လိုကယ် ပီဒီအက်ဖ်များသို့... 

ခန့်ခန့်ညားညား ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပီဒီအက်ဖ်အဖွဲ့ကြီးတွေထက် ကိုယ့်ဒေသကို အခြေခံ နာမည်ပေးပြီး ဖွဲ့ထားတဲ့ LPDF တွေနဲ့ ကျနော် ပိုပြီး စကားပြောဖြစ်ပါတယ်။ ဒီအဖွဲ့အများစုဟာ မခံချင်စိတ်၊ ခံပြင်းစိတ်ကို အခြေခံထားပြီး အသက်စွန့်ဖို့ ဝန်မလေးကြတဲ့ လူငယ်တွေချည်းပါပဲ။ 

ဒါပေမယ့်လည်း တိုက်ပွဲက ကြာဦးမှာဖြစ်လို့ မခံချင်စိတ်၊ ခံပြင်းစိတ်တစ်ခုတည်းနဲ့ စစ်ကောင်စီကို ရေရှည်တောင့်ခံနိုင်ဖို့ အပြင်းအထန် ရုန်းကန်ကြရလိမ့်မယ် ထင်ပါတယ်။ ဒီအတွက် အပြင်က မြင်ရတဲ့ အခြေခံကျတဲ့ အချက်လေးတွေကို ပြောပါရစေ။ အထူးသဖြင့်တော့ သတင်းထုတ်ပြန်ရေး၊ သတင်းစုဆောင်းရေး၊ လုံခြုံရေးနဲ့ စုပေါင်းအင်အား ရရှိနိုင်ဖို့ပါ။ 

သတင်းထုတ်ပြန်ရေး

လက်ရှိအချိန်မှာ လိုကယ်ပီဒီအက်ဖ်အများစုဟာ လူထုရဲ့ ထောက်ပံ့မှုနဲ့ အသက်ဆက်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာလုပ်နေသလဲဆိုတာကို ပြည်သူကို ပြန်ချပြဖို့ လိုအပ်လာပါတယ်။ အဲ့ဒီမှာ ဖေ့စ်ဘွတ်စာမျက်နှာတွေ ဖွင့်ပြီး ကိုယ်လုပ်ဆောင်တာတွေကို ပြန်တင်လာကြတယ်။ ထောက်ပံ့သူတွေဘက်ကလည်း ဒါတွေကို သက်သေအဖြစ်ကြည့်ပြီး ဆက်ပြီး ထောက်ပံ့မှု လုပ် မလုပ် ဆုံးဖြတ်တာ လုပ်လို့ရတာမျိုး ရှိလာတယ်။ 

ဒီမှာ တစ်ခု သတိမလွတ်မိစေချင်တာရယ်ပါ။ ဖေ့စ်ဘွတ်စာမျက်နှာဟာ သတင်းထုတ်ပြန်ရေး အတွက်သာ ဖြစ်သင့်ပါတယ်။ ပြဿနာက ပီဒီအက်ဖ်စာမျက်နှာကိုင်ထားကြသူတွေက သတင်းထုတ်ပြန်ရေး မလုပ်တော့ဘဲ ပုဂ္ဂလိက ခံစားချက်တွေ၊ အဖွဲ့အချင်းချင်းကြားက အကြိတ်အခဲတွေ၊ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေ တင်လာကြတာ တွေ့ရတယ်။ 

တကယ်တော့ ဒါက မသင့်လျော်ပါဘူး။ အတို၊ အရှည်ကိုတောင် ကိုင်ပြီး တော်လှန်နေကြပြီဖြစ်လို့ ကိုယ့်စာမျက်နှာကို ပုဂ္ဂလိကလူတစ်ဦး အသုံးပြုသလို အသုံးပြုလို့ မရပါဘူး။ ဘာလို့ဆို ပြည်သူလူထုက ထောက်ပံ့ထားလို့ပါပဲ။ ဒီငွေတွေ လက်နက်တွေဟာ ပြည်သူရဲ့ အထောက်အပံ့တွေ ဖြစ်ပါတယ်။ 

ဒါကြောင့် ကိုယ့်ရဲ့စာမျက်နှာက ပြောတာဆိုတာတွေဟာ အဖွဲ့အချင်းချင်းကြား ပြဿနာတွေ၊ ကိုယ်ပိုင်ခံစားချက်တွေ မဖြစ်သင့်ဘဲ သတင်းထုတ်ပြန်ရေး သီးသန့်” သာ ဖြစ်သင့်တယ်လို့ မြင်ပါတယ်။ ဒါ့အပြင် စကားလုံး အသုံးအနှုန်း၊ အင်တာဗျူးဖြေတယ်ဆိုရင် စကားလုံးရွေးချယ်မှု စသည်ဖြင့် ဂရုတစိုက်ရွေးချယ်ပြောဆိုတတ်ဖို့လည်း လိုလာပါတယ်။ 

ဘာကြောင့် ဒါတွေ လိုအပ်သလဲဆိုရင် အဓိက အချက်ကတော့ ပီဒီအက်ဖ်တွေ လုပ်သမျှ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ဒီသက်ရောက်မှုက နိုင်ငံတကာရဲ့ စောင့်ကြည့်မှုဆီ ရောက်သွားလို့ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ သတ်ချင်တဲ့လူကို သတ်ချင်သလို သတ်ပြီး ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောချင်တာပြောလို့ရပေမယ့် ပီဒီအက်ဖ်တွေအနေနဲ့တော့ ဇော်မင်းထွန်းထုံး နှလုံးမူလို့ မဖြစ်ပါ။ တင်ပြချက် ကောင်းဖို့ လိုပါတယ်။ 

သတင်းစုဆောင်းရေး

တွေ့သမျှ ဒလန်တွေ သတင်းပေးပါ” ဆိုပြီး ပေးပို့လာသမျှကို မစစ်ဆေး မစစ်ကြောဘဲလည်း ဒလန်လို့ သတ်မှတ်တာမျိုးကလည်း အင်မတန် အန္တရယ်များပါတယ်။ မှားသွားခဲ့ရင် ဒီရဲ့ အကျိုးဆက်က များပါတယ်။ ထောက်ပံ့မှု ကျဆင်းနိုင်တာအပြင် နိုင်ငံတကာမျက်နှာစာမှာ ပုံရိပ်ကျဆင်းနိုင်ပါတယ်။ ဒါကြောင့် သတင်းတွေရရှိခဲ့ရင် အလျင်စလို မလုပ်ကြဘဲ အချိန်ယူစောင့်ကြည့် စစ်ဆေးပြီးမှ အတည်ပြုနိုင်ရင် အမှားအယွင်းနည်းမယ်လို့ ယူဆပါတယ်။ 

ဒါ့အပြင် သေနတ်ကိုင်ထားတဲ့လူကိုယ်တိုင် သတင်းစုဆောင်းတာမျိုး မဟုတ်ဘဲ သတင်းစုဆောင်းသူက သတ်သတ်၊ တကယ်အလုပ်လုပ်သူက သတ်သတ်၊ သတင်းထုတ်ပြန်သူက သတ်သတ် စသည်ဖြင့် တာဝန်ကိုယ်စီခွဲထားတာမျိုး ရှိသင့်ပါတယ်။ 

လုံခြုံရေး 

တချို့ လိုကယ်ပီဒီအက်ဖ် ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ဖုန်းနံပါတ်တွေကိုတောင် ပေါ်တင်ရေးထားတာမျိုး တွေ့ရပါတယ်။ စစ်ကောင်စီဟာ မြန်မာပြည်တွင်းက ဘယ်ဖုန်းနံပါတ်ကိုမဆို အချိန်မရွေး ကြားဖြတ်နားထောင်လို့ ရသလို ရှိနေတဲ့နေရာကိုလည်း လိုက်နိုင်ပါတယ်။ မခက်ခဲပါဘူး။ ဒါကြောင့် ဖေ့စ်ဘွတ်မှာဖုန်းနံပါတ်တွေ တင်ထားကြရင် ဖြုတ်ထားသင့်ပါတယ်။ 

အဖွဲ့အများစုမှာ တိုက်နေတဲ့လူလည်း ဒီလူပဲ၊ သတင်းထုတ်ပြန်နေတာလည်း ဒီလူပဲ၊ သတင်းစုဆောင်းတာလည်း ဒီလူပဲ ဖြစ်နေကြတာ တွေ့ရပါတယ်။ ဒီအချက်ကို ကျော်လွှားနိုင်မလားဆိုပြီး စဉ်းစားကြည့်ထားတာ ရှိပါတယ်။ ဥပမာ ခရိုင်တစ်ခု၊ နယ်မြေတစ်ခုမှာ အဖွဲ့ ၄ ဖွဲ့လောက်ရှိနေတယ်ဆိုရင် ဒီအဖွဲ့တွေကို အဖွဲ့တစ်ခုတည်းအဖြစ် ပေါင်းစည်းပစ်လိုက်ကြဖို့ပါပဲ။ 

ကျနော် စကားပြောဖြစ်တဲ့ လိုကယ်ပီဒီအက်ဖ်တွေကိုလည်း ဒီနည်းလမ်းကို အကြံပေးဖြစ်ပါတယ်။ အဖွဲ့တွေများနေတော့ ထောက်ပံ့ရတဲ့ အဖွဲ့တွေကလည်း တော်တော်ကို ခေါင်းကိုက်ကြတာ တွေ့ရပါတယ်။ ခုဆိုရင် ပီဒီအက်ဖ်အဖွဲ့ပေါင်း ခန့်မှန်း ၁၈၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ 

ပေါင်းစည်းမှု အင်အား

နယ်မြေတူတဲ့ အဖွဲ့တွေကို ပေါင်းစည်းနိုင်ခဲ့ရင် ထောက်ပံ့မှုကို လက်ခံရာမှာ စာရင်းရှင်းရာမှာ ပိုပြီး လွယ်ကူလာမှာ ဖြစ်သလို ထောက်ပံ့ပေးရတဲ့ အဖွဲ့တွေအနေနဲ့လည်း ပိုပြီးရှင်းရှင်းလင်းလင်း ရှိလာမှာပါ။ 

ဒီလို စုပေါင်းနိုင်ခဲ့ရင် လူအရင်းအမြစ် အင်အား များလာမှာဖြစ်ပြီး အပေါ်က ပြောခဲ့တဲ့ သတင်းထုတ်ပြန်ရေးမှာလည်း ပိုပြီး အားကောင်းလာမှာ ဖြစ်သလို သတင်းစုဆောင်းရေးမှာလည်း ပိုပြီး အချိန်ပေးလာနိုင်မှာ ဖြစ်ပါတယ်။ သတင်းမှန် ရရှိမှ အလုပ်ကို မှန်မှန်ကန်ကန် လုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အင်အားတောင့်တင်းတဲ့ ပီဒီအက်ဖ်အဖွဲ့အဖြစ်လည်း ရရှိလာမှာ ဖြစ်ပါတယ်။ 

မလွယ်ကူမှန်း သိပေမယ့် လိုကယ်ပီဒီအက်ဖ်အဖွဲ့ ခေါင်းဆောင်တွေ အချင်းချင်း ညှိနှိုင်းအဖြေရှာကြည့်စေလိုပါတယ်ခင်ဗျာ။

You can treat me a cup of coffee.

wave

Press ESC to close