တာရာမင်းဝေ၊ နီကိုရဲနဲ့ အကြည်တော်

“အဲဒီတုန်းက ငါသူ့အိမ်ကိုရောက်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် တော်တော် ဝမ်းနည်းတယ်၊ ယူကြုံးမရလည်းဖြစ်တယ်၊ ငါရောက်တဲ့အချိန်က တကယ့်နောက်ဆုံးအချိန်ဖြစ်နေပြီလေ၊ အဲဒီအဖြစ်အပျက်ကို ငါတစ်ယောက်ယောက်ကို ပြောပြချင်တယ်၊ ပြီးတော့ ရေးလည်းရေးပစ်လိုက်ချင်တယ်၊ ဒါပေမယ့် ငါက စာရေးတာနဲ့ပတ်သက်ပြီး အားနည်းတယ်ကွ။ ခု မင်းနဲ့တွေ့တော့ မင်းကလည်း သူ့ရဲ့စာတွေဖတ်ဖူးတယ်ဆိုတော့ ငါမင်းကိုပြောပြချင်တယ် ပြီးတော့ မင်းရေးပေါ့ကွာ”

အဲဒီလိုနဲ့ သူ ကျနော့်ကိုပြောပြခဲ့ပါတယ်။

နောက်ဆုံး တာရာ

အဲဒီနေ့က ကျနော်နေထိုင်တဲ့ သင်္ဃန်းကျွန်းက လဖက်ရည်ဆိုင်မှာ ကိုရဲဝင်း (နီကိုရဲ) နဲ့အတူ မိုးရေစက်တွေကို လက်ဖက်ရည်နဲ့မြည်းရင်း ကိုရဲဝင်းပြောပြတဲ့ ဇာတ်လမ်းလေးတွေကို နားထောင်နေခဲ့ကြတယ်။ သူပြောပြတဲ့အကြောင်းအရာတွေက တောင်ရောက်၊ မြောက်ရောက်နဲ့။ ဒါပေမယ့် မိုးရေစက်တွေနဲ့အတူ အေးအေးချမ်းချမ်းပေါ့။

မိုးစက်တွေက တစ်ခုခုကို ပြောပြဖို့ စိတ်စောနေသလိုမျိုး သိုသိုဝှက်ဝှက်နေခဲ့တာကို အဲဒီတုန်းက မသိခဲ့။

အချိန်က နေ့လယ် ၁ နာရီသာသာ။ မိုးစက်တွေက ခုမှ ပိုပြီးစိုးရိမ်လာသလိုမျိုး သဲကြီးမဲကြီး။ ကျနော်တို့ ထိုင်နေတဲ့လက်ဖက်ရည်ဆိုင်ကို ကိုကြည် (အကြည်တော်) ရောက်လာခဲ့တယ်။

“ကိုရဲဝင်း ကိုတာရာဆုံးသွားပြီတဲ့၊ ခုနလေးတင် ကျနော့်ဆီဖုန်းဝင်လာတယ်”
ကျနော် ကိုရဲဝင်းရဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်တယ်၊ မျက်လုံးထဲမှာ အရောင်တစ်ခု ဖြတ်ပြေးသွားသလိုမျိုး။ ဒါပေမယ့် ပြန်ပျောက်သွားတယ်။

“ကဲ သွားကြမယ်လေ”
ပြီးတော့ ကျနော့်ကို တစ်ချက်ကြည့်ပြီး မေးတယ်။
“မင်းလိုက်ခဲ့မလား”
ကျနော့်မှာ ငြင်းစရာ စကား မရှိ။ 

မိုးစက်တွေ တစ်ထွေကြီးထဲမှာ ကိုကြည်ရယ်၊ ကိုရဲဝင်းရယ်၊ ကိုကြည်ရဲ့ကားဒရိုင်ဘာရယ်၊ ကျွန်တော်ရယ်၊ ကိုရိုလာ ကားပြာလေးထဲမှာ အသံတိတ် ပူနွေးနေခဲ့ကြတယ်။ ကားကလေးက မြောက်ဒဂုံရဲ့ဟိုးဘက် ၄၅ ရပ်ကွက်ထဲမှာ လူးလူးလွန့်လွန့်။

ကျနော့်စိတ်ထဲမှာ ဘာကိုတွေးပြီး ဘယ်လိုအဆုံးသတ်ရမှန်းမသိဘူး။ ဘာကို ဝမ်းသာနေပြီး၊ အဲဒီဝမ်းသာနေတာကိုလည်း ပြန်ရှုံ့ချရင်း၊ ဘယ်အရာကို နားမလည်ဖြစ်နေမှန်းလည်းမသိဘူး။ အသံတစ်ချက်ကြောင့် ရှုပ်ထွေးနေတဲ့အတွေးစတွေ ပျက်သွားတယ်။ 

“ညီလေး… စာရေးဆရာ တာရာမင်းဝေတို့အိမ်ကို ဘယ်လမ်းကသွားရလဲ”
ကိုကြည်ရဲ့ ကားဒရိုင်ဘာက လမ်းဘေးကွမ်းယာဆိုင်က ကောင်လေးကို လှမ်းမေးလိုက်တာပါ။
“တည့်တည့်သွား အစ်ကို၊ ပြီးရင် ညာချိုးလိုက်”
“ကျေးဇူးပဲ ညီလေး” 

လမ်းက ကျဉ်းပါတယ်။ ကွမ်ယာဆိုင်က ကောင်လေး ညွှန်လိုက်တဲ့လမ်းက အဆင်မပြေဘူး။ အဲဒါနဲ့ အဆင်ပြေမယ်ထင်တဲ့လမ်းက ပတ်သွားရပါတယ်။ ခပ်လှမ်းလှမ်းလည်းရောက်တော့ လမ်းက ပျောက်သွားပြန်တယ်။ ဘောလုံးကန်နေတဲ့ကလေးတွေကို တွေ့တော့…

“သား… စာရေးဆရာ တာရာမင်းဝေတို့အိမ်က ဘယ်အိမ်လဲ”
“ဟိုရှေ့နားက အိမ်ပဲ ဦးလေး”

အိမ်လေးကို လှမ်းမြင်နေရပြီ။ ကျနော်သိတဲ့ စာရေးဆရာ၊ ကျနော်ချစ်ခင်ရတဲ့ စာရေးဆရာတစ်ယောက် နေထိုင်တဲ့ အိမ်မှာ ဘာတွေရှိမလဲ။ ဘာတွေနဲ့ သိုင်းဝိုင်းထားမလဲ။

အိမ်က မြေစိုက်အိမ်။ အိမ်ဘေးမှာ ကဲလားလို၊ အဖီ ထိုးထားတယ်။ မိုးတွေက ပက်လို့။ အဖီကလေးရဲ့အောက်မှာ စာအုပ်သုံးလေးအုပ် ကပိုကရို။ ဖတ်လက်စ တန်းလန်း စာအုပ်တစ်အုပ်။ ဒဂုန်ရွှေမျှားဘာသာပြန်တဲ့ ရော်ဘင်ဆင်ကရူးဆိုး စာအုပ်။ ဆရာရဲ့နောက်ဆုံးချိန်မှာ ဖတ်ခဲ့တဲ့စာအုပ်များလား။ ဆရာ့စိတ်ကူးထဲမှာ ကရူးဆိုးကို တပ်မက်ခဲ့သလား။ တစ်ယောက်တည်းနေရတဲ့ ဘာသာဗေဒကို နောက်ဆုံးတွေ့ရှိသွားတာလား။ ဒါမှမဟုတ်….။

ကိုကြည်က ရှေ့ဆုံးကနေ အိမ်ထဲ ဝင်သွားတယ်။ နောက်က ကိုရဲဝင်း။ ပြီးတော့ ဒရိုင်ဘာနဲ့ကျနော်။

အိမ်ထဲကို ဝင်ဝင်ချင်း စာအုပ်တွေက ဆရာ့အစား ကျနော်တို့ကို အရင် နှုတ်ဆက်တယ်။ ဒါပေမယ့် စာအုပ်တွေရဲ့နှုတ်ဆက်သံမှာ ငိုသံများစွက်နေလေမလား။ အစီစဉ်တကျ စီရီထားတဲ့ စာအုပ်တွေ၊ ပြန့်ကျဲနေတဲ့စာအုပ်တွေ။ အားလုံး သခင်မဲ့နေကြပြီ။ သူတို့အတွက် သခင်ဆိုလို့ ဒီတစ်ယောက်တည်းရှိတယ်လို့လည်း မာနနဲ့ ပြန်အော်ဟစ်နေကြသလို။

အများဆုံးတွေ့ရတဲ့ စာအုပ်တွေကတော့ စိတ်ပညာနဲ့ ဒဿနိက စာအုပ်တွေ။ ကိုကြည်က စကားတစ်ခွန်းစ နှစ်ခွန်းစဆိုတယ်။ ခဏနေတော့ ဆရာ့အမေရဲ့အသံကို ခပ်စူးစူး ကြားရတယ်။

“နီကိုရဲ ဘယ်မှာလဲ၊ နီကိုရဲ”
“ကျွန်တော် ဒီမှာပါ အမေ”
“ဟဲ့ သေနာကောင်၊ နင့်အကောင် သေပြီ သိလား၊ အရည် သောက်လို့သေပြီ၊ နင်လည်းသတိထား၊ နင်လည်း သေလိမ့်မယ်၊ ကြားလား”
“ဟုတ်ကဲ့ အမေ၊ ဟုတ်ကဲ့”
ကိုရဲဝင်းက ခံစားချက်မရှိတဲ့မျက်နှာနဲ့ ဆရာ့အမေကို ပြန်ပြောတယ်။
ပြီးတော့ ကိုကြည့်ကို အမေနဲ့ မိတ်ဆက်ပေးတယ်။
“အမေ ဒီဟာက အကြည်တော်”
အမေက ခပ်ငြိမ်ငြိမ်ပြန်ကြည့်တယ်။

ခဏနေတော့ ရပ်ကွက်ထဲကလူတွေ၊ ဆရာ့ မိတ်ဆွေတွေ တဖွဲဖွဲရောက်လာကြတယ်။ တစ်နာရီလောက် စကားပြောခဲ့ပြီးတော့ ကျွန်တော်တို့ ပြန်လာခဲ့ကြတယ်။ အပြန်ခရီးမှာ ကိုကြည်က စကား စ ပြောတယ်။

“ဟိုအရင်က ကိုတာရာနဲ့ ကျနော် မြို့ထဲ လာလေ့ရှိတယ်၊ ကျနော့်ကားလေးနဲ့ပြန်လာရင် ကိုတာရာက လယ်ကွင်းတွေနားရောက်တာနဲ့၊ တစ်ခုအမြဲလုပ်လေ့ရှိတယ်၊ ကျနော့်ကို ကားရပ်ခိုင်းတယ်၊ ပြီးရင် လယ်ကသင်းတွေပေါ်မှာ သွားထိုင်ပြီး တစ်ယောက်ယောက်နဲ့စကားပြောသလို လုပ်နေတယ်၊ သူဘာတွေ လုပ်နေလဲ ကျနော်နားမလည်ဘူး၊ ပြီး သူပြန်ရောက်လာရင် ကျနော့်ကို ပြောပြတတ်တယ်၊ ကိုတာရာ ပြောပြတာက….”

“ကျနော် နာနာဘာဝတွေနဲ့ စကားပြောနေတာလေ၊ ဒီလိုပုံစံမျိုး အကြောင်းအရာတွေ၊ စာအုပ်တွေပဲ ရေးချင်နေတယ်၊ ဖတ်ချင်နေတယ်၊ နောက်ပြီးတော့ ခုတစ်လော နောက်ဘဝတွေကိုပဲ စိတ်ဝင်စားနေတယ်”

စကားအဆုံးမှာ တာရာမင်းဝေဆိုတာ ရှိနေလား၊ ရှိမနေဘူးလား၊ ရှိခဲ့သလား ကျနော် သတိမရနိုင်တော့။ သူ့အိမ်မှာတုန်းကတော့ သူ လောကကြီးထဲကထွက်သွားပြီဆိုတာ သိရတယ်။ ဒါပေမယ့် ကျနော် သူ့အိမ်က ထွက်လာတော့……..။

မိုးစဲသွားပါပြီ။ မိုးစက်တွေဟာ သူတို့ပြောချင်တာတွေကို ပြောချလိုက်ရလို့ ပေါ့ပါးသွားပုံမျိုးနဲ့ တစ်ချက် ခပ်ဖြောက်ဖြောက် ရွာလိုက်ပါတယ်။

အဲဒီနေ့က ၅ သြဂုတ် ၂၀၀၇။
◼︎

ကျနော်နှင့်အလုပ်တူ သူငယ်ချင်းတစ်ယောက်က ပြောပြခဲ့သဖြင့်  ယခုဇာတ်လမ်းကို ပြန်လည်ခံစား ရေးသားရခြင်းဖြစ်ပါသည်။ ဇာတ်လမ်းကိုပြောပြခဲ့သည့် သူငယ်ချင်း ကိုကိုအောင် ကိုလည်းယခုစာစုဖြင့် ကျေးဇူးတင်အပ်ပါသည်။ 

You can treat me a cup of coffee.

wave

Press ESC to close