လည်သူ စားစတမ်း

ဇာတ်လမ်းတွေက အရင်လို မရိုးရှင်းတော့ပါ။ ဘယ်အဖွဲ့ဖြစ်ဖြစ် အချင်းချင်းတွေပြဿနာတက်ကြရင်၊ တစ်ယောက်နဲ့ တစ်ယောက် ထိုးနှက်ကြရင်၊ အရှုပ်အထွေးတွေ ရှင်းကြရင် အရင်ဆုံး အဦးဆုံး စ ပြောသူက ပွဲကို ဦးဆောင်လေ့ရှိကြတယ်။ ပွဲကြည့် ပရိသတ်ကလည်း စ ပြောသူရဲ့ Narrative ကို အမှန်ယူကြပြီး နောက်ပေါ်လာတာတွေကို ဒီအပေါ်မှာ အခြေခံပြီးပဲ စဉ်းစားကြတော့တာပါ။
 
ဟိုး အစပိုင်းတွေတုန်းကတော့ သွားနေတဲ့လမ်းကြောင်းက 'တော်လှန်ရေး' ဆိုတာကိုပဲ ဦးတည်ထားကြတော့ ကျန်တာ ဖွဲနဲ့ဆန်ကွဲ။ 'တော်လှန်ရေး' ကို အာရုံစိုက်ကြပေါ့။ အချိန်ကြာလာတော့ မူရင်း ဦးတည်ချက်က အနည်းငယ်ယိုင်လာတယ်။ ဘာလို့ဆို ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ များလာတာကြောင့်လို့ မြင်တယ်။
 
နယ်မြေတစ်ခုမှာ ခေါင်းဆောင်သူ၊ ဦးဆောင်အဖွဲ့အချင်းချင်း ပြိုင်ဆိုင်မှုတွေ ရှိလာတယ်။ တစ်ဖက်မှာလည်း သူ့ထက်ငါ နာမည်ယူလိုမှုတွေ ရှိလာတယ်။ နာမည်ရမှု၊ နာမည်ကြီးလာမှုက အလှူငွေရရှိမှုမှာ အခရာကျလာတော့ ဘယ်သူ လက်ဦးမလဲဆိုတာ အပြေးပြိုင်ရသလို ဖြစ်လာကြတယ်။ 
 
ဘယ်သူက ဆိုရှယ်မီဒီယာမှာ ပွဲခံ နိုင်မလဲ၊ ဘယ်သူက အရင်ဆုံးတင်နိုင်သလဲဆိုတာ ပေါ့။ ပြဿနာက နာမည်ရတာ၊ နာမည်ကြီးလာတာနဲ့အတူ နောက်လိုက်နောက်ပါတွေ တစ်ဆက်တည်း ပါလာတော့ 'ဘက်' တွေရှိလာတယ်။ ကြာလာတော့ 'တော်လှန်ရေး' အတွက် မဟုတ်တော့ဘဲ ငါ့ဘက်က လူတွေအတွက်၊ ငါ့ကို ထောက်ခံသူတွေအတွက်၊ ငါ့ Fan တွေအတွက် ဆိုတာမျိုး ဖြစ်လာတာ တွေ့ရတယ်။
 
ဒါတောင် ဘယ်သူ့ဘက်မှ မပါ၊ အနေအစားချောင်နေသမျှ ဘာလာလာ ဖောင်းထုမယ်ဆိုတဲ့ အုပ်စုကြီးရဲ့ ကြားက ညှော်တာတွေ မပါသေးဘူး။
 
ခုလက်ရှိအခြေအနေက သတင်းရရှိမှု၊ အပြန်အလှန် ဆွေးနွေးမှုအားနည်းကြတော့ တစ်ဖွဲ့ရဲ့ Narrative နဲ့ နောက် တစ်ဖွဲ့ရဲ့ Narrative က မတူတော့ဘူး။ မြို့တစ်မြို့တည်း၊ နယ်မြေတစ်ခုတည်းမှာ အခြေစိုက်တဲ့ အဖွဲ့နှစ်ဖွဲ့တောင်မှ ပြဿနာတစ်ခုတည်းကို ဖော်ပြပုံ၊​ ပြန်ပြောင်းပြောကြပုံ မတူတော့ဘူး။ ဒီကြားထဲ ရောင်တော်ပြန်တွေနဲ့ အညှော်တွေ ဝင်သမကြတော့ ခုနက Narrative တွေ ကြီးသထက်ကြီး၊ ဇာတ်ရှိန်တွေက မမြင့်သင့်ဘဲ မြင့်လာတော့တာပဲ။
 
ဟိုး အရင် ၈၈ က ဇာတ်လမ်းတွေ၊ ပါဂျောင်တုန်းက ပြဿနာတွေကို ကြားဖူးနားဝ ရှိခဲ့ပါတယ်။ နောက်ပိုင်း ပါဝင်သူတချို့ မြန်မာနိုင်ငံထဲ ပြန်ရောက်လာကြပြီး စာအုပ်တွေ ထုတ်ကြ၊ သတင်းစာရှင်းလင်းပွဲတွေလုပ်ကြ၊ ပန်းချီပြပွဲတွေလုပ်ကြတာကို သတင်းထောက်တစ်ယောက်အနေနဲ့ မကြာခဏ ထိတွေ့ဖြစ်ပါတယ်။
 
ခံစားမိတာက ပြဿနာတွေလည်း လူ့အသက်ပေါင်းများစွာနဲ့ရင်းပြီး ဖြစ်ခဲ့တယ်။ ဒါတွေကို နှစ်ပေါင်းများစွာကြာပြီး ခုထက်ထိတိုင် ရှင်းရှင်း လင်းလင်း မသိရသေးဘူး။ တချို့ဆို သက်ရှိထင်ရှား ရှိကြသေးတယ်။ ဟိုလူပြောရင် ဟိုလူ့ ကိုယ်ပိုင်ဇာတ်လမ်း ဖြစ်နေပြီး ဒီလူပြောရင် ဒီလူ့ ဇာတ်လမ်းပေါ့။
 
နောက်လိုက်နောက်ပါတွေကလည်း ဓမ္မဓိဌကျတဲ့အဖြေကိုရှာဖို့ထက် အားသန်ရာ ပစ်ယုံကြတာ။ တကယ်သိပါတယ်ဆိုတဲ့လူတွေကလည်း ရေငုံနှုတ်ပိတ် နေကြပြန်တာပါပဲ။ ဆိုတော့ ပြဿနာတစ်ခုခု တက်ကြရင် အဖြစ်မှန်ကို မမြင်ရ မကြားရတော့ဘဲ ကိုယ်ပိုင်ပုံဖော်တဲ့ အမြင်နဲ့ ကိုယ်ပိုင်ဇာတ်လမ်း၊ ကိုယ့် 'ဘက်' က ကိုယ့်ကို ထောက်ခံသူတွေအတွက် ဇာတ်လမ်းတွေပဲ မြင်ရကြားရတော့တယ်။
 
ပြဿနာ တစ်ခုခုဖြစ်လာရင် အရင်စလို ကောက်ချက်ချပြီး ဆုံးဖြတ်ကြတာ ကြောက်စရာကောင်းပါတယ်။ ခုက လည်သူ စားစတမ်း၊ ဦးသူစားစတမ်း ဖြစ်လာတယ်။ ဦးနှောက်ကြီးသူ၊ တာဝန်ကြီးသူတွေက 'ယိုင်နဲ့လာတာတွေကို' တည့်မတ်ပေးကြရမယ်လို့ မြင်မိပါတယ်။ စကားတွေပြောကြ၊ ဆွေးနွေးညှိနှိုင်းမှုတွေ တည်ဆောက်ကြဖို့ပေါ့။

You can treat me a cup of coffee.

wave

Press ESC to close