မကြားချင်မှ အဆုံးပဲ မဟုတ်လား။ ဒါပေမဲ့လည်း မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အသိထဲမှာ အာစရိယဂုဏ်ဟာ ဘုရားနဲ့တစ်တန်းတည်း၊ တစ်ဂိုဏ်းတည်းဆိုတဲ့ အရိုးစွဲနေတာကြီးကြောင့် နေ့စဉ်စကားဝိုင်းထဲ ထည့်မပြောသင့်တဲ့ အကြောင်းအရာကြီးတစ်ခုလို ဖြစ်နေခဲ့တယ်လို့ သူက မြင်တယ်။
 
“ကျူရှင်ထားမှ မျက်နှာလိုက်တဲ့ ဆရာ၊ သီတင်းကျွတ်ရင် ကန်တော့မှ အိမ်စာတွေ အများကြီးမပေးတဲ့ ဆရာမ၊ ကျောင်းမှာ လိုတာထက်ပို ပိုက်ဆံကောက်ပြီး ရတဲ့ငွေကို ပြန်ချေးစားတဲ့ ဆရာ ဒါတွေကို ပြန်စဉ်းစားကြည့်ပါ ဘုရား။ ဆိုလိုတာက ဆရာ ဆရာမတွေဟာ တံတားဆောက်တဲ့လူလို၊ ရဲဝန်ထမ်းလို၊ ကားဒရိုင်ဘာလို စသဖြင့် သက်မွေးဝမ်းကျောင်း တစ်ခုလို မြင်ရင် ရပါပြီ ဘုရား။ ခုက အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုလို မမြင်ဘဲ အင်မတန်မှ မြင့်မြတ်တဲ့ အလုပ်၊ ဘုရားနဲ့တစ်တန်းတည်းထားခံရတဲ့ အလုပ်လို မြင်နေတာကြီးက အဆင်မပြေတာပါဘုရား”
 
“ဆိုပါစို့ ဦးဇင်း၊ ၉ တန်း ၁၀ တန်းထိ ဆိုးသွမ်းပေတေ၊ နောက်ဆုံး အဝေးသင်တက်၊ ဆရာအတတ်သင်မှာ သင်တန်းတက်ပြီး ဆရာဖြစ်လာ၊ ကျောင်းသူလေးတွေနဲ့လည်း လုံးလားထွေးလား၊ အရက်ကလေးကလည်း တမြမြဆိုတဲ့ ကျောင်းဆရာ ခပ်ငယ်ငယ်တစ်ယောက် အဖြူအစိမ်းနဲ့ လမ်းလျှောက်လာတာကို ‘ဟိုမှာ ဘုရားနဲ့တစ်ဂိုဏ်းတည်းပုဂ္ဂိုလ် လာပြီ’ လို့ ပြောရင် ဦးဇင်း ဘယ်လိုသဘောရလဲ၊ မဖြစ်သင့်ဘူး မဟုတ်လား ဘုရား။ ဒါပေမယ့် ဘုရားဆိုတာကြီးကို မေ့လိုက်၊ သူက စာသင်ခြင်းအလုပ်ကို လုပ်နေသူ ကျောင်းဆရာပဲဆိုရင် ဒါတွေအားလုံး အဆင်ပြေသွားပါတယ်ဘုရား”
 
တကယ်တော့ ဆရာနဲ့ ကျောင်းသားဆိုတာ မြန်မာ့လူ့အသိုင်းအဝိုင်းထဲမှာသာ ဘုရားနဲ့တစ်ဂိုဏ်းတည်းထား ဆည်းကပ်ပူဇော်ကြပေမယ့် ဖွံ့ဖြိုးတိုးတက်ပြီးသား၊ ပညာရေးမှာ ထိပ်တန်းဆိုတဲ့ နိုင်ငံတွေမှာတော့ ဆရာနဲ့ ကျောင်းသားဆိုတာ ‘အလုပ်သဘော’ ပဲ ဆောင်ကြတာပဲလို့ သဘောယူပါတယ်။ ပညာရေးစနစ် ကောင်းပေ့ဆိုတဲ့ နိုင်ငံကြီးတွေထဲ ဆရာကို ဘုရားနဲ့တစ်ဂိုဏ်းတည်းထားတဲ့ နိုင်ငံရယ်လို့ မကြားဖူးပါဘူး။
 
စာသင်ချင်တဲ့လူ၊ သို့မဟုတ် စာသင်တဲ့အလုပ်ကိုကြိုက်တဲ့လူက ဆရာလုပ်တယ်၊ ဒါကို ကျောင်းသားဖြစ်သူက သင်ယူတယ်။ ဥပမာ ဆရာသင်နေတာကို မကြိုက်ရင် ကျောင်းသားက ထ ထွက်သွားလို့ရတယ်။ မြန်မာမှာတော့ ဒါဟာ အင်မတန်ရိုင်းတဲ့ အလေ့အထပါပဲ။
 
“အထက်တန်းကျောင်း စာသင်ခန်းထဲ စာသင်ခုံပေါ် ခြေပစ်တင်ထားတဲ့ ကျောင်းသားတွေကို မြင်ရင် ဦးဇင်းတော့ ဘယ်လို ပြောမယ် မသိဘူး။ ဦးဇင်းပြောပြောနေတဲ့ ကမ္ဘာမှာ ပညာရေးကောင်းလှပါတယ်ဆိုတဲ့ ဗြိတိန်၊ အမေရိကန်၊ သြစတေးလျတို့က ဆရာနဲ့ ကျောင်းသား ဆက်ဆံရေးဟာ အနန္တောအနန္တငါးပါး ဆက်ဆံရေး မဟုတ်တာတော့ သေချာပါတယ် ဘုရား”
 
“ကိုယ်တော်က ဒါတော့ ကပ်ပြောတာပဲ။ အရက်မူးလာလို့၊ ကျောင်းသူ ဒါမှမဟုတ် ကျောင်းသားနဲ့ကြိုက်လို့ ဆိုတာတွေကိုပြောရင် ဆရာဆရာမဆိုတာလည်း လူတွေပဲ မဟုတ်လား ကိုယ်တော်၊ ဘုန်းကြီးမှ မဟုတ်တာ၊ ကိုယ်တော် ပြောသလိုဆို ဆရာ ဆရာမတွေက ၉ ပါး သီလ ယူထားပြီးမှ စာသင်ရမလို ဖြစ်နေပြီ”
 
“တပည့်တော်ဆိုလိုရင်းကလည်း အဲ့ဒါပဲ ဘုရား။ ၉ ပါးသီလယူထားပြီးမှ စာသင်စရာလည်း မလိုသလို ဘုရားနဲ့လည်း တစ်ဂိုဏ်းတည်း ထားစရာမှ မလိုတာ။ ဆရာ၊ ဆရာမဆိုတာ စာသင်တဲ့အလုပ် လုပ်နေကြသူတွေပဲ မဟုတ်လား၊ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ကိုယ့်ကို စာသင်ပေးတဲ့လူကို လေးလေးစားစားရှိရင် ရပြီ မဟုတ်လား၊ ဆရာတွေ အမှား မလုပ်လိုက်နဲ့ ‘အဲ့ဒါ ဘုရားနဲ့ တစ်ဂိုဏ်းတည်းနော်’ ဆိုပြီး လှန့်လုံး ခြောက်လုံးတွေကတော့ အဆင်မပြေလှဘူးဘုရား”
 
“ဒီတိုင်းသာဆို မာတာပိတုဂုဏ်တို့၊ သံဃဂုဏ်တို့ကိုပါ ထပ်ပြီး ပစ်ပယ်ရမလို ဖြစ်နေပြီ ကိုယ်တော်”
 
“အဲ့ဒါကတော့ နည်းနည်း အချိန်ယူရမယ် ထင်ပါတယ် ဘုရား။ ဒီနေရာမှာ ဦးဇင်းအနေနဲ့ အထင်မမှားစေလိုတာက ဆရာဆရာမတွေကို စော်ကားလိုရင်း မဟုတ်ဘဲ လူ့အဖွဲ့အစည်းထဲ ဘုရားဟော ဆိုပြီး အမြစ်တွယ်နေတဲ့ အယူအဆကိုပဲ လက်တွေ့အဖြစ်အပျက်တွေနဲ့ တိုက်ဆိုင်လိုရင်းပါဘုရား”
 
“ကိုယ်တော့် အယူအဆကို သဘောပေါက်ပါတယ်၊ ဒါပေမဲ့ လက်ခံရမှာ ခက်နေတယ်ကိုယ်တော်။ ဒါဆို အာစရိယဂုဏ်ဆိုတာကို ပစ်ပယ်လိုက်ရတော့မလား”
 
“ဒီလိုတော့ တပည့်တော် မယူဆဘူးဘုရား၊ အာစရိယဂုဏ်ဆိုတာ လူ့အဖွဲ့အစည်းထဲ ရှိသင့်တယ်လို့ တပည့်တော် အကြွင်းမဲ့လက်ခံပါတယ်၊ ဘုရားနဲ့တစ်ဂိုဏ်းတည်းဆိုတာကသာ ဘဝင်မကျတာရယ်ပါ၊ ဆရာသမားတို့၏ ဂုဏ်တော်ကျေးဇူးတော်တို့သည် အဆုံးမရှိ ကျယ်ဝန်းလှ၏ ဆိုတာ ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့အစည်းမှာ မဆို မှန်ကန်တဲ့ တရားလို့ လက်ခံပါတယ် ဘုရား”
 
“ဒါဆိုလည်း ဒီလို သတ္တုချရင်ရော ကိုယ်တော်၊ အာစရိယဂုဏ်သည် ကောင်း၏၊ ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားပြီး ပြောဆိုတာကိုတော့ လျှော့သင့်တယ် ဒီလိုလားကိုယ်တော်”
 
“ဟဲဟဲ... ရပါတယ် ဦးဇင်း။ ဆရာဆရာမဆိုတာထက် စာသင်ကြားခြင်းအလုပ်ကို လုပ်နေသူ၊ စာသင်ကြားခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူလို့ ရိုးရိုး သတ်မှတ်ရင် ရပါပြီဘုရား”
 
“ဒါပေမဲ့ ကိုယ်တော်ရဲ့ တို့ လူ့အဖွဲ့အစည်းမှာ ဘုရားနဲ့တစ်ဂိုဏ်းတည်း ထားသင့်တဲ့ ကျောင်းဆရာတွေကော မရှိဘူးလား”
 
“ဘုရားနဲ့တစ်ဂိုဏ်းတည်း ထားသင့်တဲ့ ကျောင်းဆရာတွေရယ်လို့မှ မဟုတ်ပါဘူး။ တပည့်တော် လက်ခံတာကတော့ လူ့အသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ဖို့၊ လူတွေ အသိအမြင်ကြွယ်ဝလာဖို့၊ အသိပညာတိုးပွားလာဖို့၊ လမ်းမှန်ပေါ်ရောက်ဖို့ ကိုယ်ကျိုးစွန့်ပြီး သမ္မာအာဇီဝကျကျ သင်ကြားပြသ၊ ပြောပြလမ်းပြပေးနိုင်သူဆိုရင် ဘယ်သူ့ကို မဆို မိဘနဲ့တစ်တန်းတည်း၊ အာစရိယဂုဏ်နဲ့ တစ်တန်းတည်း လေးစားဆည်းကပ်သင့်သူတွေချည်းပဲလို့ ယုံကြည်ပါတယ်ဘုရား”
“သာဓု၊ သာဓု၊ သာဓု”
 
ကွယ်လွန်သွားပြီဖြစ်တဲ့ (ဦးလေး) ဆရာ ဦးစိုးစိုးအောင် သို့....။

You can treat me a cup of coffee.

wave

Press ESC to close