ပညာရေးလောက CDM တွေ ဘာ ဆက်ဖြစ်နေကြသလဲ...?  

 

အာဏာသိမ်းစ CDM လုပ်ကြတဲ့အထဲ ဆေးလောကသားတွေပြီးရင် အင်တိုက်အားတိုက်ပါဝင်ခဲ့တာက ပညာရေးလောကပါပဲ။ ကမ္ဘာ့မီဒီယာတွေရဲ့ ခေါင်းကြီးသတင်းတိုင်းမှာ ပါခဲ့တာပါ။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပထမဆုံး တိုက်ပွဲတွေထဲ CDM ဟာ အားကောင်းခဲ့တဲ့ ဖြစ်စဉ်တစ်ခုဆိုတာ ငြင်းမရပါဘူး။

ဒါပေမယ့် ခုတော့ CDM သမားတွေဟာ အမေ့ခံ ဘဝကို ရောက်နေပါပြီ။ စစ်ကောင်စီက ဖိနှိပ်တာ၊ လှူဒါန်းမှုတွေကို ဖြတ်တောက်တာ၊ ဘဏ်အကောင့်တွေ ပိတ်တာတွေကြောင့် ထောက်ပံ့မှုတွေဟာ ထင်သလောက် ခရီးမရောက်နိုင်တော့သလို တစ်ဖက်မှာလည်း လက်နက်ကိုင် တော်လှန်နေကြသူတွေကို ထောက်ပံ့နေကြရတော့ CDM ဘက်ကို အားနည်းသွားခဲ့ရပါတယ်။

ဒီအချိန်မှာ CDM သမားတွေ ဘာဖြစ်သွားကြပါသလဲ...?

ပညာရေးလောကသား CDM သမားတစ်ဦး စာတစ်စောင်ပေးပို့လာပါတယ်။ (စာထဲပါတဲ့ တချို့ အသုံးအနှုန်းတွေ၊ နေရာတွေနဲ့ လုံခြုံရေးအရ အန္တရယ်ရှိနိုင်တာတွေကို ပြောင်းလဲထားပါတယ်၊ ကျန်တာအားလုံးကတော့ ပေးပို့လာသူရဲ့ မူရင်း အရေးအသားများပဲ ဖြစ်ပါတယ်။)

ကျောင်းတစ်ကျောင်း၊ ဆရာ/ဆရာမ အရေအတွက် အနည်းငယ်ပဲ ရှိတဲ့ ကျောင်းတစ်ကျောင်းပေါ့။ ရှေ့ပိုင်း CDM တွေ အားကောင်းတုန်းက အများကြီး လုပ်ကြတယ်။ တချို့ဆိုရင် လမ်းပေါ် ဆန္ဒထုတ်ဖော်တဲ့အထိ ပါဝင်ခဲ့တယ်။

နောက်ပိုင်း ယာယီ ရပ်ဆိုင်းတာ၊ အဖမ်းအဆီး တွေရှိလာတော့ ဆရာမတချို့ Non-CDM ဖြစ်သွားကြပါတယ်။ တချို့က ပြန်ဝင်ဖို့ စစ်ကောင်စီ သတ်မှတ်တဲ့အချိန်မှာ ပြန် Non လိုက်ကြတာကြောင့် နဂို မူလကျောင်းမှာပဲ ပြန်လည်တာဝန်ထမ်း ဆောင်ကြရတယ်။ 

ယာယီရပ်ဆိုင်းကိစ္စ ထွက်ပြီးမှ ပြန်လည် ဝင်ရောက်သူတွေကတော့ ခံဝန် ကတိ ထိုးရတယ်။ ဆရာ/ဆရာမ သက်သေ နှစ်ဦး လိုက်ပေးရပြီး တိုင်းရုံးမှာ အစစ်ဆေးခံရပါတယ်။ ဒါပေမယ့် နဂိုမူလ ကျောင်းကို ပြန်မရပါဘူး။ တခြားကျောင်း ပြောင်းရွှေ့ခံရပြီး တာဝန်ထမ်းဆောင်ရပါတော့တယ်။

ပြီးတော့ Non-CDM ပြန်ဖြစ်သွားတဲ့ အထဲမှာ ပင်စင်ယူခါနီးတဲ့ ဆရာမတွေ ပါပါတယ်။ အဲ့ဒီဆရာမကြီးတွေက သက်ပြည့်ပင်စင်တော့ လိုသေးတယ်။ လုပ်သက်ပင်စင်တော့ ယူလို့ရတယ်ပေါ့။ အဲ့ဒါကြောင့် Non-CDM ဖြစ်သွားပေမယ့် စစ်ကောင်စီ အောက်တော့ ကြာရှည်မလုပ်ချင်ဘူး။ လုပ်သက်ပြည့် ပင်စင်တင်ကြမယ်ဆိုပြီး တင်ကြပြန်တယ်။ ဒါပေမယ့် တင်တဲ့လူတွေ များလာတဲ့အခါ လုပ်သက်ပြည့်ပင်စင်တွေကို မပေးသေးပါဆိုပြီး ရပ်ဆိုင်းပစ်ပါတယ်။

Non-CDM ဖြစ်သွားပေမယ့် လမ်းထွက်ဆန္ဒပြခဲ့တဲ့ ဆရာမတွေကတော့ ပုဒ်မ ၅၀၅ တပ်ခံရပါတယ်။ ပြီးတော့ ဝန်ခံကတိထိုးရမယ်ဆိုပြီး ရဲစခန်းကို အခေါ်ခံရပါတယ်။ အဲ့ဒီမှာ စာရွက်စာတမ်း မပြည့်စုံလို့ဆိုပြီး ရဲစခန်းဝန်းထဲ ရောက်ပြီးသား တရားခံ ပြန်လွှတ်ပေးရင် အဆင်မပြေဘူးဆိုပြီး ဖမ်းခေါ်ထားပါတယ်။ ဆရာမတွေဟာ ရဲစခန်းအချုပ်မှာပဲ လ အတော်ကြာအောင် အချုပ်ခံခဲ့ကြရပါတယ်။

နောက်ပိုင်း ဒီလို ဖမ်းဆီးခံရတဲ့ ဆရာမတွေ လွတ်လာပြီး နဂိုမူလကျောင်းပဲ ပြန်လည်တာဝန်ထမ်း ဆောင်ရမယ်လို့ သတင်းထွက်တယ်။ ပြီးတော့ တိုင်းပညာရေးမှူးရုံးတွေမှာ အစစ် ဆေးခံရပါတယ်။ ဒါပေမယ့် ဝေလံခေါင်ဖျား ကျောင်းတခုကို ပြောင်းရွှေ့ခံရနိုင်ပါတယ်။ 

ပြောချင်တာက CDM တွေ Non CDM ပြန်လုပ်တဲ့အခါ စကစ ဟာ "မင်းတို့ ငါတို့ကို ဆန့်ကျင်ထားတာ။ အဲ့ဒီတော့ မင်းတို့ နဂိုအတိုင်းတော့ ပြန်မရဘူး။ အောက်ကျနောက်ကျတော့ ခံရမယ်" ဆိုပြီး လုပ်တာပါပဲ။

ပြီးတော့ ခေတ်အဆက်ဆက် ကျောင်းပိတ်ရက်ကို စနေ၊ တနင်္ဂနွေ သတ်မှတ်ပိတ်တာကနေ အခု စစ်ကောင်စီ လက်အောက်မှာ သင်ရိုးတွေ အမြန်ပြီးအောင်ဆိုပြီး တနင်္ဂနွေ တစ်ရက်ပဲ ပိတ်ပါတော့တယ်။ ဆရာ/ဆရာမ တွေဟာ ကျောင်းစိမ်းဝတ်ပြီး ကျောင်းမတက်ရပါ။ အပြင်ဝတ်စုံနဲ့သာ ကျောင်းတက်ပြီး စာသင်ကြရပါတယ်။ ချေးငွေကိုလည်း အရင် ရှေ့နှစ်လ လောက်ကစပြီး လစာထဲက ဖြတ်ခံရပြီး ဆပ်နေကြရပါပြီ။

နိုဝင်ဘာ ကျောင်းမဖွင့်ခင် ရှေ့လတွေ တစ်ဖြတ်ဖွင့်တုန်းက ကျောင်းရှေ့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေနဲ့ စစ်သားတစ်ယောက်၊ ကျောင်းဝန်းထဲက ဂိတ်တဲထဲမှာ ရဲတစ်ယောက် ဒါမှမဟုတ် နှစ်ယောက် မဟုတ်ရင် ရဲမေ စောင့်ပါတယ်။ အခုတော့ ဆရာ/ဆရာမတွေက ဂျူတီစောင့်ရပါတယ်။

ဒါကြောင့် CDM တွေကို Non CDM ပြန်မလုပ်ဖို့ ကျနော့်အနေနဲ့ တိုက်တွန်းပါရစေ။ ကိုယ် လျှောက်ထားတဲ့လမ်းကြောင်းကို အဆုံးထိ ယုံယုံကြည်ကြည် ခိုင်မတ်စွာ ဆက်လျှောက်ကြပါ။ စစ်ကောင်စီ လက်အောက်ထဲ အောက်ကျနောက်ကျခံ အပြစ်ပေးခံရပြီး ဘယ်တော့မှပြန်ပြီး Non CDM မလုပ်ကြပါနဲ့ခင်ဗျာ။ 

- CDM ပညာရေးဝန်ထမ်းတစ်ဦး

You can treat me a cup of coffee.

wave

Press ESC to close