ရှမ်းမြောက် နမ့်ဆန်တွင်  TNLA က လူသစ်စုဆောင်းနေ

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က လူသစ်စုဆောင်းနေသည့်အတွက် ဒေသခံများ ဒုက္ခရောက်နေကြရသည်ဟု နမ့်ဆန်မြို့နယ်ရှိ ဒေသခံများက ပြောသည်။

 

စစ်ကောက်နေတာ ဒီချိန်ဒီကာလမှာ မဖြစ်သင့်ဘူးလို့ပြောချင်ပါတယ် အရင်ကတည်းက ကောက်ကြတာပါ။ စစ်ကောက်တဲ့မူက တိတိကျကျမရှိထားဘူး။ သူတို့လိုအပ်သလို သူတို့ပါးစပ်ကထွက်သမျှ သူတို့ဥပဒေဖြစ်နေတာဆိုးတယ်ဟု နမ့်ဆန်မှ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

 

စစ်ကောက်သည်ဟူသည့် ဒေသိယ အသုံးအနှုန်းမှာ ထိုဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့က ဒေသခံများကို စစ်တိုက်ရန် (သို့မဟုတ်) လက်နက်ကိုင်တပ်ဖွဲ့အတွင်း အမှုထမ်းရန် ကာယကံရှင်၏ သဘောဆန္ဒမပါဘဲ ခေါ်ဆောင်ခြင်း ကို ဆိုလိုသည်။

 

အဖေ ပါသွားတာပါ။ အသက်က တော်တော်ကြီး နေပြီ။ TNLA က သား ၃ ယောက်ရှိတဲ့အိမ်ဆို တစ်ယောက်ခေါ်တယ်။ သုံးယောက်ကနေနှစ်ယောက် နှစ်ယောက်ကနေ နောက်ဆိုတစ်ယောက် ဖြစ်မလာဘူးလို့ ပြောလို့မရတဲ့အတွက် ထွက်ပြေးကြရပါတယ်။ ခုဆို မိန်းကလေးနှစ်ယောက်ရှိတဲ့ အိမ်တွေဆို တစ်ယောက်သွားရမယ်ဖြစ်ပြန်ရောဟု ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။

 

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်သည် ၎င်းတို့ အခြေချရာ မြို့နယ်များတွင် လူသစ်စုဆောင်းသည်မှာ ထုံးစံဖြစ်သော်လည်း အရင်ကတည်းကကောက်ကြတာပါ၊ ဒီချိန်ဒီကာလမှာ မဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်ဟု သတင်းရင်းမြစ်က ဆိုသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကျောက်မဲမြို့နယ်ရှိ ကျေးရွာများတွင် တစ်အိမ်တစ်ယောက် အစည်းဝေးလာရန်ဟုဆိုကာ ကြေညာခဲ့ပြီးနောက် အစီအစဉ်ကို ပြန်လည်ရုတ်သိမ်းခဲ့သည်။

 

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်၊ ကျောက်မဲမြို့နယ်များသည် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကျက်စားရာနေရာများဖြစ်ပြီး RCSS/SSA နှင့်လည်း ဒေသတွင်း တိုက်ခိုက်မှုများ မကြာခဏ ဖြစ်လေ့ရှိသည်။

 

ဒီကိစ္စက ဖြစ်ချင်တိုင်းဖြစ်နေတာ၊ အာဏာသိမ်းထားတဲ့ကာလဆိုတော့ ဘယ်သူမှလည်း ဂရုမစိုက်ကြဘူး၊ သတင်းဌာနတွေကလည်း ဂရုမစိုက်ကြဘူး။ ဒီတိုင်းပဲ ကိုယ်ဖြစ်ကိုယ်ခံဆိုလို ဖြစ်နေတာဟု ကျောက်မဲမြို့မှ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

 

You can treat me a cup of coffee.

wave

Press ESC to close