စစ်ကိုင်း မင်းကင်းမှာ ဘာတွေ ဖြစ်နေသလဲ

စစ်ကိုင်း၊ ချင်းတွင်းမြစ်အထက်ပိုင်း မင်းကင်းမြို့က တကယ်တော့ အဲ့ဒီဒေသဝန်းကျင်မှာ ခေါင်လွန်းတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။ တချို့ကျေးရွာတွေဟာ အခုချိန်ထိ ကားလမ်း မပေါက်သလို ၈၈ တုန်းက အရေးအခင်းဖြစ်သွားတာကိုတောင် မသိခဲ့တဲ့ ရွာမျိုးတွေ ရှိပါတယ်။ ခုတိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတဲ့ အဲ့ဒီနေရာတွေက လူတွေဟာ ရိက္ခာပြတ်လပ်မှုဒဏ်ကို ခံနေကြရပါတယ်။

 

မြေပြင်မှာ ရှိနေသူ တစ်ဦးနဲ့ Mratt’s Channel အတွက် သတင်းထောက် ‘အောင်ထက်ကျော်’ က  ဆက်သွယ်မေးမြန်းထားပါတယ်။

 

မေး - လက်ရှိ မြေပြင်အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ - အခု စစ်ခွေးတွေက မင်းကင်းမြို့နယ် သင်တောရွာမှာ တပ်စွဲထားပါတယ်။ သူတို့က ပြန်မယ်လို့လည်း မသေချာသေးဘူး။ မပြန်ဘူးလို့လည်း မသေချာသေးဘူး။ သူတို့အတွက် ရိက္ခာတွေကို ပျူစောထီးတွေက ဒီနေ့ (ဇွန် ၂၉ ရက်) မှာ ရှာနေကြတယ်။ ရွာတွေမှာကျတော့ ပြည်သူတွေက မကပ်ရဲဘူး။ လူတစ်ယောက်မှမရှိဘူး။ အဲဒီတော့ စျေးဆိုင်တွေမှာလည်း အဝင် အထွက် မရှိ၊ လူသူပြတ်လပ်ပြီး စားနပ်ရိက္ခာအခက်အခဲဖြစ်နေတယ်။

 

မေး - အဲဒီလိုဖြစ်နေတဲ့ ကျေးရွာပေါင်း ဘယ်လောက်ရှိလဲ။

ဖြေ - စုစုပေါင်းဆိုရင် ၁၅ ရွာ အနည်းဆုံးရှိတယ်ဗျ။

 

မေး - အခုအခြေအနေက ဘယ်ရက်က ဘယ်လိုစဖြစ်လဲဗျ။

ဖြေ - အကြမ်းဖက်စစ်တပ်က မင်းကင်းမြို့နယ် ပင်ကင်းရွာကို ၁၄ ရက်နေ့က စဝင်တယ်။ အဲ့နေ့လောက်ကတည်းက သုံးလေးရွာက ရွာလုံးကျွတ်နီးပါးပြေးရပြီပေါ့။ ကျန်တဲ့ရွာတွေက ပင်ကင်းကနေပြီး ကျွန်တော်တို့ မြစ်ရိုးအောက်ကို ကူးတဲ့အချိန်မှာ ထွက်ပြေးရတာပါ။ မြစ်ရိုးအောက်ဆိုတာ ရွာ ၁၀ ရွာ ပတ်ခြာဝိုင်းနေတာ။ အဲဒီရွာတွေထဲက ပန်းသည်ရွာကို အထိုင်ချလိုက်တော့ အခြားရွာတွေကအော်တိုထွက်ပြေးရတာ။ အဲဒီရွာကို အထိုင်ချပြီး ကျန်တဲ့ဘေးရွာတွေမှာ သူတို့လိုချင်တဲ့ ပစ္စည်းတွေလိုက်ယူတယ်။ လူတွေကို နှိပ်စက်တယ်ပေါ့။

 

အဲဒီလိုတွေလုပ်ပြီး ကနီနယ်ထဲက မိချောင်းကင်းရွာကိုတောင် သွားပြီး ရွာတွေကို ဝင်စီးခဲ့သေးတယ်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ ကျွန်တော်တို့ တုံရွာပေါ့။ တုံရွာကို မဝင်ဘဲနဲ့ ဘေးရွာတွေကိုပဲ သူတို့ ပတ်ဝင်ပြီးတော့ ၂၄ ရက်နေ့ မနက် ၆ နာရီလောက်ကမှ တုံရွာက လူတွေ စစ်ဘေးရှောင်နေတဲ့ စခန်းကို ဝင်စီးသွားတယ်။ ရွာထဲကို ဝင်စီးတာမဟုတ်ဘဲနဲ့ ဘေးမှာ သီးသန့် စစ်ဘေးရှောင်နေတဲ့ နေရာကို ၁၀ ရက်မြောက်တဲ့နေ့မှ ဝင်စီးတာ။

 

မေး - အဲဒီလိုဝင်စီးတဲ့အချိန်မှာ စစ်တပ်က အင်အားဘယ်လောက်ရှိလဲ။ အစ်ကိုတို့အနေနဲ့ အဲဒီနေ့က ဘာတွေ ဆုံးရှုံးသွားလဲ။ ၂၄ ရက်နေ့က အခြေအနေလေး ပြောပြလို့ရမလား။

ဖြေ - အဲဒီနေ့ မနက် ၆ နာရီ ၁၅ လောက်မှာ သူတို့က သူတို့စခန်းချတဲ့ ပန်းဆက်ရွာကနေ စက်လှေနဲ့ စုန်တက်လာတယ်။ သူတို့တက်လာချိန်မှာ ကျွန်တော်တို့ ပြေးရတာပေါ့။ ကျွန်တော်ခန့်မှန်းကြည့် တာ သူတို့က ၃၀ လောက်ပဲ ရှိတာ။ အရပ်ဝတ်၊ အရပ်စားတွေနဲ့ လာပြီးဝင်စီးတာ။ အဲဒီမှာ ကျွန်တော်တို့ဘက်က ထွက်ပြေး၊ ထွက်ပြေးတဲ့အချိန်မှာ သူတို့က သေနတ်တွေနဲ့ ရွာကို ဝင်ပစ်တဲ့အခါကျတော့ မလွတ်နိုင်ဘူးထင်တဲ့အချိန်မှာ PDF က ပြန်တိုက်တာပေါ့။ ကာပြီးတော့ ပြန်ပစ်ပေးတာပေါ့။

 

ကာပစ်ပေးတော့ PDF က လူငယ် ငါးယောက်နဲ့ အမျိုးသမီးတစ်ယောက် သေတယ်ဗျ။ အခု တောထဲမှာလည်း အမည်မသိသေးတဲ့ နှစ်လောင်းလည်း ရှိပါသေးတယ်။ သူတို့ရန်ကို ကြောက်တော့ ရွာကို ပြန်မကပ်နိုင်တော့ ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုပေးနိုင်ဘူး။ ပစ္စည်းဆုံးရှုံးမှုအနေနဲ့က တော့ ရွာကို ဖျက်ဆီးတယ်။ နိုင်တာတွေ အကုန်သယ်တယ်။ ဆိုလာပြားတွေ၊ ဆိုင်ကယ်တွေ အကုန်ရိုက်ခွဲထားခဲ့တာပေါ့။ တီဗီတွေ၊ ဘက်ထရီအိုးတွေရောပေါ့။ စျေးဆိုင်တွေ ဖျက်ဆီးတယ်။ အဲဒီလိုတွေ လုပ်သွားတယ်။

 

မေး - စစ်တပ်နဲ့ တိုက်ပွဲဖြစ်တာက ၂၄ ရက်နေ့တစ်ရက်တည်းလား။ အခြားရက်တွေမှာရှိလား။

ဖြေ - အခြားရက်တွေမှာ မရှိဘူး။  နေ့ခင်းဘက် မွှေတယ်။ ညဘက်တွေမှာ ပစ်တယ်။ လက်နက်ကြီးတွေ သုံးပြီးတော့ကို ပစ်တယ်။ အဲဒီတော့ ရွာကို ဘယ်သူမှလည်း မနေရဲဘူး။

 

မေး - မင်းကင်းမြို့နယ်မှာ အစ်ကိုတို့ဒေသတစ်ခုပဲ အခုလိုကြုံတွေ့ရတာလား။ အခြားနေရာတွေမှာဖြစ်တယ်လို့ ကြားသိရတာရှိလား။

ဖြေ - အဲဒီလိုမကြားမိဘူး။ ကျွန်တော်တို့ မြေအိုးအောက်တစ်ခုတည်း ဖိခံလိုက်ရတာ။

 

မေး - မြေအိုးအောက်ဒေသမှာ နေရပ်စွန့်ခွာထွက်ပြေးနေသူတွေ ဘယ်လောက်ရှိနေပြီလဲ။

ဖြေ - ခန့်မှန်းသလောက် အိမ်ထောင်စုပေါင်း တစ်ထောင်ကျော်နေပြီဗျ။ ရွာတစ်ရွာမှာ အိမ်ခြေ ၁၀၀ နီးပါးနဲ့တွက်မယ်ဆိုရင်တောင်မှ ထောင်ကျော်နေပြီ။ ရွာလုံးကျွတ်နီးပါးတွေ ပြေးရတာပဲ။ ပျူ စောထီးကျန်တဲ့အိမ်တွေလောက်ပဲကျန်တယ်။ ဘုန်းကြီးကျောင်းတွေကအစ မချန်၊ မညှာတဲ့အခါကျတော့ ဘယ်သူမှ မနေရဲတာ။ ရွာလုံးကျွတ်တွေဖြစ်သွားတာ။

 

မေး - အဲဒီလို တိမ်းရှောင်နေတာက ဇွန် ၁၄ လောက်က စတာလား။

ဖြေ - ဟုတ်တယ်။ အခုဆိုရင် ၁၅ ရက်၊ ၁၆ ရက်ဝန်းကျင်လောက် ရှိနေပြီ။

 

မေး - ဒီကာလအတွင်း နေရပ်တိမ်းရှောင်နေသူတွေ စားဝတ်နေထိုင်ရေး အခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ - ကျွန်တော်တို့အတွက် စားသောက်ရေးအတွက် ဘယ်ကမှ ဝင်လမ်းမရှိဘူးဗျ။ ချင်းတွင်းမြစ်ကို မှီတင်းနေတဲ့ ရေလမ်းရယ်၊ ကုန်းလမ်းရယ် နှစ်လမ်းရှိတာမှာ ကားလမ်းကလည်း ပိတ်လိုက်တယ်၊ ရေလမ်းကလည်း ရပ်ပစ်လိုက်တယ်။ ကုန်စည်စီးဆင်းမှုမရှိတော့ လက်ထဲမှာရှိတဲ့ ကျွန်တော်တို့ တောသူတောင်သားတွေဆိုတော့ ဆန်၊ ဆီ၊ ဆား ဒါလောက်ပဲ ရှိတယ်။

 

မေး - အခုရော PDF က ကာကွယ်ပေးနေသေးလား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ - ကျွန်တော်တို့နယ်က ကာကွယ်ရေးတပ်အနေနဲ့ကတော့ ကာကွယ်ပေးပါတယ်။ မြို့အနေနဲ့တော့ အကာအကွယ် လုံး၀ မရပါဘူး။ အသက် ၃၀ ကျော်တွေကတော့။ သန်တုန်း မြန်တုန်း၊ ပြေး နိုင်လွှားနိုင်တုန်း။ ၂၄ ရက်၊ ၂၅ ရက်တုန်းက တွေးမိတာရှိတယ်။ ကျွန်တော်တို့ အသက်မရှင်နိုင်တော့ဘူးလို့ တွေးမိတယ်။ ကျွန်တော်တို့မှာ အကူအညီ လုံး၀ မဲ့သွားတယ်။ မင်းကင်းဆိုတာလည်း သတင်း မီဒီယာတွေနဲ့ ဘယ်သူမှမသိတဲ့နေရာဖြစ်သွားတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အခုအချိန်အထိ မငိုရသေးပါဘူး။ ကျွန်တော်တို့ ငိုရင် ကျွန်တော်တို့ နောက်က မိသားစုတွေ ခံနိုင်မှာမဟုတ်လို့ ကျွန်တော်တို့ မငိုရသေးဘူး။ တစ်နေ့တော့ ငိုရဦးမှာပေါ့။

 

မေး - အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အစ်ကိုတို့ အခုရင်ဆိုင်နေရတာကို သိလား။ အကူအညီပေးတာမျိုးရှိလား။

ဖြေ - အခုလောလောဆယ်မှာ ကျွန်တော်တို့ ဘာအကူအညီမှ မရသေးဘူး။ ကိုယ်တတ်စွမ်းနိုင်သလောက် ကြိုးစားပြီးတော့ လုပ်ကိုင်နေကြတာ။

 

မေး - NUG ကို ပြောဆို တိုက်တွန်းချင်တာမျိုးရှိမလား။

ဖြေ - မရှိပါဘူး။ ကျွန်တော်တို့ ကိုယ့်အားကိုယ်ကိုးပြီး ကျော်ဖြတ်ရှင်သန်မယ်။ ကျွန်တော်တို့ ဒီထက်ဆိုးတာတော့ ထပ်မတွေ့နိုင်တော့ဘူးလို့ ထင်ပါတယ်။ ကိုယ့်အားကိုယ် ကိုးပြီး အကောင်း ဆုံးကျော်ဖြတ်ကြမယ်လို့ တွေးထားတာပါ။ သေနတ်တွေကြားမှာ ပြေးခဲ့ဖူးပြီးပြီ။ သေမှာလည်း မကြောက်တော့ပါဘူး။

 

You can treat me a cup of coffee.

wave

Press ESC to close