တယ်လီနော် ဘွိုင်းကောက် ကိစ္စ

တယ်လီနော် ဖုန်းနံပါတ်ကို ဘွိုင်းကောက် လုပ်သင့်/မသင့်၊ ဆက်ပြီး သုံးသင့်/မသုံးသင့် လာမေးကြတာ အရမ်းများပါတယ်။ M1 Group, လစ်ဘနွန်နိုင်ငံ၊ Irrawaddy Green Towers (IGT) စသဖြင့် ကုမ္ပဏီတွေကများ၊ အချက်အလက်တွေကများပြီး ဘယ်ဟာ ဘယ်လို လိုက်ဖတ်ရမှန်း မသိ ဖြစ်ကုန်ကြတယ်လို့ ဆိုကြပါတယ်။

 

နော်ဝေနိုင်ငံအခြေစိုက် Telenor အပိုင် Telenor Myanmar ကို ဝယ်သွားတဲ့ M1 Group ဆိုတာ လစ်ဘနွန်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ဗြိတိန် (လန်ဒန်) နဲ့ အာရပ်စော်ဘွားများနိုင်ငံ (ဒူဘိုင်း) လို နိုင်ငံမျိုးတွေမှာ တယ်လီကွန်း လုပ်ငန်းကြီးတွေ ရှိနေတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခု။

 

တချို့ စာဖတ်သူတွေအတွက် တယ်လီနော်ရဲ့ မိခင်နိုင်ငံဟာ မြောက်ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နော်ဝေနိုင်ငံဆိုတာ သိပြီးဖြစ်ပေမယ့် ခု လစ်ဘနွန်ဆိုတာ ဘယ်နားက နိုင်ငံလဲဆိုပြီးလဲ မေးကြပြန်ပါတယ်။ လစ်ဘနွန်ဆိုတာ အနောက်အာရှနိုင်ငံ တစ်ခုဖြစ်ပြီး နိုင်ငံရဲ့ လူဦးရေ ၅၇ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ အာရပ်နိုင်ငံတစ်ခု ဖြစ်ပါတယ်။

 

ခု Telenor Myanmar ကို ဝယ်လိုက်တဲ့ M1 Group ရဲ့ ဥက္ကဋ္ဌ နာဂျစ် မီကာတီ ဆိုတာ အဲ့ဒီ လစ်ဘနွန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း တစ်ဦးပါ။ MBA ဘွဲ့ရ စီးပွားရေးလုပ်တဲ့ နိုင်ငံရေးသမား ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ်မှာ တစ်ကြိမ် ဝန်ကြီးချုပ်ရာထူးကို နှစ်ကြိမ် တာဝန်ယူခဲ့ဖူးပါတယ်။

 

ဝန်ကြီးချုပ်ရာထူး ယူထားချိန်မှာပဲ နာဂျစ် မီကာတီ ဟာ တယ်လီကွန်းကုမ္ပဏီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ သူ့ရဲ့ ပထမအကြိမ် ဝန်ကြီးချုပ် သက်တမ်းအပြီး ၂၀၀၆ ခုနှစ်မှာ အဲ့ဒီကုမ္ပဏီကို ပြန်ရောင်းခဲ့တယ်။ Forbes မဂ္ဂဇင်းရဲ့ ၂၀၁၅ ခုနှစ် ထုတ်ပြန်ချက်အရ (ဒုတိယအကြိမ် ဝန်ကြီးချုပ်​ ရာထူးက နားချိန်) နာဂျစ် မီကာတီ ဟာ လဘနွန်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။

 

အလွယ်ဆိုရရင် အာရပ် လဘနွန်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ပိုင်ဆိုင်တဲ့ M1 Group က နော်ဝေအခြေစိုက် Telenor Myanmar ကို ဝယ်လိုက်တာ ဖြစ်ပါတယ်။

 

မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စစ်တပ်ထဲက အကောင်ကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဟိုးအရင်ကတည်းက စာရင်းပြုစု ဖော်ပြနေတဲ့ BurmaCampaignUK ရဲ့ စာရင်း ထဲမှာလည်း ဒီ M1 Group ကို ထည့်သွင်းထားပါတယ်။

 

ဒါပေမယ့် M1 Group ဟာ စစ်ကောင်စီနဲ့ တိုက်ရိုက် ချိတ်ဆက်နေတာမျိုး မဟုတ်ဘဲ သူနဲ့ ချိတ်ဆက်နေတဲ့ Irrawaddy Green Towers (IGT) ကုမ္ပဏီက စစ်ကောင်စီနဲ့ ပတ်သက်နေတာပါ။ ဘာလို့လဲဆိုရင် လဘနွန် ဝန်ကြီးချုပ်ဟောင်း၊ M1 Group ရဲ့ ဥက္ကဋ္ဌ နာဂျစ် မီကာတီဟာ IGT ရဲ့ အဓိက ရှယ်ယာဝင် ဖြစ်နေတာကြောင့်ပါ။ IGT ဆိုတာကတော့ စစ်ကောင်စီရဲ့ အဓိက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ MyTel ကုမ္ပဏီအတွက် ဖုန်းတာဝါတိုင်လုပ်ငန်းတွေ လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုပါပဲ။

 

ဒါကြောင့် Telenor Myanmar ကို ပိုင်ဆိုင်သွားပြီဖြစ်တဲ့ M1 Group ရဲ့ ပိုင်ရှင်ဟာ စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်း Mytel အတွက် အလုပ်လုပ်ပေးနေတဲ့ IGT ရဲ့ ရှယ်ယာဝင် ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချလို့ မရဘူးလို့ ကောက်ချက်ချကြတာ ဖြစ်ပါတယ်။

 

အာဏာသိမ်းပြီးကတည်းက တယ်လီနော်မြန်မာရဲ့ ထုတ်ပြန်ချက်တွေဟာ စားသုံးသူအပေါ် အလေးထားခဲ့တယ်ဆိုပြီး လူအများစုက ကျန် တယ်လီကွန်းတွေထက် အမှတ် ပေးခဲ့ကြတာ တွေ့ရတယ်။ အင်တာနက်လိုင်းဖြတ်မှာကို ကြိုတင်အသိပေးတာ၊ တော်လှန်ရေးကာလအတွင်း တချို့သောအချိန်အပိုင်းအခြားအတွက် ဖုန်းပြောချိန်တွေ ဘောနပ်စ် ပေးတာ စသဖြင့်။

 

MyTel ဟာ စစ်တပ်အပိုင်ဖြစ်သလို MPT ကလည်း ဂျပန်နဲ့ဖက်စပ်ပေမယ့် အစိုးရက ကျောကန်ပေးထားတာဖြစ်လို့ ဒီ တယ်လီကွန်းနှစ်ခု အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေအတွက် စိတ်ချမရနိုင်ဘူးဆိုတာကတော့ အသေအချာပါပဲ။

 

ဘာလို့ဆို စစ်ကောင်စီက သူတို့ သံသယဖြစ်သူတွေရဲ့ ဖုန်းနံပါတ်တွေကို ခြေရာခံနိုင်သလို ဒီဖုန်းနံပါတ်နဲ့ ဖုန်းပြောတာ၊ စာပို့တာ၊ အင်တာနက်သုံးတာတွေ အားလုံးကိုလည်း ကြားဖြတ် နားထောင်၊ ဖတ်ရှုနိုင်ပါတယ်။

 

တယ်လီကွန်းကုမ္ပဏီတွေဟာ သူတို့ဝန်ဆောင်မှုကို အသုံးပြုသူတွေရဲ့ အချက်အလက်တွေ၊ ဖုန်းပြောတာတွေ၊ စာတိုပို့တာတွေကို အစိုးရက တောင်းတိုင်း အလွယ်တကူ ပေးလို့ မရသလို၊ ပေးခွင့်လည်း မရှိပါဘူး။

 

လူတယောက်ရဲ့ ပုဂ္ဂလိကဆိုင်ရာ အချက်အလက်တွေကို အဲ့ဒီလူမသိအောင် ကြားဖြတ်နားထောင်တာ၊ တိတ်တဆိတ်ကြည့်ရှုတာဟာ လူ့အခွင့်အရေးချိုးဖောက်တာပါပဲ။ ဒါပေမယ့် အာဏာရှင်က သေနတ်ထောက် ပြောလာရင်တော့ ဥပဒေဆိုတာလည်း မရှိတော့သလို လူ့အခွင့်အရေးဆိုတာကလည်း မြောင်းထဲ ရောက်သွားတော့မှာပါ။

 

Telenor Myanmar ကို ရောင်းချတာနဲ့ ပတ်သက်ပြီး Telenor ရဲ့ အမှုဆောင်အရာရှိချုပ် Sigve Brekke ပြောတာက "မေလကတည်းက ကျနော်တို့လုပ်ငန်းတွေ အထိနာခဲ့သလို အခက်အခဲတွေရှိခဲ့ပေမယ့် ဆက်ပြီး လည်ပတ်နိုင်ဦးမယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့်နောက်ပိုင်းမှာ ပိုပို ဆိုးလာတယ်" လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

 

ရောင်းမယ်လို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်း သုံးခုရှိပါတယ်။ တစ်ခုက ကျနော်တို့ ဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ ပြီးတော့ (ကျနော်တို့) လုပ်နိုင်တဲ့ လုပ်ပိုင်ခွင့်၊ နောက်တစ်ခုက ဥပဒေလေးစားလိုက်နာမှု ပေါ့သူက ဆိုပါတယ်။

 

ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက်လို့ ပြောပေမယ့် Telenor Myanmar က ဝန်ထမ်းတွေဟာ လုံခြုံရေးအတွက် ဘယ်လို စိုးရိမ်စရာတွေ ရှိခဲ့သလဲ၊ အခြေအနေတွေက ဘာတွေ ပိုဆိုးလာတာလဲ၊ စစ်ကောင်စီဟာ Telenor Myanmar အပေါ် ဘယ်လို ဖိအားတွေ ပေးခဲ့သလဲ၊ ဥပဒေလေးစားလိုက်နာမှု မရှိဘဲ ဘယ်လိုချိုးဖောက်မှုတွေ ရှိခဲ့သလဲဆိုတာတော့ သူက ပြောမသွားခဲ့ပါဘူး။

 

ကဲ... ဘွိုင်းကောက် သင့်/မသင့်ကတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြပါ မိတ်ဆွေများ။

You can treat me a cup of coffee.

wave

Press ESC to close