စစ်ကိုင်းတိုင်း ကနီမှာ ဘာတွေဖြစ်နေသလဲ

စစ်ကိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပျက်ခဲ့တာတွေမှာ ကိုဝေမိုးနိုင်ကို တိုက်ပြီး ဖမ်းဆီးခဲ့တဲ့ကားကို မိထားတယ်ဆိုတာတွေ၊ တိုက်ပွဲသဏ္ဍန် ဖြစ်နေတယ်ဆိုတာတွေနဲ့ လူသေဆုံးမှုတွေကိုလည်း အတည်ပြုလို့ မရခဲ့ဘဲ ကောလာဟလတွေသာ များခဲ့တာပါ။

 

Mratt’s Channel အနေနဲ့ ကနီနဲ့ပတ်သက်လို့ မြေပြင်မှာ တကယ်ရှိနေတဲ့လူတွေနဲ့ ဆက်သွယ်နိုင်ဖို့ တောက်လျှောက် ကြိုးစားခဲ့ပါတယ်။ မနေ့ကတော့ ယုံကြည်ရသူတွေနဲ့ အဆက်အသွယ်ရခဲ့ပြီး ပျံ့နှံ့နေတဲ့၊ ပျံ့နှံ့ခဲ့တဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ခဲ့ပါတယ်။

 

မုံရွာမှာ ကိုဝေမိုးနိုင်ကို တိုက်ပြီး ဖမ်းကားကို ဖမ်းမိတာ ဟုတ်သလား

ကိုဝေမိုးနိုင်စီးလာတဲ့ ဆိုင်ကယ်ကို မျက်နှာချင်းဆိုင်ကနေ အနက်ရောင်ကားနဲ့ တိုက်ခဲ့တာပါ။ ရုပ်သံကို ကြည့်လိုက်ရသူတွေ မြင်ကြမှာပါ။ ဒါပေမယ့် ကနီမှာ ဖမ်းမိခဲ့တဲ့ကားကတော့ အဖြူရောင် ဖြစ်ပါတယ်။ ဖမ်းမိထားတာ (၂) စီးရှိပြီး နှစ်စီးလုံးဟာ စစ်တပ်နဲ့ ဒလန်တွေရဲ့ ကားတွေလို့ သိထားပါတယ်။

 

ပြည်သူဘက်က ကျဆုံးအင်အား ဘယ်လောက်ရှိလဲ

ကနီမှာ ပြီးခဲ့တဲ့ တပတ်လုံးဟာ ပြည်သူတွေကို တောက်လျှောက် ပစ်သတ်နေခဲ့တာပါ။ ပြည်သူတွေဘက်က ပြန်လှန်ခုံခဲ့ပြီး သေဆုံးစာရင်းတွေလည်း အတည်ပြုလို့မရဘဲ ကောလာဟလတွေသာ များခဲ့ပါတယ်။

 

လက်ရှိ အတည်ပြုနိုင်သမျှ ဧပြီ ၂ ရက်နေ့က ၄ ယောက်ကျခဲ့ပါတယ်။ ဒီထဲက အလောင်း နှစ်လောင်း ပြန်ရခဲ့ပေမယ့် ကျန်နှစ်လောင်းကိုတော့ မသိရပါဘူး။ ပြီးတော့ လူ နှစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ပစ်ခတ်မှုတွေဖြစ်နေတဲ့ မိုးကောင်းရွာ (ကနီ) မှာ ၃ ယောက် ၊ ဘန့်ဘွေးက ၁ ယောက်၊ လည်ရှည်က ၁ ယောက်၊ သမင်စပ်က ၁ ယောက် စုစုပေါင်း ၆ ယောက်ကျဆုံးခဲ့ပြီး ဖြစ်ပါတယ်။ လာပိုရွာအနီးက တောင်ပေါ်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ ၂ ယောက်ကျခဲ့ပါတယ်။  

 

ဒီနေ့ (ဧပြီ ၁၉) အခြေအနေ

ဝင်းကုန်းရွာ (အလောင်းတော်ကသပနဲ့ အနီးဆုံးရွာ) ကို ဒီနေ့ဝင်မယ်၊ ရွာထိပ်မှာ စစ်ကားတွေ အလုံးအရင်းနဲ့ ရွာထဲဝင်ဖို့ပြင်နေပြီး အင်အားမမျှတော့ ပြည်သူတွေ ရှောင်နေရတယ်လို့ ဆိုပါတယ်။

 

ကနီဘက်က တိုက်ပွဲ အခြေအနေ

မနေ့ကရော ဒီနေ့မှာပါ ကျေးရွာတွေဘက်ကို အသည်းအသန်ရှာဖွေစစ်ဆေးမှုတွေလုပ်နေပြီး ယာကြီးဘက်က ရွာတစ်ရွာမှာ ပိုက်ဆံ ၃၈ သိန်းနဲ့ စားစရာ ဒန်အိုးဒန်ခွက်ပါမချန် တွေ့သမျှအကုန်ယူသွားကြောင်း တစ်ဆင့် ကြားသိရတယ်ဆိုပါတယ်။ ပြီးတော့ “လက်နက်ရှာတယ် ဆိုတဲ့ ခေါင်းစဥ်နဲ့ ရွာတွေကို ဓားပြတိုက်နေတယ်” လို့ သတင်းပေးလာသူက ဆိုပါတယ်။

 

ဒီနေ့ သူတိုဘက်က အင်အားဘယ်လောက်ရှိလဲ

တွေ့ရသလောက်က စစ်ကား ၂၈ စီးလောက်ရှိပြီး ဒရုန်းတွေပါ မြင်ရတယ်။ ပြည်သူတွေက ထောင်နဲ့ချီပြီး ခုခံနေတာမို လူစုရှိမရှိကို ဒရုန်းနဲ့ရှာဖွေတာတွေ လုပ်နေတယ်လို့ သိရပါတယ်ခင်ဗျာ။

 

You can treat me a cup of coffee.

wave

Press ESC to close