ကျနော်တို့ အားနာခဲ့ကြတယ်

မင်းအောင်လှိုင် လက်ကိုင်တုတ် ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းမေးခဲ့တဲ့ ကတုံးကို တကယ်တော့ သတင်းထောက်တိုင်း သိကြပါတယ်။ UMFCCI အစ၊ ဒေါ်အောင်ဆန်းစုကြည်အလယ်၊ သမ္မတရှင်းလင်းပွဲအဆုံး ဒီဘဲ မေးခွန်းတွေ အများကြီး မေးလေ့ရှိတယ်။

 

သူမေးတိုင်း ပေါက်ကရတွေပါပဲ။ စဉ်းစားကြည့်စရာကိုမလိုတဲ့ ပေါက်ကရမေးခွန်းတွေချည်းပါပဲ။ ဒါပေမယ့် ကျနော်တို့ ရီရင်း၊ နောက်ရင်းပဲ ထားခဲ့ကြတယ်။ (မေးတာတွေ အရမ်းရှည်နေရင် ကျနော်ကတော့ နောက်မှာ မေးမယ့်လူတွေ ကျန်သေးတယ်ဆိုပြီး အော်ဖူးတယ်)

 

တဖက်မှာကျ သတင်းလောကထဲ တချိန်က အမေစုမှ အမေစု ဖြစ်ခဲ့ကြသူတွေ ဒုနဲ့ဒေး။ ခုတော့ ဒီလူတွေဟာ ငြိမ်သမှ မမြင်ရဘူး။ ဒါကတော့ နောက်မှ ဆက်ရှင်းရမယ်ကိစ္စပေါ့လေ။ - စကားချပ်။

 

ပြောရမှာက အခု လူတကာလှောင်နေကြတဲ့ ဇော်မင်းထွန်းဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရကာလက ရာထူးတက်ဖူးပါတယ်။ ဗိုလ်မှူးချုပ် ကနေ ဗိုလ်ချုပ်ရာထူးကို တက်တာ။ အဲ့ဒီမှာ ဇော်မင်းထွန်းကို ကွန်ဂရက်ကျူလေးရှင်း လုပ်ကြတဲ့ သတင်းထောက်တွေ ရှိခဲ့ဖူးပါတယ်။ မယုံမရှိပါနဲ့၊ အတည်ပါ။ နာမည်တွေနဲ့ကို သိပါတယ်။ မှတ်တမ်းတွေလည်း ရှိပါတယ်။

 

အဲ နောက်တခုကတော့ နာမည်ကြီး သတင်းဌာနတခုမှာ ဇော်မင်းထွန်း တယောက်တည်းကို အဓိကသတင်းရင်းမြစ် (Primary Source) လုပ်ပြီး အရေးတယူလုပ်ပြီး ဆောင်းပါးလို့ နာမည်တပ်၊ စာအရှည်ကြီး ရေးဖူးတဲ့ သတင်းထောက်လည်း ရှိခဲ့ဖူးပါတယ်။

 

ဆိုလိုတာကတော့ ဒါတွေကို ကျနော်တို့ သိသိကြီးနဲ့ ပစ်ထားခဲ့ကြတာပါပဲ။ ခုလောလောဆယ် လူတိုင်းလုပ်နေကြတဲ့ Social Punishment ဆိုတာ တကယ်တော့ ရပ်တည်ချက် ဘာမှန်းမသိရသူ၊ ဟိုလူ့ပြေးကပ်၊ ဒီလူ့ခိုကပ်သူတွေကို ကျနော်တို့ တောက်လျှောက် လုပ်ခဲ့ကြရမယ့် ကိစ္စ ဆိုတာပါပဲ။

 

ကျနော်တို့ သတင်းသမား အလုပ်ဟာ ရပ်တည်ချက်ကို ရင်းပြီးလုပ်ရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကိုမှ တောင့်မခံနိုင်ရင် တောင့်မခံခဲ့ကြရင် ဒီလူတွေကပဲ ဒီလောကကို ပြန် ဒုက္ခပေးမှာ ဖြစ်ပါတယ်။

 

ကျနော် အမြဲတမ်းဝေဖန်ခဲ့ပါတယ်၊ ဗိုလ်သိန်းစိန်ခေတ်မှာ အဘခဲ့သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ အမေစုကြပါတယ်။ ခုကျတော့ ဟိုးပြေးမရ၊ ဒီကပ်မရနဲ့ လက် ၃ ချောင်းပဲ ထောင်ရမလား၊ ပရိုဖိုင် အနီပဲ ချိန်းရမလားနဲ့ ခွေးနေရာ မရ ဖြစ်နေကြတာလည်း မြင်နေရတာပါပဲ။

 

ဒီလူတွေကို ကျနော်တို့လောကထဲကနေ ဝိုင်းကျဉ်ရမှာပါ။ ဒါမှ နောင်တချိန်မှာ ဒီနေ့ ဇော်မင်းထွန်းရှင်းလင်းပွဲက သထုံကတုံးလိုလူတွေ ပေါ်မလာတော့မှာ ဖြစ်ပါတယ်ခင်ဗျာ။

 

You can treat me a cup of coffee.

wave

Press ESC to close