❝သူ့ မိဘတွေကတော့ သူ အသက်ရှိနေမယ် ထင်တုန်းပေါ့❞

စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့၍ ထွက်ပြေးရသူများ သိန်းချီရှိနေပြီဖြစ်သည်။ ထို့ပြင် မိဘဆွေမျိုးများ၊ သားသမီးများကို မျက်စိရှေ့တွင်ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်မီးရှို့သည်ကို မြင်ရ၍ စိတ် မတည်မငြိမ် ဖြစ်သွားသူများလည်း ဒုနဲ့ဒေးပင်။
 
ညဘက် အိမ်တံခါးခေါက် ခေါ်ဆောင်သွားပြီး မနက် အလောင်းပြန်လာထုတ်ခိုင်းခံရသူ မိသားစုဝင်များလည်း မရေတွက်နိုင်တော့။ တချို့ ထောင်ဒဏ် နှစ်ရှည်ချခံရ၊ တချို့ သေဒဏ်ချမှတ်ခံရ။ ယင်းတို့အနက် ဖမ်းဆီးခံရသည်ကို သိသော်လည်း သေသည်ရှင်သည် မသိရဘဲ သတင်းအစအန လုံးလုံးပျောက်နေသည့် ဖမ်းဆီးခံ လူငယ်များလည်း ရှိသည်။
 
စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မအေးနန္ဒာစိုးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၈ တွင် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးခဲ့ချိန်ကတည်းက တစ်နှစ်ခွဲကျော် ရက်ပေါင်း ၅၀၀ နီးပါးကြာ ယနေ့အချိန်အထိ မအေးနန္ဒာစိုး သေဆုံးခဲ့ပြီလား အသက်ရှင်နေဆဲပဲလားဆိုသည်ကို မည်သူမှ မသိကြပေ။
 
“သူ့မိဘတွေကတော့ သူ အသက်ရှိနေမယ် ထင်နေတုန်း၊ ကျနော်တို့လည်း ကိုယ့်ကိုယ်ကို ညာပီး အသက်ရှိမယ် ထင်နေတုန်းဗျာ” ဟု စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ပြင်ပဆက်ဆံရေး တာဝန်ခံက ဆိုသည်။
 
မအေးနန္ဒာစိုး ဖမ်းဆီးခံရချိန်သည် စစ်ကောင်စီက ၎င်းတို့ ဖမ်းဆီးထားသူမှန်သမျှကို ရဲ အချုပ်၊ ထောင် အချုပ်သို့ မပို့ဘဲ စစ်ကြောရေးသို့ တိုက်ရိုက်ပို့ကာ စစ်ဆေးနေချိန်ဖြစ်သည့်အတွက် ယင်းအချိန်က အဆက်အသွယ် မရသည်မှာ ပုံမှန်ဟူ၍သာ မိသားစုဝင်များက မှတ်ယူခဲ့ကြသည်။
 
သို့သော် အခြားဖမ်းဆီခံရသူများ စစ်ကြောရေးမှ ထောင်သို့ရောက်သည့်တိုင် မအေးနန္ဒာစိုးအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစုဝင်များနှင့် သူငယ်ချင်း ရဲဘော်ရဲဘက်များက မသိခဲ့ကြရပေ။ စစ်ကြောရေးတွင်သာ ဆက်ရှိနေလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။
 
စစ်ကိုင်းမြို့အဝင်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထိုမှ မန္တလေး၊ နန်းတွင်းရှိ စစ်ကြောရေးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ကနဦး သိရှိခဲ့ကြသည်။ ယင်း စစ်ကြောရေးတွင် ၄ လခန့်ကြာပြီးနောက် ယမန်နှစ် ဇန်နဝါရီက သေဒဏ်ကျအကျဉ်းသားများနှင့်အတူ ခေါ်ထုတ်သွားကြောင်း သိခဲ့ရသည်။ ယင်းနောက် ထပ်မံ၍ မကြားရတော့ပေ။
 
မအေးနန္ဒာစိုး၏ မိဘများမှာ စစ်ကောင်စီက ခရစ်ယာန်ဘုရားကျောင်း၊ ဗုဒ္ဓသာဘာဘုန်းတော်ကြီးပါမကျန် ရွာလုံးကျွတ် မီးရှို့နေသည့် စစ်ကိုင်းတိုင်းရှိ ကျေးရွာတစ်ရွာမှ ဖြစ်သည်။ သမီးဖြစ်သူ သေဆုံးပြီလား အသက်ရှိနေဆဲလား မသိရသည့် မိဘများမှာ တစ်ဖက်တွင် စစ်ကောင်စီက ၎င်းတို့နေထိုင်ရာ ရွာများကို စစ်ကြောင်းထိုးနေ၍ ပြေးလွှားနေကြရသည်။
 
“အခုဆို စစ်ကောင်စီ စစ်သားတွေ၊ ပျူတွေက အမြဲလိုလို စစ်ကြောင်းထိုး မီးရှို့နေလို့ သူ့ မိဘတွေဆို ရွာမှာနေရတယ်ဆိုတာ ခပ်ရှားရှား၊ တောမှာအိပ်၊ တောမှာစားပြီး လိုင်းမိတဲ့အချိန်တိုင်း သူ့သမီးသတင်း ဘာရသေးလဲဆိုပြီး ဖုန်းဆက်တယ်” ဟု သမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံက ဆိုသည်။
 
မွေးချင်းများစွာအနက် မအေးနန္ဒာစိုးက ထူးချွန်သည်။ ၁၀ တန်းတွင် ၅ ဘာသာ ဂုဏ်ထူးထွက်ခဲ့သည်။ ထို့နောက် ပညာရေးတက္ကသိုလ်သို့ ရောက်ခဲ့ကာ သမဂ္ဂအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ သမဂ္ဂဥက္ကဋ္ဌအဖြစ် တစ်နှစ်ခွဲခန့်ကြာ လုပ်ဆောင်ခဲ့ပြီး အမှုဆောင်သစ်များ ရွေးချယ်ရန် သမဂ္ဂရွေးကောက်ပွဲပြင်ဆင်နေချိန်တွင် ကိုဗစ်ဖြစ်ခဲ့ရာမှ အာဏာသိမ်းချိန်ထိ ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေခဲ့သည်။
 
“သူ ရွာမှာ ရှိနေတုန်းက တစ်ရွာလုံးက ကလေးတွေကို ခေါ်ပြီး အခမဲ့ စာသင်ပေးလေ့ရှိတယ်” ဟု သမဂ္ဂ ပြင်ပဆက်ဆံရေး တာဝန်ခံက ဆိုသည်။
 
မအေးနန္ဒာစိုးသည် ကလေးငယ်များကို စာသင်ရာတွင် စိတ်ရှည်သူတစ်ဦးဖြစ်သော်လည်း စစ်အာဏာမသိမ်းခင်က ကျောင်းအာဏာပိုင်များနှင့် မတရားမှုများ တွေ့ပါက ‘တိုပြတ်ပြတ်’ ပြောလေ့ရှိသူ အမျိုးသမီးငယ်တစ်ဦးအဖြစ် မိတ်ဆွေသူငယ်ချင်းများက သိကြသည်။
 
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းခဲ့သည်ကို နိုင်ငံတဝန်း ဆန့်ကျင်ခဲ့ရာ တန့်ဆည်မြို့နယ် သပိတ်စစ်ကြောင်းများတွင် မအေးနန္ဒာစိုး ပါဝင်ခဲ့သည်။ ထို့နောက် စစ်ကိုင်းအနှံ့ သပိတ်စစ်ကြောင်းများ ထွက်ကြရာ မအေးနန္ဒာစိုးမှာ ရှေ့ထွက်ဦးဆောင်သူများအနက် တစ်ဦးအပါအဝင် ဖြစ်သည်။
 
 
ဖမ်းဆီးခံရပြီး စစ်ကြောရေးမှတစ်ဆင့် မန္တလေးအိုးဘိုထောင်သို့ ပြောင်းရွှေ့ကာ တိုက်ပိတ်ထားသည်ဟု သတင်းများ ကြားသိရသလို နေပြည်တော်ထောင်သို့ ပြောင်းရွှေ့လိုက်ပြီဟုလည်း သတင်းအစအန ပျံ့ခဲ့သေးသည်။
 
လာမည့် ဇွန် ၁ တွင် ၂၃ နှစ် ပြည့်မည့် မအေးနန္ဒာစိုးမှာ ဖမ်းဆီးခံရစဉ်က ၂၁ နှစ်ဖြစ်သည်။ မန္တလေးနန်းတွင်း စစ်ကြောရေးတွင်ရှိနေခဲ့ချိန် စစ်ကောင်စီတပ်ဖွဲ့များက မအေးနန္ဒာစိုးကို အဓမ္မကျင့်ခဲ့ပြီး သတ်ပစ်လိုက်ပြီဟူ၍လည်း သမဂ္ဂအဖွဲ့ဝင်များက သတင်းကြားခဲ့ရပြန်သည်။
 
သို့သော် ၎င်းတို့အနေနှင့် မည်သည့်သတင်းကိုမှ အတိအကျ အတည်ပြုနိုင်ခြင်း မရှိပေ။ မိဘများမှာတော့ စစ်ဘေးရှောင်နေရင်းပင် သမီးဖြစ်သူ၏ သတင်းကို နေ့စဉ် နားစွင့်နေကြရသည်။
 
 
မအေးနန္ဒာစိုး၏ မိခင်ဖြစ်သူက “အန်တီ့ သမီးလေးက ပိန်ပိန်သေးသေးလေး၊ သူတို့ကို ဘာပြန်လုပ်နိုင်မှာမို့ သတ်ပစ်ရမှာလဲ၊ သမီးလေး မသေနိုင်ပါဘူး။ အန်တီတို့ ဗေဒင်မေးတိုင်း၊ နတ်မေးတိုင်း အသက်နဲ့ ခန္ဓာရှိသေးတယ်လို့ပဲ ဖြေကြတယ်” ဟု ဖုန်းဆက်ပြောလေ့ရှိကြောင်း သမဂ္ဂ ပြင်ပဆက်ဆံရေး တာဝန်ခံက ပြန်လည်ပြောပြသည်။

You can treat me a cup of coffee.

wave

Press ESC to close