တိုင်းရင်းသားတပ်တွေ ဝင်ပါဖို့ ဘာလိုနေတာလဲ

ပြည်နယ်အချို့မှာ တိုက်ပွဲတွေ ဖြစ်နေကြတာမှာ အများဆုံးကြားရတာက ကချင်ပြည်နယ်မှာ ကေအိုင်အေက အာဏာလုစစ်ကောင်စီရဲ့ ရဲစခန်းတွေ သိမ်းပိုက်တာ၊ မင်းအောင်လှိုင်လက်ဝေခံ ပြည်သူ့စစ်စခန်းတွေကို သိမ်းတာတွေ တောက်လျှောက်ရှိနေခဲ့ပါတယ်။

 

ဒါပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ စစ်မျက်နှာ မဖွင့်သေးပါဘူး။ မြို့ကြီးတွေမှာ လူငယ်တွေဟာ နေ့မအားညမနား ပုံစံအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်နေကြသလို တဖက်မှာလည်း တိုင်းရင်းသားတပ်ဖွဲ့တွေဟာ မင်းအောင်လှိုင်စစ်တပ်ကို စစ်မျက်နှာ ဖွင့်လေမလားဆိုတဲ့ မျှော်လင့်ချက်တွေ ထုထည်ကြီးကြီးနဲ့ ရှိနေပါတယ်။

 

တိုင်းရင်းသားတပ်ဖွဲ့တွေ ပါဝင်လာနိုင်ဖို့ အရေးကြီးဆုံးနေရာကရှိနေတဲ့ CRPH အနေနဲ့လည်း ‘လုပ်နိုင်သမျှ အစွမ်းကုန်’ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတပ်ဖွဲ့တွေဟာ CRPH ကို CRPH လို့မမြင်ဘဲ NLD အဖြစ်သာ မြင်နေကြဆဲပဲဆိုတာ ငြင်းမရပါဘူး။ CRPH အနေနဲ့ ဒါကို နည်းလမ်းပေါင်းစုံနဲ့ ပြေလျော့သွားအောင် လုပ်ဖို့ လိုနေဆဲပါပဲ။

 

ဒေါ်အောင်ဆန်းစုကြည်လောင်းရိပ်အောက်က မလွတ်သေးတဲ့ NLD အမတ်တွေ အဖြစ်သာ မြင်နေဆဲပဲဆိုတာ ဒီနေ့ မတ် ၂၀ မှာ ဘီဘီစီနဲ့ အင်တာဗျူးလုပ်ခဲ့တဲ့ KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းရဲ့ ပြောဆိုချက်တွေမှာ မြင်တွေ့နိုင်ပါတယ်။

 

လက်ရှိအချိန်မှာ မြောက်ပိုင်းမှာ KIA, အရှေ့တောင်မှာ KNU နဲ့ အနောက်ပိုင်းမှာ AA တို့ သုံးဖွဲ့ဟာ ပြည်မနေလူထုအဖို့ မျှော်လင့်စရာလို့မြင်နေတဲ့အတွက် ဒီအဖွဲ့ကြီးသုံးဖွဲ့ထဲက KNU ရဲ့ ယခုပြောဆိုချက်ကို ဂရုပြုရမှာဖြစ်ပါတယ်။ သူ့ပြောဆိုချက်ထဲမှာ တိုင်းရင်းသားတပ်ဖွဲ့တွေ ဘာကြောင့် စစ်မျက်နှာ မဖွင့်ကြသေးတာလဲဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

 

ဖဒိုမန်းမန်း ပြောတာက...

 

“အရေးကြီးတာကတော့ နိုင်ငံတကာက ပံ့ပိုးမှုရမယ်ဆိုရင်တော့ ကျနော်တို့ အမြန်ဆုံး အောင်ပွဲခံနိုင်မှာ ဖြစ်တယ်။ နိုင်ငံတကာရဲ့ ပံ့ပိုးမှု မရဘူးဆိုရင်တော့ နည်းနည်း နှောင့်နှေးကြန့်ကြာနိုင်တဲ့အပိုင်းတော့ တွက်လို့ရပါတယ်” လို့ ဆိုပါတယ်။​

 

တိုင်းရင်းသားတပ်ဖွဲ့ကို နိုင်ငံတကာက ဘယ်လောက်ထိ ပံ့ပိုးမှုပေးနိုင်မလဲဆိုတာက တိုင်းရင်းသားတပ်ဖွဲ့တွေက မအလ စစ်တပ်ကို စစ်မျက်နှာဖွင့် မဖွင့်နဲ့ သွားပြီး သက်ဆိုင်နေတယ်ဆိုတာ ဒါကို ကြည့်ပြီး သိနိုင်ပါတယ်။

 

ပဒိုမန်းမန်းရဲ့ ပြောဆိုချက်ထဲက CRPH နဲ့ ပတ်သက်တာက...

 

“နိုင်ငံတကာ အကူအညီရအောင် CRPH အနေနဲ့ နိုင်ငံတကာ ကျင့်ဝတ်နဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့အညီ နိုင်ငံတနိုင်ငံရဲ့ တပ်မတော်ရဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အင်္ဂါရပ်နဲ့အညီ နိုင်ငံရေးအရ အုပ်ချုပ်မှုအရ စုဖွဲ့မှုက တကယ့်သိပ်သည်းကျစ်လစ်ဖို့တော့ လိုတယ်၊ တကယ့်ပီပီပြင်ပြင်နဲ့ စုဖွဲ့မှုကို ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်” လို့ ဆိုပါတယ်။

 

တရားဝင် မကြေညာသေးပေမယ့် စုဖွဲ့မှုဆိုတာကတော့ ဖက်ဒရယ် တပ်မတော်ကို ရည်ညွှန်းပုံရပါတယ်။ ဒါပေမယ့် ကျစ်လစ်သိပ်သည်းတဲ့ စုဖွဲ့မှု ဖြစ်ဖို့တော့ အချိန်ယူရကောင်း ယူရနိုင်ချေလည်း ရှိနေပြန်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတပ်တွေဟာ မလအ စစ်တပ်ကို ကြောက်သလား၊ တိုက်နိုင်မလားဆိုတာနဲ့ ပတ်သက်လို့တော့...

 

“တချိန်တည်းမှာပဲ (မအလ) တပ်မတော်ရဲ့ အင်အားရယ်၊​ စစ်လက်နက်ရယ်၊ ကျနော်တို့ အဲ့ဒါတွေ တွေးကြည့်ပြီးမှ ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ အရေးတော့ကြီးပါတယ်၊ ဒါပေမယ့် သိပ်ကြောက်စရာတော့ မလိုပါဘူး” လို့ ပဒိုမန်းမန်းက ပြောပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close