CRPH ဘာလုပ်မှာလဲ...?

(အသက်ပေးပြီး လမ်းပေါ်ဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တွေနဲ့ CDM လုပ်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ဒီစာစုကို အချိန်ကုန်ခံပြီး မဖတ်စေလိုပါ)
 
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက ဒီနေ့ထိ ပြည်သူတွေ တာဝန်ကျေခဲ့ပြီဖြစ်ပါတယ်။ ဆက်ပြီးလည်း တာဝန်ကျေနေကြဦးမှာဆိုတာ အသိသာပါပဲ။ လက်ရှိ အခြေအနေအရပ်ရပ်ကို ကြည့်ရင် စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတာ လမ်းကြောင်းနှစ်ခုပဲ ရှိပါတယ်။ (၁) လမ်းပေါ်က လူငယ်ထုရဲ့ နေ့စဉ်ရက်ဆက် မမောမပန်း ဆန္ဒပြမှု နဲ့ (၂) CDM မှာ အင်တိုက်အားတိုက်ပါဝင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။
 
CDM ရဲ့ ပန်းတိုင်ဟာ သိသာထင်ရှားပြီးဖြစ်တဲ့အတွက်​ ဒီအကြောင်းကို ထည့်မဆွေးနွေးလိုတော့ပါ။ ဒါပေမယ့် လမ်းပေါ်ထွက်နေတဲ့ လူငယ်ထုရဲ့ တိုက်ပွဲကိုတော့ အကျယ်တဝင့် ဆွေးနွေးရမှာပါ ဖြစ်ပါတယ်။ ဒါက ပန်းတိုင်တစ်ခု၊ လမ်းစဉ်တစ်ခု ဖော်ဆောင်ရေးနဲ့ ခေါင်းဆောင်မှုရရှိနိုင်ရေး ဖြစ်ပါတယ်။ ဒီနေရာမှာ ကွဲပြားစွာမြင်နိုင်ဖို့ လိုပါတယ်။ ခေါင်းဆောင်မလိုပါ၊ ခေါင်းဆောင်မှုပဲ လိုပါတယ်။
 
ဖေဖော်ဝါရီ ၆ ရက်ကတည်းက စတင်ပြီး လမ်းပေါ်ထွက်လာတဲ့ လူငယ်စု မေးကြည့်ပါ။ ပြန်ဖြေကြမှာက “စစ်အာဏာရှင် အလိုမရှိ” “အမေစု နဲ့ သမ္မတကြီးကို လွှတ်ပေးပါ” ဆိုတာကို တညီတညွတ်တည်း ပြောကြပါလိမ့်မယ်။ လူငယ်ထုဟာ လမ်းစဉ်တစ်ခုတည်းအတွက် ချီတက်နေတာ မဟုတ်ပါ။ တစ်လပြည့်ရင် ဘာဖြစ်မလဲ၊ နှစ်လဆက်တိုက်ကြာလာရင် ဘာဖြစ်လာနိုင်သလဲ၊ ဒီဆန္ဒထုတ်ဖော်နေတဲ့ လူငယ်ထုကြီးအတွက် ဦးတည်ချက်၊ ရည်ရွယ်ချက်တခု လိုနေပါပြီ။
 
Political Leadership (နိုင်ငံရေးအရ ဦးဆောင်မှု) တစ်ခု လိုအပ်နေပါပြီ။ လက်ရှိအချိန်မှာ အမြင်သာဆုံး ထင်ရှားနေတဲ့ နိုင်ငံရေးသမားကို ပြောပါဆိုရင် ကိုမင်းကိုနိုင်ပါ။ ဒါပေမယ့် ကိုမင်းကိုနိုင်ဟာ တက်ကြွလှုပ်ရှားမှုကို ဦးဆောင်နိုင်သူသာ ဖြစ်ပြီး နိုင်ငံရေးဦးဆောင်မှုကို လုပ်နိုင်တဲ့သူ မဟုတ်ပါဘူး။
 
နိုင်ငံရေးဦးဆောင်မှုဆိုတာ ဆန္ဒပြလူအုပ်စုထဲ ကားထိုးဝင်၊ ကားခေါင်မိုးပေါ်တက်ပြီး နိုင်ငံရေးတရားဟောတာလောက်နဲ့တော့ ဘာမှ ဖြစ်မလာနိုင်တော့ပါ။ ဒါဟာ ကြီးမားတဲ့ တက်ကြွလှုပ်ရှားမှုသာ ဖြစ်ပြီး နိုင်ငံရေးလမ်းစဉ်တခု ဖြစ်မလာပါ။
 
လက်ရှိမှာ CRPH ဟာ လူထုက လက်ခံထားတဲ့ တခုတည်းသော လုပ်ပိုင်ခွင့်ရ အဖွဲ့အစည်းဖြစ်ပါတယ်။ CRPH အဖွဲ့ဝင်တွေကို ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် ရှောင်ပုန်းနေရတယ်လို့လည်း နားလည်သိရှိထားပါတယ်။ ဒါပေမယ့် CRPH ဟာ လမ်းပေါ်ထွက်လာစရာ မလိုပါဘူး။ လမ်းပေါ်က လူငယ်ထုကလည်း CRPH ထဲက အဖွဲ့ချုပ်အမတ်တွေ လမ်းပေါ်ထွက်လာသည်ဖြစ်စေ၊ မထွက်လာသည်ဖြစ်စေ သူတို့က လမ်းပေါ် ဆက်ရှိနေကြဦးမှာပဲ ဖြစ်ပါတယ်။
 
တစ်ဖက်မှာတော့ “စု၊ ရွေး၊ လွှတ်” ဆိုတဲ့ ကြွေးကြော်သံဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုရဲ့လားဆိုတာ CRPH က ပြန်သုံးသပ်ရမှာပဲဖြစ်ပါတယ်။ ခုချိန်မှာ တိုင်းရင်းသားတွေဟာ တချိန်က NLD ရဲ့ ရပ်တည်ချက်ကို မကြိုက်တာကြောင့် စု ရွေး လွှတ် ဟာ လက်ရှိ လမ်းပေါ်ထွက်နေတဲ့ လူငယ်ထုကြီး တခုလုံးကို ကိုယ်စားမပြုနိုင်ပါဘူး။ ဒါဟာ သေချာကို လက်ခံရမယ့် အမှန်တရားပါ။ ပြီးတော့ တိုင်းရင်းသားအများစုအမြင်မှာ “ဗမာ၊ ဗမာချင်း၊ NLD နဲ့ စစ်တပ်နဲ့ဖြစ်နေတာပဲ” ဆိုတဲ့ ယူဆချက်နဲ့ ယှဉ်သွားနေတာကို မြင်ရပါတယ်။
 
CRPH ကံကောင်းသွားတာက ရခိုင်၊ မွန်နဲ့ ကချင်တို့မှာ စစ်ကောင်စီက အာဏာပေးမှုတွေကို လက်ခံလိုက်ကြတဲ့ တိုင်းရင်းသားတွေ ပါဝင်ခဲ့လို့ ဒီလူတွေအပေါ် ရွံမုန်းမှုနဲ့ ဒေသခံတိုင်းရင်းသားတွေဟာ လမ်းပေါ်ထွက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကို စု ရွေး လွှတ် အပေါ် ထောက်ခံလို့ ထွက်လာကြတယ်လို့ ထင်ရင် မှားပါမယ်။
 
နောက်တခုကတော့ CRPH အနေနဲ့ နိုင်ငံရေးကတိကဝတ်ပေးရမယ့် ကိစ္စပါ။ တိုင်းရင်းသားတွေ ပါဝင်လာမှာဖြစ်ပေမယ့် ခုတော်လှန်ရေးအောင်မြင်သွားပြီဆိုရင် ၂၀၀၈ ကို ပြန်လက်ခံပြီး ဒီအမိုးထဲပဲ ပြန်ဝင်သွားရင် ငါတို့သေပြီဆိုတဲ့ တိုင်းရင်းသားတွေရဲ့ ယူဆချက်ကို CRPH အနေနဲ့ ချေဖျက်ဖို့ လိုပါတယ်။
 
ပြီးတော့ တိုင်းရင်းသားတွေ၊ (NLD ထဲမှာရှိနေတဲ့ တိုင်းရင်းသားအမတ်တွေ မဟုတ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ)၊ စစ်ကောင်စီကို ရွံမုန်းတဲ့၊ ၂၀၀၈ ကို လုံးဝမကြိုက်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အချိန်မီညှိနှိုင်းကြဖို့ လိုပါတယ်။
 
တိုင်းရင်းသားအင်အားစုတွေနဲ့ အတူ လမ်းပေါ်က လူငယ်ထုကြီးအတွက် တိကျခိုင်မာတဲ့ လမ်းစဉ်၊ ရေရာမယ့် ကတိ၊ သွားရမယ့် ပန်းတိုင်အတွက် လူပုဂ္ဂိုလ်အပေါ် အခြေမတည်တဲ့ ခေါင်းဆောင်မှုတစ်ခု လိုအပ်နေပြီဆိုတာပါပဲ။

You can treat me a cup of coffee.

wave

Press ESC to close