တာ(လ်)ဘန် ဆိုတာ ဘာလဲ  

တာ(လ်)ဘန်တွေအကြောင်း နာမည်ပဲ ကြားဖူးပြီး သူ့အကြောင်း သိပ်မသိသူတွေအတွက် ရေးပါတယ်။ သိပြီးသူများ ကျော်သွားနိုင်ပါတယ်။

 

ရုတ်တရက်ကြီး အာဖဂန် သတင်းက ဟော့သွားပြီးတဲ့နောက် မြန်မာက ပီဒီအက်ဖ်တွေနဲ့ တာ(လ်)ဘန်တွေကို နှိုင်းယှဉ်ပြောကြသလို တချို့ကလည်း သူတို့တွေရဲ့ လမ်းစဉ်တွေကို ထောက်ခံတာတွေရော၊ ရှုံ့ချကြတာတွေရောနဲ့ ရှုပ်ထွေးကုန်ကြပြီး တချို့ကလည်း ယောယိမ်းလိုက် ဘသားယိမ်းလိုက် ဖြစ်ကုန်ကြပါတယ်။

 

(ကျနော် ဂျာမနီ အချုပ်ထဲ ကျနေစဉ်က အခန်းဖော်က အဇ္ဇစ် ရှာကယ် ဆိုတဲ့ အာဖဂန်ပါ။ သူ့ အာဖဂန် အသံထွက် (ပေါ်ရှတို) အရဆို တာလီဘန်လို့ မထွက်ဘဲ တာ(လ်)ဘန် လို့ '' သံကို ဖျော့ပြီး အသံထွက်တာ သတိထားမိတယ်၊ ခု ရေးမယ့် စာမှာ သူ့ဒေသ အသံထွက်အမှန်အတိုင်းပဲ ရေးပါ့မယ်)

 

တာ(လ်)ဘန် ဆိုတာ မွတ်စလင်အုပ်စုကြီး နှစ်စုဖြစ်တဲ့ ဆွန္နီ နဲ့ ရှီးယိုက်တွေထဲက ဆွန္နီအုပ်စုဖြစ်ပါတယ်။ အစ္စလာမ်ဘာသာရေး အယူအဆဟောင်းတွေကို ပြန်လည်သွတ်သွင်းပြီး ခေတ်သစ်စနစ်မှာ ပြန်လည်ကျင့်သုံးတဲ့ မြန်မာအခေါ်မှာ ဒိုဘန်ဒီ (အင်္ဂလိပ်လိုတော့ Deobandi) ဂိုဏ်းသားတွေ ဖြစ်ကြပါတယ်။

 

တာ(လ်)ဘန် တွေဟာ အာဖဂန်နစ္စတန် နိုင်ငံရဲ့ လေးပုံသုံးပုံလောက်ကို ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်လောက်ထိ ထိန်းချုပ်ထားခဲ့ဖူးပြီး နောက်ပိုင်း အမေရိကန်တပ်တွေ ရောက်နေချိန်မှာတောင် နယ်မြို့တွေမှာ တာ(လ်)ဘန်ထောက်ခံတဲ့ ရွာတွေ၊ ရပ်ကွက်တွေမှာ သူတို့ကိုယ်တိုင် ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ ရှိခဲ့ပါတယ်။

 

ဒေသတချို့မှာ တာ(လ်)ဘန်တွေကို ထောက်ခံကြသလို တချို့နေရာတွေမှာတော့ မလွန်ဆန်နိုင်တ့အတွက် မချစ်သော်လည်း အောင့်ကာနမ်းနေခဲ့ကြရပါတယ်။

 

တာ(လ်)ဘန်တွေဟာ ရှရီအာ့သ် (Sharia Law) ကို ကိုယ်လိုရာဆွဲ ပြဌာန်း ကျင့်သုံးပြီး အမျိုးသမီးတွေ ကျောင်းတက်ခွင့်မပြုတာ၊ လူမြင်ကွင်းမှာ အမျိုးသမီးတွေ ဘူခါ (burqa) မဝတ်မနေရ ဥပဒေထုတ်တာ၊ အမျိုးသားတယောက်ယောက်ပါမှ အပြင်ထွက်ခွင့်ရှိတာ စတဲ့ ဥပဒေတွေ ကို တင်းတင်းကျပ်ကျပ် အမိန့်ထုတ်ပြန်၊ ချုပ်ချယ်ကြပါတယ်။

 

ဘူခါ (burqa) ဆိုတာက မျက်လုံးတောင် မမြင်ရအောင် ကွယ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံထားရတဲ့ ခြုံထည်ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ဟေဂျပ် (Hijab) လို့ခေါ်တဲ့ ခေါင်းဆောင်းပုဝါခြုံ (မျက်နှာဖော်) ထားတာရယ်၊ နိကပ် (Niqab) လို့ခေါ်တဲ့ မျက်စိဖော်၊ ခေါင်းဆောင်းပုဝါခြုံ တွေပဲ အတွေ့ရများပါတယ်။ ဘူခါခြုံသူတွေကိုတော့ အနည်းငယ်သာ တွေ့ရပါတယ်။

 

CNN သတင်းတပုဒ်ရဲ့ အဆိုအရ တကယ်လို့ တာ(လ်)ဘန်တွေ တနိုင်ငံလုံးကို အုပ်စိုးနိုင်ခဲ့ရင် ရှရီအာ့သ် (အစ္စလာမ် ဥပဒေ) ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးသွားမယ်လို့ တာ(လ်)ဘန်တွေက ပြောဆိုထားပါတယ်။

 

နိုင်ငံတကာ အသိုင်းအဝိုင်းက တာ(လ်)ဘန်ကို ရှုံ့ချကြတဲ့အထဲမှာ အာဖဂန်မှာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဂေါတမ ဗုဒ္ဓ ရုပ်ပွားတော်တွေကို ဖောက်ခွဲခဲ့တဲ့ ကိစ္စက ထိပ်ဆုံးက ပါပါတယ်။ မတ် ၂၀၀၁ ခုနှစ်က ဒီရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တွေကို တာ(လ်)ဘန်က ဖောက်ခွဲဖျက်ဆီးခဲ့တာပါ။

 

အဲ... မေ့တော့မလို့။ နိုဘယ်ဆုရှင် မာလာလာကို သေနတ်နဲ့ ပစ်ခဲ့တာကလည်း တာလီဘန်တပ်ဖွဲ့ဝင် တစ်ဦး ပါပဲခင်ဗျား။

You can treat me a cup of coffee.

wave

Press ESC to close