ကန့်ဘလူ ပဇီကြီး တိုက်ခိုက်ခံရမှု သိရသမျှ

ဒီနေ့ နေ့လယ် ၁၂ နာရီထိ အတည်ပြုလို့ရသမျှ စစ်ကိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် ကလေးသူငယ်တွေ၊ အရပ်သားအမျိုးသမီးတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ပြီလို့ သိရပါတယ်။ သေဆုံးသူဦးရေ ဒီထက်လည်း ပိုများလာနိုင်ပါတယ်။
 
◼︎ ရုံးခန်းဖွင့်ပွဲလား၊ အိမ်တက်ပွဲလား
 
ဗုံးကြဲခံရချိန်မှာ လူတွေအများကြီးရှိနေတာဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ‘ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)’ ရုံးခန်းဖွင့်ချိန်ဖြစ်တာကြောင့်လို့ သတင်းဌာနအချို့က ရေးကြပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာတော့ ရုံးခန်းဖွင့်ပွဲ မဟုတ်ဘူးလို့လည်း အငြင်းပွားမှုတွေ တွေ့ရပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းထုတ်ပြန်ရာဖြစ်တဲ့ PVTV ကတော့ “ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးခန်းဖွင့်နေချိန် အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပြည်သူနဲ့ ရဲဘော် ၃၀ ကျော်ခန့်သေဆုံး၊ ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်” လို့ နေ့လယ်ပိုင်းက သတင်းထုတ်ပြန်ထားတာ တွေ့ပါတယ်။
 
PVTV ရဲ့ နေ့လယ်ပိုင်းက ထုတ်ပြန်ချက်
 ◼︎ ပဇီကြီးကျေးရွာ တည်နေရာ

ပဇီကြီးကျေးရွာဟာ နယ်မြေသတ်မှတ်ချက်အရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူထဲပါပေမဲ့ မန္တလေးတိုင်းနဲ့ နယ်စပ်၊ ဧရာဝတီမြစ်ဘေးမှာ ရှိပြီး 'အင်မတန် ခေါင်' တဲ့ဒေသဖြစ်ပါတယ်။
 
၂၀၁၀ မတိုင်ခင်က တောင်ယာတဲစုလေးတွေပဲရှိပေမယ့် အဲ့ဒီနောက်ပိုင်း ရွှေထွက်တယ်လို့ နာမည်ကြီးလာတာကြောင့် ဒီဒေသဟာ အနည်းငယ် စည်ကားလာတယ်လို့ ဆိုပါတယ်။ တနိုင်တပိုင် ရွှေလုပ်ငန်းကြောင့် ချမ်းသာလာကြသူတွေရှိပေမယ့် နောက်ပိုင်းမှာ စစ်တပ်က ဝင်လာပြီး ရွှေတွင်း သိမ်းယူမှုတွေလည်း​ရှိခဲ့တယ်လို့ အဲ့ဒီဒေသမှာ နေထိုင်ခဲ့သူတစ်ဦးက ပြောပြပါတယ်။
 
ကန့်ဘလူမြို့ပေါ်ကနေ ဆိုင်ကယ်နဲ့သွားရင် ၃ နာရီ သို့မဟုတ် ၄ နာရီလောက်သွားရတဲ့ ခရီးပေမဲ့ မိုင်အားဖြင့်တော့ နီးနီးလေးပဲလို့ မြို့ခံတစ်ဦးက ပြောပြပါတယ်။ ကန့်ဘလူ - ပဇီကြီးလမ်းဟာ တောတောင် ထူထပ်ပြီးလူပြတ်လွန်းတဲ့အတွက် ဒေသခံတွေအနေနဲ့ တစ်ဦးတည်း ခရီးသွားခဲတယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ကလည်း ပဇီကြီးကျေးရွာမှာ 'ဒလန်ဟုဆိုသူတစ်ဦး' ကို ရှင်းလင်းမှုတစ်ခု ရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရတော့ ဒေသခံဦးဝင်းကြည်ဆိုသူ ညနေ ၄ နာရီလောက်မှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
 
၂၀၂၁ အာဏာသိမ်းစက စစ်ကောင်စီရဲ့ ကိုဗစ်ကာကွယ်ရေးကားတချို့ကို ပဇီကြီးရွာဘေးက မလယ်ကျေးရွာမှာ ပစ်ခတ်မှုဖြစ်ခဲ့ဖူးပြီး အဲ့ဒီဒေသမှာ စစ်ကောင်စီကို ပြန်လည်တွန်းလှန်တဲ့အထဲ အစောဆုံးရွာတွေထဲမှာ ပါဝင်ပါတယ်။
 
ပဇီကြီး၊ မလယ်နဲ့ အဲ့ဒီ ဧရာဝတီမြစ်အနီးက ကျေးရွာတွေဟာ ကန့်ဘလူနယ်မှာဆိုရင် 'အင်န်အယ်ဒီပါတီ အားကောင်းတဲ့ဒေသ' လို့ ပြောစမှတ်ပြုကြပြီး ခုချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြီးစိုးတဲ့ဒေသထဲက တစ်ခုလည်း ဖြစ်ပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close