လမ်းမတော်မှာ ဘာဖြစ်ခဲ့တာလဲ

မနေ့ညက အားလုံး စမ်းချောင်းကို စိတ်ပူနေစဉ်မှာပဲ ည ၁၂ နာရီခွဲလောက်မှာ လမ်းမတော် ၃ လမ်းမှာ လူ အနည်းဆုံး ၂၅ ဦးကျော် (ဒီထက်လည်း ပိုနိုင်) ဖမ်းခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေကလည်း ဘာကြောင့် ဖမ်းသွားမှန်း မသိကြပါဘူး။

 

တကယ်တော့ ဒီလိုဖမ်းဆီးမှုတွေ မဖြစ်ခင် ည ၁၁ နာရီလောက်မှာ လမ်းမတော် ဝါးတန်းလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ ကရိန်းကား၊ ထရပ်ကားတွေနဲ့ ရွှေငါးတစ်စီးပါဝင်တဲ့ ယာဉ်တန်းကို ရပ်ကွက်က လူတွေက သတိထားမိခဲ့ပါတယ်။ မြေနီကုန်းမှာ နေထိုင်သူ မျက်စိနဲ့တပ်အပ်မြင်လိုက်ရသူတွေ ပြောတာကတော့ ဒီယာဉ်တန်းဟာ မြေနီးကုန်း ခုံးတံတားပေါ်ကနေ ဖြတ်သွားခဲ့တာပါ။

 

အဲ့ဒီကားတန်းရဲ့ နောက်ဆုံးကား ရွှေငါးကို ရပ်ကွက်ကလူတွေက တားဆီးပြီး စစ်ဆေးခဲ့ပါတယ်။ စမ်းချောင်းမှာ ဖမ်းခံရသူတွေအတွက် ဆန္ဒထုတ်ဖော်နေချိန်ဖြစ်လို့ လူအင်အားလည်း ရှိပါတယ်။ အဲ့ဒီမှာ အရပ်ဝတ်နဲ့ လူ ၅ ယောက်ကို ဖမ်းမိပြီး ကားထဲကို စစ်ဆေးကြည့်ရာမှာ လက်နက်တွေ တွေ့ရသလို စစ်ဝတ်စုံတွေလည်း တွေ့ရတာပါ။ ဒီသတင်းဟာ စမ်းချောင်းမှာ ရုတ်ရုတ်သဲသဲဖြစ်ပျက်နေတဲ့ တချိန်တည်းမှာပဲ ကျနော့်ဆီ့ကို တောက်လျှောက် တက်နေခဲ့တာပါ။

 

ဒီလူတွေကို လမ်းမတော် ၃ လမ်းထဲကို ခတ္တခေါ်ခဲ့ပါသေးတယ်။ ကားထဲပါလာသူက သူ့ကိုယ်သူ အရာရှိလို့ပြောပြီး ပြန်လွှတ်ပေးဖို့ ပြောခဲ့ပါတယ်။ အဲ့ဒီနောက် လမ်းမတော် ၃ လမ်းထဲကနေ လက်နက်တွေရော၊ ကားရော၊ လူတွေပါ ပြန်လွှတ်ပေးခဲ့ပါတယ်။

 

အဲ့ဒီနောက် ည ၁၂ နာရီကျော်မှာ ကျမအိမ်ကို ဝင်စီးတဲ့အချိန်မှာ အားလုံး စစ်သားတွေချည်းပဲ၊ ရဲမပါဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူက ဆိုပါတယ်။ သူ့အဆိုအရ စစ်သားတွေဟာ အိမ်ခန်းတွေထဲ ဝင်မွှေပြီး ယောက်ျားလေးတွေဆိုရင် ထွက်ခဲ့ဖို့ ပြောပါတယ်။ ကျနော့်ကို ဆက်သွယ်လာသူ အမျိုးသမီးရဲ့ မောင်ဖြစ်သူဟာ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံလိုက်ရပါတယ်။

 

ယောက်ျားလေး အဆောင်တခုကိုလည်း ဝင်စီးပြီး ယောက်ျားလေး အများစုကို ဖမ်းခေါ်သွားတယ်လို့ မျက်မြင်တွေ့ရှိလိုက်သူတဦးကလည်း ပြောပါသေးတယ်။

 

အားလုံး စစ်ဝတ်စုံတွေနဲ့ချည်းပဲ။ သူတို့ကို ဖမ်းဆီးစစ်ဆေးလို့ ပြန်ပြီး ကလဲ့စားချေတဲ့အနေနဲ့ လမ်းထဲက လူတွေကို ဝင်ဆွဲတာ။ ပြီးတော့ ကားကို စစ်တဲ့အချိန်မှာက အားလုံး ယောက်ျားလေးတွေချည်းပဲလေ၊ ဒီကောင်တွေက အငြိုးနဲ့ပြန်လာတာလို့ ကိုယ်တိုင်မြင်တွေ့လိုက်ရသူ ပြောပါတယ်။

 

စစ်ဝတ်စုံဝတ်ထားတဲ့ လက်နက်ကိုင်အုပ်စုဟာ လမ်းမတော် ၃ လမ်းက လူတွေကို ဖမ်းဆီးသွားပြီးနောက်ပိုင်း ကမ်းနားလမ်းကို ဆင်းပြီး ဘယ်ဘက်ကို ချို့ကွေ့သွားတယ်လို့ မြင်တွေ့လိုက်ရသူတွေကို ဆိုပါတယ်။ ဒါပေမယ့် ဖမ်းဆီးခံသွားရတဲ့လူတွေကို ဘယ်ကို ခေါ်သွားတယ်ဆိုတာတော့ မသိရပါသေးပါ။

You can treat me a cup of coffee.

wave

Press ESC to close