“နိုင်” အောက်ဆီဂျင် စက်ရုံမှာ ဘာဖြစ်ခဲ့သလဲ

ရန်ကုန် တောင်ဒဂုံမြို့နယ်က နိုင် အောက်ဆီဂျင် စက်ရုံမှာ စစ်ဒေသမှူး ထောက်ခံချက် မပါဘဲ ဘယ်သူ့ကိုမှ လေအိုး မသွင်းပေးပါဆိုပြီး စာကပ်ကြတာ အားလုံး သတိထားမိကြပါလိမ့်မယ်။ တကယ်တော့ အဲ့ဒီစာမကပ်ခင် နိုင်အောက်ဆီဂျင်စက်ရုံမှာ ဖြစ်ပျက်ခဲ့တာတွေ ရှိပါတယ်။

 

ကပ်ထားတဲ့ စာအောက်မှာ ဗိုလ်မှူးနေမျိုးအောင်ဆိုသူကိုလည်း ဖုန်းနံပါတ် ထည့်ထားတာ တွေ့ရပေမယ့် ဗိုလ်မှူးဆိုသူကလည်း သူနဲ့ မဆိုင်ပါဘူးဆိုပြီး သတင်းဌာနနှစ်ခုကို ငြင်းထားပြန်ပါတယ်။

 

နိုင် အောက်ဆီဂျင် စက်ရုံဟာ ၄၀၊ ၅၀၊ ၆၀ လီတာ အိုးအကြီးတွေပဲ အဓိက ဖြည့်ပေးတဲ့ စက်မှုဇုံထဲက စက်ရုံတစ်ရုံပါ။ ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက စက်ရုံရှေ့မှာ တန်းစီစောင့်နေတဲ့ အောက်ဆီဂျင်အိုးပေါင်း ၈၀၀ လောက်ရှိပါတယ်။

 

မနေ့က မနက်ပိုင်းလောက်ထိ ဖြည်းဖြည်းချင်း ဖြည့်ပေးခဲ့ပေမယ့် နေ့လယ်လောက်မှာတော့ ဖြည့်ပေးတာကို ရပ်လိုက်ပါတယ်။ တန်းစီနေတဲ့လူတွေကို ဖြည့်မပေးတော့ပေမယ့် စက်ရုံထဲကို ကားထိုးပြီး ထည့်တာတွေကိုတော့ အလွယ်တကူပဲ ဖြည့်ပေးနေတယ်လို့ မြင်ရတဲ့လူတွေက ဆိုပါတယ်။

 

စက်ရုံမှူးနဲ့ ဗိုလ်မှူး

 

စက်ရုံမှူးနဲ့ အဆင်ပြေရင် လွယ်တယ်၊ စာရေးမနဲ့ အဆင်ပြေရင်လွယ်တယ်။ ကားတွေဆို ဖင်ထိုးပြီး အလျှိုအလျှို ထည့်နေကြတာပဲ။ အပြင်မှာ တန်းစီစောင့်နေရတယ်လူတွေက နှစ်အိုး သုံးအိုးရဖို့ နှစ်ညအိပ်လောက် စောင့်ရတာလို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

 

ဒီနေ့ တမနက်လုံးလည်း အောက်ဆီဂျင် ဖြည့်မပေးခဲ့ဘဲ နေ့လယ်လောက်မှာ စစ်ဆေးရေးလာမယ့်အတွက် စက်ရုံကို ခဏရပ်ရမယ်လို့ တန်းစီနေသူတွေကို စက်ရုံက ပြောခဲ့ပါတယ်။

 

အဲ့ဒီလိုနဲ့ သိပ်မကြာဘူး။ စက်ရုံထဲက လာပြီး ဂိုဒေါင်မှာ ဗီနိုင်း ထွက်ကပ်တယ်။ ဘာလို့ မထည့်ပေးတာလဲဆိုပြီး အဲ့ဒီ ဖုန်းနံပါတ်ကို ဝိုင်းဆက်ကြတာပေါ့။ မရဘူး။ ဖုန်းမအားဘူး။ နောက်ဆုံးတော့ စက်ရုံပိုင်ရှင်နဲ့ အဆက်အသွယ်ရသွားတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

 

ပြဿနာက စက်ရုံမှူးက အဲ့ဒါတွေလုပ်နေတာကို ပိုင်ရှင်က မသိတာ။ သတင်းမှာလည်း ဟို ဗိုလ်မှူးကလည်း သူ မသိဘူးပြောတယ်။ အောက်ခြေမှာ စက်ရုံမှူးနဲ့ ဝေစားမျှစားတွေ ဖြစ်နေတာလို့ အိုးစောင့်နေရသူတစ်ဦးက ပြောပါတယ်။

 

ဗီနိုင်းကပ်ထားတာကို ကိုယ်တိုင် မြင်ရသူတစ်ဦးက "စဉ်းစားကြည့်ဗျာ၊ စစ်ဒေသမှူးနာမည်နဲ့ ဖုန်းနံပါတ်ကို ဗီနိုင်းထဲ ထည့်ရေးပြီး ကပ်ရဲတာ၊ တော်ရုံ ဘယ်သူလုပ်ရဲမလဲ" လို့ ပြောပါတယ်။

 

ခုနေ့လယ်မှာတော့ အိုးအကြီး (၄၀၊ ၅၀၊ ၆၀ လီတာ) တွေကို ဒီနေ့အတွက် ထည့်ပေးတော့မှာ မဟုတ်ဘဲ အိုးအသေး (၄၀ လီတာအောက်) တွေကိုပဲ ထည့်ပေးတော့မှာလို့ သိရပါတယ်။

နိုင် အောက်ဆီဂျင် စက်ရုံရှေ့က မြင်ကွင်း။ (ဓာတ်ပုံ - STHN)

 

အိုး သူခိုးတွေလည်း ရှိတယ်။ လူစောင့်ထားရတယ်။ အဲ့လူတွေကို နေ့စားခပြန်ပေး။ ထမင်းကျွေးပေါ့လို့ အောက်ဆီဂျင် ဖြည့်ဖို့ ကူညီပေးနေတဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

 

တောင်ဒဂုံ စက်မှုဇုံထဲမှာ စစ်ဆေးရေးလာမယ်လို့ သတင်းတွေ ထွက်နေပြီး နဂိုဖြည့်ပေးနေတဲ့ စက်ရုံအတော်များများလည်း ဒီနေ့ ပိတ်ထားတယ်လို့ သိရပါတယ်။

 

You can treat me a cup of coffee.

wave

Press ESC to close